ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါက်တာဖေဉာဏ် - ဗိုလ်ချုပ်ကြီးတွေရဲ့အခါတော်ပေး အသတ်ခံရခြင်း
တိ/ကု ဆရာဝန်ဟောင်း သံဃာတစ်ပါး အသတ်ခံရလို့ပျံလွန်တဲ့ သတင်းက လူအများကြား လှုပ်လှုပ်ခတ်ခတ် မဖြစ်ခဲ့လိုက်ပါဘူး။
ဒါပေမဲ့ ဒေါက်တာဖေဉာဏ် တဖြစ်လဲ အရှင်ပညာဝံသ အသတ်ခံရတာက အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ အသိုင်းအဝိုင်းမှာတော့ အတော်လေးလှုပ်ခတ်တဲ့သတင်း ဖြစ်ခဲ့ပါတယ်။
သူက ဗိုလ်ချုပ်ကြီးနေဝင်းနဲ့သိကျွမ်းသူ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူ၊ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးလုပ်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ အဆက်အသွယ်ရှိခဲ့လို့ ထိပ်တန်းစစ်ခေါင်းဆောင်အဆက်ဆက်နဲ့ ပတ်သက်ခဲ့သူဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေကို အခါတော်ပေးခဲ့ရုံသာမကဘဲ မြန်မာလူထုရဲ့ ထုံးတမ်းစဥ်လာနဲ့ နေ့စဥ်ဘဝတွေကို ပုံဖော်နေတဲ့ မြန်မာပြက္ခဒိန်တွေရဲ့နောက်ကွယ်မှာ သြဇာကြီးမားသူအဖြစ် ဒေါက်တာဖေဉာဏ်က ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပါတယ်။
ဒေါက်တာဖေဉာဏ် ဘယ်သူလဲ
တနင်္သာရီတိုင်း၊ သရက်ချောင်းမှာမွေးတဲ့ မောင်ဖေဉာဏ်ဟာ အရှင်ပညာဝံသအဖြစ် ပျံလွန်တော်မူပြီး သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါရှိပြီ ဖြစ်ပါတယ်။
လူဘဝ၊ ရဟန်းဘဝစုံလင်တဲ့ သူ့ဘဝမှာ အငြင်းပွားဖွယ်ရာလည်း စုံလင်ပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ခေတ်မှာ ကြီးပြင်းတဲ့ ဒေါက်တာဖေဉာဏ်ဟာ ဆေးတက္ကသိုလ်တက်ဖို့အမှတ်မီပေမဲ့ တိရစ္ဆာန်တွေကို ချစ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်ဘဝကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
သူက စာတော်သူလို့ သူ့ကိုယ်သူကြွေးကြော်ပေမဲ့ တက္ကသိုလ်မှာ ဆယ်နှစ်နေခဲ့ရပါတယ်။
ကျွန်းဆွယ်အရေးအခင်းကြောင့် တက္ကသိုလ်တွေပိတ်ထားချိန်မှာ မဟာစည်ဆရာတော်ဘုရားကြီးဆီမှာ တရားသွားအားထုတ်နေခဲ့ပြီး မိုးကုတ်ဆရာတော်ဘုရားကြီးကိုလည်း ကြည်ညိုသူဖြစ်ပါတယ်။
သူ့ဘ၀ တလျှောက် ရဟန္တာတွေကိုလိုက်ရှာခဲ့သူဖြစ်ပြီး သံသရာဘေးကိုကြောက်လို့ ရဟန်းဝတ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒေါ်လှကြည်နဲ့ အိမ်ထောင်ကျပြီး သားတစ်ဦးရပြီးမှ အငြိမ်းစားယူပြီးချိန် သာသနာ့ဘောင်ဝင်တာဖြစ်ပါတယ်။
