တရုတ်-မြန်မာ နယ်စပ်မျဉ်းတွေ ရွေ့နေလား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်တုန်းက မြန်မာ-တရုတ်နယ်စပ်မှာ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာမှုတွေပူးတွဲလုပ်ဆောင်ခဲ့တဲ့ ဖြစ်စဥ်များစွာရှိခဲ့ပါတယ်။

မိုင်ပေါင်း ၁,၃၀၀ ကျော်ရှည်လျားပြီး မကြာခဏ အငြင်းပွားလေ့ရှိတဲ့ တရုတ်-မြန်မာနယ်စပ်မှာ နယ်မြေကျူးကျော်မှုတွေ လုပ်နေတယ်ဆိုတဲ့ ပြောဆိုသံတွေ ဒီနှစ်ထဲမှာ ဒေသခံတွေကြား တကျော့ပြန်လာပါတယ်။

တရုတ်နယ်စပ်အခြေစိုက် ကိုးကန့်တပ် MNDAA နဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ ပိုင်နက်ကျူးကျော်ခံနေရတယ်ဆိုတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ပေါ်ထွက်လာပါတယ်။

အရင်က နယ်စပ်ပြဿနာတွေတက်ရင် တရုတ်သံအမတ်ကို နေပြည်တော်က ဆင့်ခေါ်ပြီးသံတမန်နည်းအရဖြေရှင်းခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာတော့ အခြေအနေတွေပြောင်းလဲသွားပါပြီ။

ဘယ်နေရာတွေမှာ အငြင်းပွားမှုတွေဖြစ်နေလဲ

တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က နယ်မြေကျူးကျော်ခံနေရတယ်ဆိုတဲ့ ဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံ ၅ ဦးထက်မနည်းကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နဲ့ ကြူကုတ်(ပန်ဆိုင်း)၊ "ဝ"တပ်-UWSA ထိန်းချုပ်တဲ့ နမ့်တစ်ဒေသတွေရဲ့ နယ်စပ်တွေမှာ တရုတ်ဘက်က ခြံစည်းရိုးတွေ အခိုင်အမာ ရှေ့တိုးခတ်လာတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

ချင်းရွှေဟော်နဲ့ နမ့်တစ်ဒေသတွေမှာ နယ်စပ်ဂိတ်အသစ်ဆောက်တာ၊ ပြုပြင်တာတွေနဲ့အတူ နယ်စပ်ခြံစည်းရိုးကိုပါ မြန်မာပိုင်နက်ထဲတိုးပြီး အခိုင်အမာခတ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကတည်းက ချင်းရွှေဟော်မှာ နှစ်နိုင်ငံ နယ်နိမိတ်စည်းကို ကျော်ပြီး ခြံစည်းရိုးအသစ်တစ်ခု အခိုင်အမာထပ်ခတ်လိုက်ပြီလို့ ဒေသခံ ၂ ဦးနဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးတို့က အတည်ပြုပါတယ်။

ခြံစည်းရိုးအသစ်ကို အမှတ် ၁ ရပ်ကွက်၊ ဈေးတစ်ခုရဲ့ အနီးတဝိုက်မှာ ထပ်ခတ်လိုက်တာလို့ ချင်းရွှေဟော်ဒေသခံတစ်ဦးက ဆိုပါတယ်။

"၂ လလောက်ပဲရှိသေးတယ်။ ခြံစည်းရိုးအဟောင်းကို ကျော်ပြီး သံဆူးကြိုး၊ သံဆန်ခါတွေနဲ့ခြံစည်းရိုးအသစ်ကို အခိုင်အမာ ရှေ့တိုးခတ်လာတာ။ ပေ ၁၀၀ မကဘူး၊ ရှေ့ရောက်လာတယ်" လို့ သူက ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်ဟာ ချင်းရွှေဟော်မြို့ကနေ ကြည့်မယ်ဆိုရင် မြောက်ဘက်ခြမ်း၊ လောက်ကိုင်မြို့ဘက်တက်တဲ့လမ်းမပေါ်မှာ ရှိတယ်လို့ သိရပါတယ်။

ခြံစည်းရိုးအသစ်ခတ်လိုက်တာကြောင့် မြန်မာဘက်ခြမ်းမှာရှိတဲ့ ကုန်တွေသိုလှောင်တဲ့ ဂိုဒေါင်နဲ့ အိမ်တချို့ကလည်း တရုတ်ပိုင်တဲ့ဘက်ခြမ်းကို ရောက်သွားတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

