သမ္မတအာဏာစက်ကို ပိုကျယ်ပြန့်စေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ ၄၃ ချက်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ဆီကို အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၁ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားပါတယ်။

ဒီ ၄၃ ချက်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ အထိ သုံးနှစ်ကျော်အတွင်း တပ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တို့ရဲ့ ဆွေးနွေးပွဲ ၂၈ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပွဲ ၁၄ ကြိမ်အတွင်း ရခဲ့တဲ့သဘောတူညီချက်တွေလို့ ဖော်ပြထားပါတယ်။

ဘီဘီစီက ကြည့်ရှုခွင့်ရခဲ့တဲ့အဲဒီသဘောတူညီချက်စာချုပ်ထဲမှာတော့ ပြင်ဆင်ချက်အများစုဟာ အရင် လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။

အဲဒီ ၄၃ ချက်လုံးကို လေ့လာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ အုပ်ချုပ်ရေးအာဏာ executive level ကို ပိုပြီး ကျယ်ပြန့်စေတဲ့ ပြင်ဆင်ချက်တွေလို့ ဘီဘီစီကိုပြောပါတယ်။

၄၃ ချက်ထဲက အဓိက ကျတဲ့ ပြင်ဆင်ချက်တွေ

ဘီဘီစီက ကြည့်ရှုခဲ့ရတဲ့ အဲဒီ ၄၃ ချက် သဘောတူ စာချုပ်ထဲမှာ ၂၀၂၅ ခုနှစ်ဇန်နဝါရီလတုန်းက အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ အဖွဲ့ဝင်တွေဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့က လက်မှတ်ထိုးထားပါတယ်။

နိုင်ငံရေးပါတီတွေဘက်မှာတော့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကြံ့ခိုင်ရေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ကျားဖြူ (ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းကျော်အုန်းတို့က လက်မှတ်ထိုးထားပါတယ်။

ပြင်ဆင်ချက်ထဲမှာ တပ်မတော်ဟာ "တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်ပြီး" အင်အားတောင့်တင်း စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတစ်ခုတည်းသော မျိုးချစ်တပ်မတော်လို့ ပုဒ်မ ၂၀ (က) ကို ပြင်ဆင်ထားပါတယ်။ မူလ ပုဒ်မထဲ 'တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပြီး' ဆိုတဲ့ စာသားကို ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၅၃ ပုဒ်မခွဲ (က) မှာ တိုင်းနဲ့ ပြည်နယ်နယ်နိမိတ်ကိုပြင်ဆင်သတ်မှတ်ဖို့ အကြောင်းပေါ်လာရင် အဲဒီနယ်နိမိတ်ထဲနေထိုင်တဲ့ မဲပေးခွင့်ရှိသူတွေရဲ့ သဘောထားကိုယူရမယ် ဆိုတာပါဝင်ပါတယ်။

အခု ပြင်ဆင်ချက်မှာတော့ အဲဒီသဘောထားတွေအပြင် "နယ်နိမိတ်ထိစပ်နေတဲ့ ကျန်တိုင်းနဲ့ပြည်နယ်တွေက လူထုရဲ့ဆန္ဒသဘောထားကိုပါရယူရမယ်" လို့ ဖြည့်စွက်ထားပါတယ်။

စစ်တပ်ကိုယ်တိုင် တောင်းဆိုခဲ့တဲ့ ပုဒ်မ ၂၆၁ ပါမလာ

တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်မယ့်အစား တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက တိုက်ရိုက်ခန့်ဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးဖို့ ၂၀၁၁ ကြံ့ခိုင်ရေးပါတီလွှမ်းမိုးတဲ့လွှတ်တော်မှာ NLD နဲ့ တိုင်းရင်းသားမဟာမိတ်ပါတီတွေ တင်ခဲ့ပါတယ်။