ရဟန်းဘ၀မှာ သူ့ကိုသူ "အရိယာ" လို့ ထုတ်ပြောလို့ မေးခွန်းထုတ်ခံရ၊ ဝေဖန်ခံရသူဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါက်တာဖေဉာဏ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာမရှိတာကတော့ သူ့ခေတ်သူ့အခါက ဗေဒင်နက္ခတ်မှာ လွှမ်းမိုးနိုင်မှုပါ။
ဒီကျွမ်းကျင်မှုက မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့မှာ ၁၂ နှစ်ကြာအောင် အတွင်းရေးမှူးလုပ်နိုင်ခဲ့အအထိ အထောက်အကူပြုခဲ့ပါတယ်။
"အဲဒီခေတ်က မဂ္ဂဇင်းတွေမှာပါတဲ့ ဗေဒင်တွေရော၊ ဗေဒင်စာအုပ်တွေအကုန် စိစစ်ရေးတင်ရတယ်။ ဒေါက်တာဖေဉာဏ်ဆီကပဲ ဖြတ်ရတာ" လို့ ဗေဒင်ဆရာတစ်ဦးက ပြောပါတယ်။
ဒီအချက်ကပဲ ဗေဒင်လောကအပေါ် ဒေါက်တာဖေဥာဏ် လွှမ်းမိုးစေနိုင်ခဲ့ပြီး စျေးကွက်ထဲရောက်နေတဲ့ ဗေဒင်စာအုပ်တွေ၊ ပြက္ခဒိန်တွေတောင် သူ့မှတ်ချက်နဲ့ သိမ်းယူနိုင်တဲ့အထိ အာဏာပြင်းခဲ့ပါတယ်။
နိုင်ငံတော်ပြက္ခဒိန်အကြံပေးအဖွဲ့ကထုတ်တဲ့ပြက္ခဒိန်တွေကို မူမှန်ပြက္ခဒိန်လို့ ခေါ်ဆိုပါတယ်။
မူမှန်ပြက္ခဒိန်ဟာ ဝါဆို၊ ဝါကပ်၊ လထပ်၊ ရက်ငင်တွေ အတွက်ရော ပြန်တမ်းဝင် ရုံးပိတ်ရက်တွေအတွက်ပါ လိုက်နာအသုံးပြုဖို့ အထူးအရေးပါတဲ့ လမ်းညွှန်မှုဖြစ်ပါတယ်။
မူမှန်ပြက္ခဒိန်ကို မကိုးကားဘဲ တခြားအစီအစဉ်နဲ့ ရေးဆွဲ ထုတ်ဝေတဲ့ ပြက္ခဒိန်တွေကိုတော့ မူကွဲ မူလွဲပြက္ခဒိန်တွေလို့ ဒေါက်တာဖေဉာဏ်တို့အဖွဲ့က ဆိုပါတယ်။
ဒေါက်တာဖေဉာဏ်ဟာ ပြက္ခဒိန်အကြံပေးအဖွဲ့ကိုမရောက်ခင်ကတည်းက အနောက်တိုင်း နက္ခတ်ပညာစာအုပ်တွေကို ရေးသားခဲ့ပြီး အရှေ့တိုင်းဗေဒင်ကျမ်းတွေကိုလည်း နှံ့စပ်သူဖြစ်ပါတယ်။
ထင်ရှားကျော်ကြားတဲ့ဆရာတော်ကြီးတွေရဲ့ဇာတာတော်တွေသာမက ရှေးမြန်မာမင်းများလက်ထက်က ပုဂ္ဂိုလ်ကျော်တွေရဲ့ ဇာတာတွေကိုပါ သူ့စာအုပ်တွေမှာ ဖော်ပြခဲ့ပါတယ်။
ဘာသာရေးလိုက်စားမှု၊ မျိုးချစ်စိတ်ထက်သန်မှုနဲ့ ဗေဒင် နက္ခတ်ကျွမ်းကျင်မှုတွေကပဲ တိရစ္တာန်ဆေးကုဆရာဝန်တစ်ယောက်ကို ဗိုလ်ချုပ်ကြီးတွေရဲ့ အခါတော်ပေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။
ဗိုလ်ချုပ်ကြီးတွေနဲ့ အကြောင်းပေါင်းသင့်