"အရင်ကဆို တိုက်တန်းလိုမျိုးရှိတယ်။ အဲဒီတိုက်တွေလည်း အကုန်ဖျက်လိုက်ပြီ။ ခြံစည်းရိုးက အရင်က တော်တော်လှမ်းတယ်။ အခုတော့ ခြံစည်းရိုးက လူနေရပ်ကွက်ဘေးအထိ ရောက်လာပြီး အလံတွေပါ ရွှေ့ပြီးလာထောင်ထားတာ" လို့ ရပ်ကွက် ၁ မှာနေထိုင်တဲ့ ချင်းရွှေဟော် မြို့ခံ တစ်ဦးက ရှင်းပြပါတယ်။

ဒီခြံစည်းရိုးခတ်မှုကို ကိုးကန့်တပ်(MNDAA) ကပဲ လုပ်ဆောင်ခဲ့တာလို့ သိရပြီး တရုတ်နဲ့ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်တို့ကြား နှစ်ဖက်သဘောတူညီမှုနဲ့ လုပ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ခြံစည်းရိုးခတ်လိုက်တဲ့ တစ်ချိန်တည်းမှာပဲ ကိုးကန့်တပ်က နယ်စပ်ဂိတ်အသစ် ဆောက်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

"ဂိတ်အသစ်က အရပ်အခေါ် (ဆီဆိုင်) အရှေ့ဘက်ခြမ်းမှာ ဆောက်နေတာ" လို့ သူက ဖြည့်ပြောပါတယ်။

ကိုးကန့်တပ်(MNDAA)နဲ့ နီးစပ်သူတစ်ဦးကတော့ ခြံစည်းရိုးအသစ်တိုးခတ်နေတာ မဟုတ်ဘူးလို့ ငြင်းဆိုပြီး နယ်စပ်လမ်းပန်းဆက်သွယ်ရေးအတွက် ချင်းရွှေဟော် နယ်စပ်ဂိတ်အသစ် ထပ်ပြီးဆောက်နေတာလို့ ဘီဘီစီကို မေလ ၇ ရက်မှာ တုံ့ပြန်ပြောပါတယ်။

ဂိတ်အဟောင်းရှိတဲ့ လမ်းပိုင်းက ကျဉ်းတာကြောင့် ကုန်ကားတွေပိတ်ပြီး ဖြတ်သန်းမှုနှောင့်နှေးတဲ့အတွက် ဂိတ်အသစ် ထပ်ဆောက်နေတာလို့ သူကပြောပြီး ဂိတ်အသစ်ကို ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်လာအောင် လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်အသစ်မှာ တရုတ်ဘက်ခြမ်းက အားလုံးဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး မြန်မာဘက်ခြမ်းမှာတော့ ကိုးကန့်တပ်ဘက်က ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့သူတစ်ဦးက အတည်ပြုပြောပါတယ်။

အလားတူ "ကုန်သွယ်ဇုန်အတွက် လိုအပ်တဲ့ အဆောက်အဦတွေကိုလည်း ထပ်ဆောက်ဖို့ရှိတယ်"လို့ သိရတဲ့အကြောင်း သူက ဖြည့်ပြောပါတယ်။

ချင်းရွှေဟော်ရဲ့ မူလနယ်စပ် ကုန်သွယ်ရေးဂိတ်ကတော့ ချင်းရွှေဟော်နဲ့ တဆက်တည်းက နမ့်တစ်မြို့ကို သွားတဲ့ လမ်းဘက်ခြမ်းမှာရှိပါတယ်။

နယ်စပ်ဂိတ်အသစ်ဆောက်ဖို့အတွက် ကိုးကန့်တပ်က ချင်းရွှေဟော်ဒေသထဲက ကုန်သွယ်ရေးလုပ်မယ့် လမ်းမတွေကိုလည်း တိုးချဲ့ထားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

ကုန်သွယ်ရေးဂိတ်အသစ်ကနေ မြန်မာဘက်ဝင်လာမယ့် လမ်းကြောင်းဟာ ချင်းရွှေဟော်-ကွမ်လုံကနေ သိန္နီမြို့အထိ ကုန်သွယ်ရေးလမ်းပေါက်ပြီး လမ်းတလျှောက်လုံး ကိုးကန့်တပ်ကထိန်းချုပ်ထားပါတယ်။