အဲဒီတုန်းက ကြံ့ခိုင်ရေးပါတီနဲ့တပ်က ကန့်ကွက်ပါတယ်။ ၂၀၁၆ NLD လွှမ်းမိုးတဲ့ လွှတ်တော်မှာတော့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေစုပြီး ၂၆၁ ပြင်ဖို့ တင်ပြန်ပါတယ်။ အဲဒီအချိန်မှာတော့ NLD ပါတီက ကန့်ကွက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး စစ်ခေါင်းဆောင်ညွှန်ကြားချက်နဲ့ ငြိမ်းချမ်းရေးကော်မတီ (NSPNC) က လုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ရေးဆွေးနွေးပွဲတွေအထိလည်း ဒီ ၂၆၁ ပြင်ရေး ပါလာခဲ့ပေမဲ့ အခုထွက်လာတဲ့ နောက်ဆုံးသဘောတူညီချက် ၄၃ ချက်ထဲထိတော့ ပါလာခဲ့တာ မတွေ့ရပါဘူး။

အဲဒီအစား တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အရည်အချင်းသတ်မှတ်ချက်တွေကို ပိုတိုးတင်းကျပ်ပြင်ဆင်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်မရခဲ့တဲ့ နာမည်ကျော် ပုဒ်မ ၅၉ (စ) ကို အဲဒီတိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့အရည်အချင်းအဖြစ် ထပ်မံထည့်သွင်းလိုက်တာပါ။ ဒါ့အပြင်ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်းမှာလည်း ပုဒ်မ ၅၉ (စ) နဲ့ မငြိစွန်းရဘူးလို့ ထည့်သွင်းပြင်ဆင်ထားပါတယ်။

"ပုဒ်မ ၂၆၁ ကို တောင်းကြပါတယ်။ ဒါပေမဲ့ သဘောတူညီချက်အဆင့်ထိ မရောက်ဘူး။ 'ပြည်နယ်အုပ်ချုပ်ရေးမှူးလို ပုံစံမျိုးထားမယ်။ မြို့တော်ဝန်ထားမယ်' လို့ ဆွေးနွေးကြပြီး ပြင်တဲ့အထိ မရောက်သွားဘူး"လို့ ဆွေးနွေးပွဲတွေအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။

အရင်က နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးမှာသာ မြို့တော်ဝန်တွေ ခန့်ခဲ့ရာကနေ အသွင်ပြောင်းအစိုးရတက်လာပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာ မြို့တော်ဝန်တစ်ဦးစီကို ဦးမင်းအောင်လှိုင်ကခန့်အပ်ခဲ့ပါတယ်။

ဒါပေမဲ့ မြို့တော်ဝန်ရော တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရောဟာ နေပြည်တော်ကပဲ တိုက်ရိုက်ခန့်တဲ့စနစ်ဆက်ဖြစ်နေပြီး ဘာမှ ထူးခြားပြောင်းလဲသွားတာ မရှိခဲ့ပါဘူး။

တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေကိုတော့ သက်ဆိုင်ရာဒေသအလိုက်အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့်ဆိုပြီး ပုဒ်မခွဲ တစ်ခု ထပ်တိုးထည့်ပေးထားတာတွေ့ရပါတယ်။

တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်ဘဲ တိုင်းနဲ့ပြည်နယ်အခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းခွင့်ရှိတယ်လို့ ပုဒ်မ ၁၈၈ (က) ကို ထပ်တိုးပြင်ဆင်ပေးထားပါတယ်။ ဒီအချက်ဟာ အဲဒီပုဒ်မမှာ မပါတဲ့အသစ်ပြင်ဆင်ချက်ကို ထပ်တိုးထည့်သွင်းတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရခဲ့တဲ့ ပုဒ်မ ၅၉ (စ) ရော ပြင်မယ့်အထဲ ပါလား

နိုင်ငံအကြီးအကဲ တစ်နည်းအားဖြင့် သမ္မတ အရည်အချင်း ပုဒ်မ ၅၉ နဲ့ပတ်သက်ပြီးတော့ အသေးစားပြင်ဆင်ချက် နှစ်ခုသာ ပါပါတယ်။

ပုဒ်မ ၅၉ (ဂ) မှာ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူဟာ အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမယ်ဆိုတဲ့နေရာမှာ အနည်းဆုံး ဆိုတဲ့စကားလုံးကို ဖြုတ်လိုက်ပါတယ်။