ဘာသာရေးလိုက်စားတာ၊ ရှေးမြန်မာဘုရင်တွေကို တမ်းတတာနဲ့ ဗေဒင်နက္ခတ်တွေအပေါ်ယုံကြည်သက်ဝင်တာစတဲ့ အခြေခံသဘောတရားတူညီမှုတွေက ဒေါက်တာဖေဉာဏ်နဲ့ စစ်ခေါင်းဆောင်တွေကို အကြောင်းပေါင်းသင့်စေခဲ့ပါတယ်။
သူက ဦးနေဝင်းနဲ့ မိသားစုနဲ့ ရင်းနှီးတယ်လို့ သူ့ဆီလာတဲ့ ဧည့်သည်တွေကို ဒေါက်တာဖေဉာဏ်က ထုတ်ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ အခါတော်ပေးတဲ့ ကိစ္စတွေကို သူတကယ်လုပ်ခဲ့ရတာကတော့ ဘုရားတည်၊ ကျောင်းဆောက်နဲ့ နိုင်ငံတော်စီမံကိန်းများစွာလုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာပါ။
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့အတွင်းရေးမှူးအဖြစ် နေ့ကောင်းရက်သာတွေကို အခါတော်ပေးခဲ့ရတာဖြစ်ပါတယ်။
"သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း ဗေဒင်နက္ခတ်တွေတတ်တဲ့အတွက် သူတို့ဆွေးနွေးတတ်ကြပါတယ်" လို့ အငြိမ်းစားယူထားတဲ့ အရာရှိကြီးတစ်ဦးက ပြောပါတယ်။
ဘုရားတည်၊ ကျောင်းဆောက်သာမက နိုင်ငံရေးနဲ့ဆိုင်တဲ့အကြံဉာဏ်တွေပါ တခါတလေအကြံပေးတတ်သူ ဒေါက်တာဖေဥာဏ်က ဗိုလ်ချုပ်တွေအကုန်လုံးနဲ့ ပြေလည်သူတော့ မဟုတ်ပါဘူး။
"နိုင်ငံရေးရာထူးပေးတဲ့ကိစ္စမျိုးတွေမှာပါ အကြံဝင်ပေးတတ်ပါတယ်" လို့ သမ္မတရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသိန်းညွန့်နဲ့ ဒေါက်တာဖေဉာဏ်တို့ သမ္မတဦးသိန်းစိန်ရှေ့မှာပဲ အချေအတင်စကားများခဲ့ကြဖူးတယ်လို့ အဲဒီသတင်းအရင်းအမြစ်ကပြောပြီး ဒေါက်တာဖေဉာဏ် ကိုယ်တိုင်လည်း အင်တာဗျူးတချို့မှာ ဒီရန်ပွဲအကြောင်းထုတ်ပြောပါတယ်။
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့မှာသူလုပ်တုန်းက ယဥ်ကျေးမှုဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်( နောင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ) နဲ့ အဆင်မပြေဖြစ်ပြီး မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကနေ ထွက်ခဲ့ရတယ်လို့ သူ့ဆီလာတဲ့ဧည့်သည်တွေကို ပြောပြတတ်ပါတယ်။
ဒါပေမဲ့ ဦးသိန်းစိန်သမ္မတဖြစ်လာတဲ့အခါ သူ့ကိုပြန်ခေါ်ခဲ့ပြီး အကြံပေးတစ်နေရာပေးခဲ့တာဖြစ်ပါတယ်။
နေပြည်တော်မှာ ဦးသိန်းစိန်လက်ထက်ကတည်ထားတဲ့ ဗုဒ္ဓဂါယာပုံတူစေတီတော်တွေကို အခါတော်ပေးတဲ့အထဲ ဒေါက်တာဖေဉာဏ်က အဓိကပါဝင်ခဲ့ပါတယ်။