"ဝ"တပ်ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့ကလည်း ဒီလမ်းကြောင်းပေါ်မှာပဲ ရှိနေပြီး တရုတ်နယ်စပ်မြို့ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ်က လောက်ကိုင်-ချင်းရွှေဟော် ဒုတိယအဆင့်လမ်းမကြီးကို ၂၀၂၆ ဇန်နဝါရီလကတည်းက ဖောက်လုပ်နေပြီး ပြီးစီးတော့မယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလမ်းမကြီးဟာ ကီလိုမီတာ ၃၀ ခန့် ရှည်ပြီး ဒေသတွင်း ခရီးသွားလာရေး၊ ကုန်စည်ပို့ ဆောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ရည်ရွယ်ပြီးဖောက်လုပ်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် ချင်းရွှေဟော် နယ်စပ်ဂိတ်အသစ်နဲ့ လောက်ကိုင်-ချင်းရွှေဟော် ဒုတိယလမ်းမကြီး စီမံကိန်းတွေပါ အကောင်အထည်ပေါ် ပြီဆိုရင် ကိုးကန့်တပ်အနေနဲ့ သူထိန်းချုပ်ရာ ဒေသတွေထဲ လောက်ကိုင်ရော ချင်းရွှေဟော် ဂိတ် ၂ ခုလုံးကနေ ကုန်စည်တွေ မြန်မြန်ဆန်ဆန် စီးဝင်လာမယ့်သဘောဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ဂိတ်အသစ်ကြောင့် နေအိမ်နဲ့ ဆိုင်တချို့ ဖယ်ပေးလိုက်ရတဲ့ ဒေသခံတွေလည်းရှိသလို နယ်စပ်ဂိတ်နဲ့အတူ ခြံစည်းရိုးတိုးခတ်တာပါ တပြိုင်နက်တည်း လုပ်ပေးလိုက်ရတာဟာ ကိုးကန့်တပ်အနေနဲ့ တရုတ်အပေါ် မလွန်ဆန်နိုင်ပုံရတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ချင်းရွှေဟော် ဒေသခံတစ်ဦးကတော့ "မြေကျူးတာကို ရှေ့လျှောက်ဒီထက်ပိုတိုး ဆက်လုပ်လာမှာ စိုးရိမ်ရတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) က မြို့တချို့မှာ အုပ်စိုးသူအပြောင်းအလဲဖြစ်ခဲ့ပြီး ဒုတိယအကြီးဆုံးနယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်ကုန်သွယ်ဂိတ်အပြင် မြို့ကိုပါ ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ခဲ့ပါတယ်။

ချင်းရွှေဟော်နဲ့ ကြူကုတ်(ပန်ဆိုင်း) စတဲ့ဒေသတွေကို ကိုးကန့်တပ်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်းမှာပဲ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ချင်းရွှေဟော်ကိုတော့ ကိုးကန့်က သူ့ရဲ့ အထူးဒေသ ၁ ထဲမှာ ထည့်သွင်းအုပ်ချုပ်နေပါတယ်။

ချင်းရွှေဟော်ဒေသဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်မှုဗဟိုချက်နေရာထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ လင်းချန်းခရိုင်ထဲက မိန့်တိန်းမြို့နဲ့ ထိစပ်နေတာဖြစ်ပါတယ်။

"ဝ" ဒေသ ဘက်မှာလည်းဖြစ်နေ

"ဝ"တပ်ရုံးစိုက်တဲ့ နမ့်တစ်မြို့မှာလည်း တရုတ်ဘက်ခြမ်းက နယ်စပ်ဂိတ်နေရာကို ရှေ့ထပ်တိုးလာတယ်လို့ ကုန်သည်တချို့နဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ထုတ်ပြောပါတယ်။

တရုတ်အခေါ် မန်ခါးနယ်စပ်ဂိတ်ရဲ့ တရုတ်ဘက်ခြမ်းမှာဆောက်ထားတဲ့ မုခ်ဝက နဂိုမူလ နေရာထက်အရှေ့ကို ပိုတိုးလာတာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရုတ်က မုခ်ဝအသစ် ထပ်ဆောက်လိုက်တာ လို့ သူက ရှင်းပြပါတယ်။ တရုတ်ဘက်က နယ်စပ်စည်းမျဉ်းကျော်ပြီး ခြံစည်းရိုးခတ်နေတဲ့ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံလာပြီးနောက် ဝ တပ်ဖွဲ့က နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ "ဝ"သတင်းတွေကို ဖော်ပြနေတဲ့ Wa News Land သတင်းဌာနကနေ မေလ ၆ ရက်မှာ ဖော်ပြပါတယ်။