ပုဒ်မ ၅၉ (ဃ) မှာတော့ သမ္မတလုပ်သူဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့နေရာမှာ စစ်ရေးအစား ကာကွယ်ရေး လို့ စာသားပြောင်းပြီး စာသားပြင်ဆင်လိုက်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုတာ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်တိုင်၊ သူ့ရဲ့ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ သားမက်၊ ချွေးမ တို့ဟာ နိုင်ငံခြားသားမဖြစ်ရ၊ နိုင်ငံခြားသြဇာခံသူမဖြစ်ရ ဆိုတဲ့အချက်ဖြစ်ပါတယ်။

အဲဒီပုဒ်မနဲ့ ငြိစွန်းသူဟာ ဒုသမ္မတ ဦးမြင့်ဆွေလည်းရှိခဲ့ဖူးပြီး သူ့ကို ၂၀၁၁ တုန်းကတပ်မတော်သားအစုအဖွဲ့ကတင်တဲ့ ဒုသမ္မတလောင်းစာရင်း လျာထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့သားမက်ဟာ အဲဒီတုန်းက နိုင်ငံခြားသားခံယူထားလို့ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ဒုသမ္မတ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ဒါကို ရှင်းလင်းခဲ့တဲ့နောက် တပ်က တင်တဲ့ ဒုသမ္မတ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပြီး ၂၀၂၁ အာဏာသိမ်းမှုမှာ စစ်ခေါင်းဆောင်ကို အာဏာလွှဲပေးခဲ့တဲ့ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုဒ်မ ၅၉ (စ) ကို သူတစ်ဦးတည်းအတွက် ပြင်ဆင်ချင်တာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လူတစ်ဦးဟာ သူ့ရဲ့သား၊ သမီးတွေ ဘယ်နိုင်ငံသားဖြစ်နေလို့ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သမ္မတဖြစ်ခွင့်မရဘူးဆိုတာဟာ လူ့အခွင့်အရေးကိုကန့်သတ်ထားရာရောက်လို့ ပြင်ချင်တာလို့ ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ်ခရီးစဥ်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

နေပြည်တော်အုပ်စိုးသူတွေရဲ့အာဏာကို ပိုကျယ်ပြန့်စေတဲ့အချက်တွေ

သမ္မတက သဘောထားမှတ်ချက်နဲ့ပြန်ပို့တဲ့ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ ပုဒ်မ ၁၀၆ (က) ကိုလည်းပြင်ထားပါတယ်။

မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတဟာ သူ့ကိုပို့လာတဲ့ဥပဒေကြမ်းတွေကို သဘောထားမှတ်ချက်ပေးပြီး လွှတ်တော်ကို ပြန်ပို့တဲ့အခါ လွှတ်တော်က သမ္မတ မှတ်ချက်ကို လက်မခံလည်း ဥပဒေကြမ်းကို အတည်ပြုနိုင်ပါတယ်။

အခုတော့ သမ္မတမှတ်ချက်ကိုလက်မခံရင် လွှတ်တော်မှာ မဲခွဲပြီး ဆုံးဖြတ်ရမယ်လို့ ပြင်ဆင်ပါ တယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမှပဲ ဥပဒေကြမ်းကို သမ္မတ မှတ်ချက်မပါဘဲ မူလအတိုင်းအတည်ပြုဖို့ ဆုံးဖြတ်နိုင်မယ်လို့ပြင်ထားပါတယ်။

"ဒါကတော့ ရှင်းပါတယ်။ သမ္မတ မှတ်ချက်ကို အရင်လို ထားခဲ့လို့မရအောင်လုပ်တာမျိုးပေါ့။ လွှတ်တော်မှာမဲခွဲပြီး အမတ် သုံးပုံနှစ်ပုံက လက်မခံဘူးဆိုတဲ့ ထောက်ခံမဲရမှ သမ္မတ မှတ်ချက်မပါဘဲ အတည်ပြုနိုင်တော့မှာပါ"လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် အရင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ဖမ်းမယ်ဆိုရင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌခွင့်ပြုချက် လိုတယ်ဆိုတဲ့ပုဒ်မ ၁၃၄ (က) ရှိပါတယ်။