"သူ့ဆီကို ဦးသန်းရွှေခေတ်နှောင်းပိုင်းနဲ့ ဦးသိန်းစိန်ခေတ်က လူကြီးဖြစ်ခဲ့တဲ့သူတွေအသွားများကြတယ်" လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။
ဦးမင်းအောင်လှိုင်လည်းပါ
ဒေါက်တာဖေဉာဏ်ဆီသွားကြတဲ့အထဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်ပါတယ်။
ဦးမင်းအောင်လှိုင်က ထားဝယ်ဇာတိဖြစ်ပြီး ဒေါက်တာဖေဉာဏ်က သရက်ချောင်းဖြစ်လို့ ဒေသနီးရင်းစွဲလည်း ရှိကြပါတယ်။
ဘုရားတည်၊ ထီးတော်တင် သာမက တိုင်းပြုပြည်ပြု ဆောင်ရန်၊ ရှောင်ရန်နဲ့ အကြီးအကဲဆောင်ရန် ရှောင်ရန်တွေကို ဒေါက်တာဖေဉာဏ်က ရဟန်းဝတ်နဲ့ပဲ အကြံဥာဏ်ဆက်ပေးတဲ့အကြောင်း ၂၀၂၁ အာဏာသိမ်းအုပ်ချုပ်ရေးမှာပါခဲ့တဲ့ အရာရှိကြီးတစ်ဦးက ပြောပါတယ်။
"ဘုရား တရား ယတြာပဲပေးတယ်။ ဓာတ်၊ နတ် ယတြာမပေးဘူး။ ဘုရား တရားနဲ့မဆိုင်တဲ့ ယတြာမပေးဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဒါက အာဏာသိမ်းကာလအစောပိုင်းမှာပဲဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခါတော်ပေးအဖြစ် ဆက်မသုံးတော့ဘူး လို့ သိရပါတယ်။
"ဆရာတော်က အမှန်တွေလည်းပြောတယ်၊ တည့်တိုးလည်းပြောတာများတော့ ဗိုလ်ချုပ်မှူးကြီးက နောက်ပိုင်းမှာမသွားတော့ဘူး။ ဒါပေမဲ့ ဆက်တော့ လှူပါတယ်" အဲဒီအရာရှိကြီးက ဆက်ပြောပါတယ်။
ဒေါက်တာဖေဉာဏ် တဖြစ်လဲ အရှင်ပညာဝံသဟာ တည့်တိုးပြောတတ်လေ့ရှိသူဖြစ်ပြီး တခါတလေသူပြောတဲ့ စကားတွေက အစွန်းရောက်တယ်လို့ ကြုံဖူးသူတချို့က သူတို့အမြင်ကို ပြောပါတယ်။
"ဥပမာ - ဘာသာပေါင်းစုံညီညွတ်ရေးဆိုတာ ဗုဒ္ဓဘာသာကိုဖျက်ဆီးတာပဲ တို့၊ လူငယ်တွေယဥ်ကျေးစေချင်ရင် အင်္ဂလိပ်စာလျှော့သင် တို့ ဆိုတာမျိုးတွေပေါ့၊ ဆရာတော်က အဲဒီလိုမျိုးတွေလည်း မိန့်တတ်တယ်" လို့ သွားရောက်ဖူးမျှော်ဖူးသူတချို့က ပြန်ပြောပြပါတယ်။
အငြင်းပွားဖွယ်ရာတွေရှိနေပေမဲ့ ဒေါက်တာဖေဉာဏ်တစ်ယောက် စစ်ခေါင်းဆောင်အဆက်ဆက်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ နိုင်ငံတော်အဆင့် အကြံပေး၊ အခါတော်ပေးအဖြစ် ဘာကြောင့် လုပ်နိုင်ခဲ့တာပါလဲ။
နိုင်ငံတော်အာဏာကို နေ့စဉ်ဘဝတွေထဲအထိ ချဲ့ထွင်ဝင်ရောက်စေခြင်း
အစိုးရအဆက်ဆက် ဗေဒင်နဲ့ နက္ခတ္တဗေဒကို အသုံးချပြီး လူတွေကို ထိန်းချုပ်လွှမ်းမိုးဖို့ ကြိုးစားခဲ့တဲ့နေရာမှာ ဒေါက်တာဖေဉာဏ်တို့လို လူတွေက အသုံးကျ အရေးပါလာခဲ့ပါတယ်။