"ဝ" ပြည်နယ် တရားရေးကော်မရှင်ကနေ ခရိုင်တွေနဲ့ အထူးဒေသတွေကို ညွှန်ကြားပြီး နယ်စပ်တစ်လျှောက် စောင့်ကြည့်မှုတွေကို အထူးတင်းကြပ်ခဲ့တယ်လို့ Wa News Land မှာ ရေးသားထားပါတယ်။

အလားတူ အရေးကြီးလမ်းပိုင်းတွေကို ကင်းလှည့်စောင့်ကြပ်တာတွေလည်း ၂၄ နာရီကြာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်နဲ့ "ဝ"တပ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ မြန်မာပိုင်နက်ထဲအထိ ခြံစည်းရိုးအသစ်နဲ့ ကုန်သွယ်မုခ်ဝတွေ တိုးဝင်လာတဲ့အပေါ် တပ်နှစ်ခုလုံးက လူသိရှင်ကြား ထုတ်ပြောတာ မရှိသေးပါဘူး။

မန်ခါးဂိတ်ဘက်က တရုတ်ရဲ့ မုခ်ဝ ရှေ့တိုးလာတာနဲ့ ပတ်သက်လို့ တရုတ်နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးရှိ မရှိ "ဝ"တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဇွန်လဆန်း အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နမ့်တစ်ဒေသဟာ ချင်းရွှေဟော်ဒေသလိုပဲ တရုတ်၊ ယူနန်ပြည်နယ် လင်ချန်းမြို့နယ်ထဲက မန်ခါးဒေသနဲ့ထိစပ်နေတာဖြစ်ပြီး နမ့်တစ်ချောင်းပဲ ခြားထားတာဖြစ်ပါတယ်။

ပန်ဆိုင်းမှာ ချောင်းရွေ့သွားခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ထဲက ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ကြူကုတ်(ပန်ဆိုင်း) ဘက်မှာလည်း တရုတ်ရဲ့ ခြံစည်းရိုးတိုးခတ်မှုကြောင့် ဒီနှစ် ၂၀၂၆ ခုနှစ်ထဲမှာပဲ မြန်မာပိုင်နက်ထဲက ချောင်းတစ်ခု တရုတ်ပိုင်နက်ထဲ ရောက်သွားတယ်လို့ ကြူကုတ်ဒေသခံ ၂ ဦးက ဘီဘီစီကိုပြောပါတယ်။

ကြူကုတ်နဲ့ တရုတ်နယ်စပ်မှာ "ခြံစည်းရိုးက နှစ်ခုဖြစ်နေတယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက တရုတ်ဘက်က သံတိုင်၊ သံဆူးကြိုးအသစ်တွေနဲ့ ခြံစည်းရိုးအသစ် စလုပ်ခဲ့တာလို့ သူတို့က ရှင်းပြပါတယ်။

ကြူကုတ် နယ်စပ်မှာရှိတဲ့ "ရေချောင်းက မြန်မာဘက်ကပိုင်တာ၊ အခု အဲဒီချောင်းက တရုတ်ပိုင်နက်ထဲ ရောက်သွားပြီ။ မြေနံရံနဲ့ လမ်းပါဖောက်လုပ်ထားတယ်"လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

ဒီလို ခြံစည်းရိုးတိုးခတ်ရတာဟာ တရုတ်အနေနဲ့ နယ်စပ်က ဒေသခံလူထုတွေအတွက် အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးတာဖြစ်တယ်လို့ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်နဲ့ နီးစပ်သူတချို့က အသံလွှင့်ထားတဲ့အကြောင်းသူက ဖြည့်ပြောပါတယ်။

အရပ်သားအစိုးရတွေလက်ထက်ကတည်းက ကြူကုတ်ပန်ဆိုင်း မှာ မြန်မာ-တရုတ်နယ်နိမိတ် မှတ်တိုင်ကို ပူးတွဲကွင်းဆင်း စစ်ဆေးတာတွေ လုပ်ခဲ့ဖူးပါတယ်။

အခုချဲ့ထွင်လာတဲ့နေရာက အရင်တုန်းက ပူးတွဲစစ်ဆေးခဲ့တဲ့နေရာလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