ဒီအကြောင်းကို ဒေါက်တာအမရသီဟက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာထုတ်ဝေတဲ့ "အစီအရင်တွေနဲ့တည်ဆောက်ထားတဲ့ တိုင်းပြည်" လို့ အမည်ပေးထားတဲ့သူ့ရဲ့ ပါရဂူကျမ်းမှာ အသေးစိတ်ထည့်ရေးပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်မှာ နိုင်ငံတော်ရဲ့ သဘောတရားရေးရာကို ထောက်ခံအားပေးဖို့ လူထုကို သိသိသာသာဖိအားမပေးတော့ဘဲ ဇာတာခွင်တွေ၊ အခါကောင်း ရက်ကောင်းတွေနဲ့ ယတြာချေတာတွေကတဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပုံမှန်ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးပုံဖော်ခဲ့တယ်လို့ သူက ပြောပါတယ်။
နိုင်ငံတော်က တရားဝင် ထုတ်ဝေသတ်မှတ်ပေးထားတဲ့ အခါတော်ပေး ပြက္ခဒိန်တွေ ဟာ လူတွေရဲ့ နေ့စဉ် လုပ်ငန်းတွေဖြစ်တဲ့ မင်္ဂလာရက်မြတ်၊ အိမ်တိုင်ထူမယ့်ရက်ရွေးတဲ့နေရာကစပြီး ယတြာချေတာအထိ လွှမ်းမိုးမှု ရှိစေပြီး ဗေဒင်စံတစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။
ကိုးဂဏန်းတွေနဲ့ ထုတ်ဝေခဲ့တဲ့ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေ ထုတ်ဝေခဲ့တာက ဦးနေဝင်းဟာ သူယုံကြည်တဲ့ စကြဝဠာအယူအဆကို လူထုရဲ့နေ့စဉ်ဘဝနဲ့ ပတ်သက်စေခဲ့တာဖြစ်ပါတယ်။
မဆလအစိုးရဟာ အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ပေမမဲ့ နောက်တက်လာမယ့် စစ်အစိုးရတွေအတွက်တော့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ အသုံးပြုရမယ့် ယန္တရားတစ်ခုအဖြစ် ချန်ထားနိုင်ခဲ့တယ်လို့ ဒေါက်တာအမရသီဟ က ပြောပါတယ်။
ဒီအခင်းအကျင်းတွေကပဲ ဒေါက်တာဖေဉာဏ်တို့လို ဗေဒင်၊ နက္ခတ်ကျွမ်းကျင်သူတွေအတွက် နိုင်ငံတော်အဆင့်အထိ အရေးပါလာစေတာဖြစ်ပါတယ်။
ဗေဒင်တွက်တဲ့ စစ်ဗိုလ်တွေ
နဝတနဲ့ နအဖ စစ်အစိုးရတွေဟာ ဘုရားတည်ခြင်း၊ ဗုဒ္ဓဘာသာမင်းတွေရဲ့ အစဉ်အလာကို အသုံးချခြင်းနဲ့ ဗေဒင်ဆရာတွေကို နေရာပေးခြင်းတွေကို ယုံကြည်မှု သက်သက်သာ မဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာပါ မဟာဗျုဟာကျကျ လုပ်လာခဲ့ကြတယ်လို့ ဒေါက်တာအမရသီဟက ပြောပါတယ်။