ဒါ့အပြင် ရေချောင်းတောက်လျှောက်က ခြံစည်းရိုးအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ မြန်မာဘက်က ဒေသခံတချို့ရဲ့ ခြံတွေထဲအထိ ရောက်နေပြီလို့ ဒေသတွင်း သတင်းမီဒီယာတချို့မှာလည်း ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ်။

ဒေသခံတချို့ရဲ့ တိုင်းတာချက်အရ တရုတ်ဘက်က တိုးခတ်လာတဲ့ ခြံစည်းရိုးအသစ်ဟာ မူလ ခြံစည်းရိုးအဟောင်းနဲ့ ပေ ၁၀၀ ဝန်းကျင်ထက်မနည်း မြန်မာရဲ့ပိုင်နက်ထဲ ရောက်လာပြီလို့ သိရပါတယ်။

ကြူကုတ်(ပန်ဆိုင်း)ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရဲ့ မြို့နယ်ခွဲဖြစ်တဲ့ ဝမ်တိန်မြို့နဲ့ ထိစပ်နေပြီး တရုတ်နဲ့ ဝမ်တိန်ချောင်းတစ်ခုသာခြားပြီး နှစ်နိုင်ငံဆက်သွယ်ထားတဲ့ ကြူကုတ်-ပန်ဆိုင်း ချစ်ကြည်ရေးတံတားလည်းရှိပါတယ်။

ဘဘစစ်ဆင်ရေး

တရုတ်-မြန်မာကြား နယ်နိမိတ်ပိုင်းခြားနိုင်ရေးကိုတော့ မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ချိန် သီပေါမင်းပါတော်မူပြီးနောက် ၁၈၈၆ ခုနှစ်ကတည်းက ဗြိတိသျှနဲ့ တရုတ်အာဏာပိုင်တွေ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

ဦးနေဝင်းလက်ထက်ရော ဦးနုအစိုးရလက်ထက်မှာပါ တရုတ်-မြန်မာနယ်နိမိတ်စာချုပ်လက်မှတ်ရေးထိုးဖို့အတွက် တရုတ်နိုင်ငံ၊ ဘေကျင်းကို သွားခဲ့ကြပါတယ်။

၁၉၅၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဘဘစစ်ဆင်ရေးနဲ့ နယ်နိမိတ်တိုင်းတာသတ်မှတ်ခဲ့ပါတယ်။

မှတ်တိုင်ပေါင်း (၁ဝ၆) တိုင်ကို ၁၉၈၅ - ၈၆ ခုနှစ်မှာ ပထမအကြိမ် ပူးတွဲစစ်ဆေးပြီး လိုအပ်တဲ့ထပ်တိုးမှတ်တိုင်တွေစိုက်ထူခဲ့ကြတယ်လို့ မြေစာရင်းမှတ်တမ်းတွေအရသိရပါတယ်။

၁၉၉၃-၉၄ ခုနှစ်မှာ မှတ်တိုင်ပေါင်း (၄၉၈) တိုင်ကို ဒုတိယအကြိမ် ပြန်လည် စစ်ဆေးခဲ့ကြပါတယ်။

အဲဒီနှစ်ထဲမှာပဲ (၁၃၈၄) မိုင် ရှည်လျားတဲ့ မြန်မာ-တရုတ်နယ်နိမိတ်တစ်လျောက်လုံးကို မြေပြင်ထိန်းမှတ်တွေ ချမှတ်တိုင်းတာပြီး ကောင်းကင် ဓာတ်ပုံရိုက်ကူးကာ မြေပုံရေးဆွဲခဲ့ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ရေးဆိုပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ နှစ်နိုင်ငံအာဏာပိုင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီလိုချုပ်ဆိုပြီးနောက်မှာလည်း ၂၀၀၀ ပြည့်နှစ်တွေအတွင်း တရုတ်နဲ့ မြန်မာကြား နယ်နိမိတ်အငြင်းပွားမှုတွေ ဆက်ရှိခဲ့ပါတယ်။

တရုတ်ဩဇာသက်ရောက်မှု

၂၀၁၈ ခုနှစ်မှာပဲ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မူဆယ်မြို့ ဆင်ဖြူပေါက်နဲ့ ၂၀၁၉ ခုနှစ်မှာတော့ ချင်းရွှေဟော်ဒေသ အမှတ် ၂ ရပ်ကွက်က နယ်နိမိတ်ကျောက်တိုင် BP/144 နဲ့ 144/4 ကြား စတဲ့နေရာတွေမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။

နယ်နိမိတ်ပြဿနာထဲ အမြင်သာဆုံးအခြေအနေတစ်ခုကတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့အားကောင်းခဲ့တဲ့ ၂၀၂၀ ခုနှစ်ပဲ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါမကူးစက်စေဖို့ဆိုပြီး လောက်ကိုင်မြို့နယ်နဲ့ တရုတ်နယ်နိမိတ်အနီးမှာ တရုတ်ဘက်က တစ်ဖတ်သတ်ခြံစည်းရိုးခတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

နယ်နိမိတ်ကျောက်တိုင်အနီး BP-131 အနီးမှာ မီတာ ၂၀၀ ရှည်ပြီး အမြင့် ၆ ပေမြင့်တဲ့ ခြံစည်းရိုးကို မြန်မာပိုင်နက်ထဲက ပြောင်းဖူးခင်းထဲ လာခတ်ခဲ့တာကြောင့် မြန်မာဘက်ကလည်း ကွင်းဆင်းစစ်ဆေးတိုင်းတာမှုတွေလုပ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ တရုတ်ဘက်ကတော့ မြန်မာမှာ ကိုဗစ်-၁၉ ရောဂါပြင်းထန်ချိန်ဖြစ်လို့ တရားမဝင် လူအဝင်အထွက်လုပ်တာတွေမရှိအောင် တားဆီးဖို့ လုပ်ဆောင်ရတာလို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုဗစ်ကင်းစင်တဲ့အချိန် ခြံစည်းရိုးကို ပြန်ဖယ်ရှားပေးမယ်လို့ တရုတ်ဘက်က ကတိပေးခဲ့ပေမယ့် ၂၀၂၆ ခုနှစ်အထိ အဲဒီခြံစည်းရိုးတွေ မဖယ်ရှားရသေးဘူးလို့ လောက်ကိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

အာဏာမသိမ်းခင် ကာလအထိ နှစ်နိုင်ငံနယ်နိမိတ်အငြင်းပွားမှုတွေအပေါ် နှစ်နိုင်ငံအာဏာပိုင်တွေအနေနဲ့ နယ်နမိတ်တိုင်းတာတဲ့အဖွဲ့တွေစေလွှတ်ပြီး ကွင်းဆင်းတိုင်းတာတာ၊ နယ်နိမိတ်သတ်မှတ်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

အလားတူ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဒေသန္တရာအာဏာပိုင်တွေ တိုက်ရိုက်တွေ့ဆုံညှိနှိုင်းတာတွေလုပ်ပြီး သံတမန်နည်းအရ ဖြေရှင်းတဲ့နည်းလမ်းတွေ သုံးခဲ့တာတွေ့ရပါတယ်။

အခုနောက်ဆုံး "ဝ"တပ် နဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ တရုတ်က မြန်မာဘက်ခြမ်းကို ခြံစည်းရိုးတိုးခတ်တဲ့အပြင် နယ်စပ်ဂိတ်တွေ ရှေ့ထပ်တိုးဆောက်နေပေမယ့် မြန်မာဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဘေကျင်းကြား လူသိရှင်ကြား ညှိနှိုင်းဆွေးနွေးတာမျိုး မရှိသေးဘူးလို့ နှစ်ဖက်တပ်နဲ့ နီးစပ်သူတချို့က ဖွင့်ပြောပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်နဲ့ "ဝ"တပ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ မြန်မာပိုင်နက်ထဲအထိ ခြံစည်းရိုးအသစ်ခတ်တာနဲ့ ကုန်သွယ်မုခ်ဝတွေ တိုးဝင်လာတာကြောင့် ဒေသခံတွေကြား ပြောဆိုမှုတွေရှိလာပေမယ့် လက်နက်ကိုင်နှစ်ဖွဲ့လုံးက နှုတ်ဆိတ်နေဆဲဖြစ်ပြီး နယ်စပ်အရေး လူသိရှင်ကြားထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါပေမဲ့ တရုတ်ကတော့ မြန်မာမှာ သူ့အကျိုးစီးပွားရှိတဲ့ ပိုးလမ်းမသစ် (BRI) စီမံကိန်းထဲက ရထားလမ်းပိုင်းတွေ ပြန်စနိုင်ဖို့ကိုတော့ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တပ်အပြင် မြန်မာစစ်တပ်နဲ့ပါ ညှိနှိုင်းဆွေးနွေးနေပါတယ်။