မဆလအစိုးရထဲ မှာရှိတဲ့ ဗေဒင်ပညာ စိတ်ဝင်စားတဲ့ အရာရှိကြီးတွေဟာလည်း နက္ခတ်ကိုအခြေခံတွက်ချက်တဲ့ အသိပညာတွေ အားသာခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ နက္ခတ်တာရာမှန်ပြောင်းက ရန်ကုန်က ရေတပ်စခန်းဌာနချုပ်မှာ တစ်ခုနဲ့ ပြင်ဦးလွင်၊ စစ်တက္ကသိုလ်မှာ တစ်ခုပဲရှိတာ ဖြစ်ပါတယ်။
နက္ခတ်ပညာကို လေ့လာခွင့်ရတဲ့ အရာရှိကြီးတွေ ဟာ ဗေဒင်ပညာကိုပါ တဆက်တည်းလေ့လာခဲ့ကြပါတယ်။
စစ်ဘက် ကြီးကြပ်မှုအောက်မှာ နက္ခတ္တဗေဒ (astronomy) နဲ့ ဗေဒင်ပညာ (astrology) တို့ကို ပေါင်းစပ်ထားတဲ့ တွက်ချက်မှု အခြေခံဗေဒင်ပညာကို နိုင်ငံတော်အသိအမှတ်ပြု လုပ်ငန်းတွေမှာ ထည့်သွင်းပြီး ဆုံးဖြတ်ချက်ချတာတွေ လုပ်ခဲ့ကြပါတယ်။
ဒီလိုပဲ ဝါသနာတူ အရာရှိကြီးတွေ ကတဆင့် ပညာ လက်ဆင့်ကမ်းလာမှုဟာ စစ်ဘက်အရာရှိတွေကြားမှာဗေဒင်ပညာဟာ ပြဌာန်းစာအုပ်ထဲ မပါပေမဲ့ အရေးပါတဲ့ပညာရပ်တစ်ခုဖြစ်လာခဲ့တယ်လို့ ဒေါက်တာအမရက ပြောပါတယ်။
ဗေဒင်တွက်တာတော်ကြတဲ့စစ်ဗိုလ်ချုပ်တွေထဲမှာ လူသိများကြတဲ့ သမ္မတရုံးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့လည်း ပါဝင်ပါတယ်။
လုပ်ကြံခံရမယ့် ဇာတာပါ
သမ္မတဦးသိန်းစိန်လက်ထက်မှာပဲ လူဝတ်ကြောင်ကို စွန့်ခွာသွားတဲ့ ဆရာတော်ဦး ပညာဝံသဟာ မှော်ဘီမှာ စန္ဒကူးမြိုင် သာသနာ့ ရိပ်သာကို တည်ထောင်ပြီး သီတင်းသုံးခဲ့ပါတယ်။
ဧက ၃၀ ကျော် ကျယ်ဝန်းတဲ့ ရိပ်သာဝန်းထဲကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေမကြာခဏလာတတ်တာကို ရပ်ကွက်က သတိထားမိခဲ့ပါတယ်။
ဇာတာတွက်တာ တဘက်ကမ်းခပ်တဲ့ ဒေါက်တာဖေဥာဏ်က သူ့ဇာတာဟာ လုပ်ကြံခံရမယ့်ဇာတာပါတယ်ဆိုတာ ပြောခဲ့ဖူးကြောင်း တပည့်ဖြစ်သူက ဦးရန်နိုင်သိန်းက ပြန်ပြောပြပါတယ်။
ဇူလိုင် ၉ ရက်ထုတ် TREND ဂျာနယ်နဲ့ သီးသန့်အင်တာဗျူးမှာ ထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။
"နေပြည်တော်တည်ဆောက်ရေးမှာ ဆရာပါတယ်။ ဒါပေမဲ့ ဆရာက နိုင်ငံတော်အဆင့်ကိစ္စတွေကို ပြောပြလေ့မရှိဘူး" လို့ နှစ်ပေါင်း ၃၀ ကျော်ကြာ သိကျွမ်းခဲ့တဲ့ ဦးရန်နိုင်သိန်းက ပြန်ပြောပြပါတယ်။
ဇူလိုင် ၂ နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆရာတော်ဦးပညာဝံသ အသတ်ခံရမှုကို လူသတ်မှုအဖြစ် ရဲက သံသယရှိပြီး အပူတပြင်းစုံစမ်းနေကြပါတယ်။
အဲဒီနေ့က ပြက္ခဒိန်မှာ ပြဿဒါးမဟုတ်ခဲ့ပေမဲ့ ဒေါက်တာဖေဉာဏ်တဖြစ်လဲ ဦးပညာဝံသအတွက်တော့ ကံမကောင်းတဲ့ ရက်တစ်ရက်ဖြစ်ခဲ့ပါတယ်။