အခုတော့ အဲဒီလိုဖမ်းဖို့ဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ခိုင်လုံတဲ့အထောက်အထားတင်ပြတဲ့အခါ မှန်ကန်ရင် အဲဒီပုဂ္ဂိုလ်ကို ဖမ်းဆီးဖို့ ဥက္ကဋ္ဌက ဆောလျင်စွာခွင့်ပြုပေးရမယ်လို့ပြင်ဆင်ထားပါတယ်။

"မြန်မြန်တင်ပြ မြန်မြန်ဖမ်းဖို့ ခွင့်ပြုပေးပေါ့။ အရင်လို လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်မရမချင်း လွှတ်တော်ကိုယ်စားလှယ်ကိုထိလို့မရဘူးဆိုတာမျိုးမဖြစ်အောင်၊ တစ်နည်းအားဖြင့် လွှတ်တော်ဥက္ကဋ္ဌရဲ့လုပ်ပိုင်ခွင့်ကို ပြင်လိုက်တာပေါ့"လို့ ပြည်သူ့လွှတ်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ အဲဒီအချက်ကို ပြင်ဆင်ထားတာ မတွေ့ရပါဘူး။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးခင်ရီဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကတော့ ဦးမင်းအောင်လှိုင်ရဲ့တပည့် လက်ရင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးအောင်လင်းဒွေးဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသက်တမ်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းတွေကို အရင် ငါးနှစ်ကနေ အခု ၁၀ နှစ်လို့ပြင်ဆင်ထားပါတယ်။

"ဒါကတော့ နောက်ဆယ်နှစ်အထိ အုပ်ချုပ်ရေးပိုင်းကို ရည်ရွယ်ပြင်ဆင်ပုံပေါ်တယ်လို့ မြင်ပါတယ်။ ခုံရုံးဆိုရင် လွှတ်တော်တွေမပေါ်သေးခင်မှာပဲ ခုံရုံးဥပဒေကို ပြင်ဆင်ပြီး ခုရုံးဥက္ကဋ္ဌကို သမ္မတ ကခန့်အပ်နိုင်တဲ့အထိ ပြင်ထားခဲ့ပြီးပြီ"လို့ နိုင်ငံရေးပါတီတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

တပ်ချုပ်နေရာလစ်လပ်ရင် သမ္မတက ခန့်အပ်နိုင်

နောက်ထပ်ထူးခြားတာတစ်ခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာ လစ်လပ်သွားရင် သမ္မတက ခန့်အပ်မယ်ဆိုပြီး ပုဒ်မ ၃၄၂ ကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆိုပြုထောက်ခံချက်နဲ့ ခန့်အပ်ရမယ်ဆိုတဲ့နေရာမှာ 'တပ်ချုပ်နေရာလစ်လပ်လို့ ခန့်အပ်ဖို့လိုတဲ့အခါ သမ္မတဟာ ကာလုံအဆိုပြုထောက်ခံချက်နဲ့ တပ်ချုပ်ကိုခန့်အပ်နိုင်တယ်' ဆိုတဲ့စာသား ဖြည့်စွက်ထားပါတယ်။

၁၉၉၀ နောက်ပိုင်းက စလို့ မြန်မာပြည်မှာတပ်ချုပ်ဖြစ်လာသူအဆက်ဆက်ဟာ သက်တမ်းသီးသန့်သတ်မှတ်ပြီး ဘယ်နှနှစ်နေရင် အနားယူမယ်ဆိုတာ မရှိခဲ့ပါဘူး။ ၁၉၉၀ ကစလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်ချုပ်အဖြစ် ၁၅ နှစ်ကြာအောင် စစ်အစိုးရခေါင်းဆောင်အဖြစ် အုပ်ချုပ်သွားပါတယ်။ ၂၀၁၁ မှာတပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ၁၅ နှစ်ကြာတပ်ချုပ်လုပ်သွားခဲ့ပါတယ်။

တပ်ချုပ်ဟာလည်း နိုင်ငံ့ဝန်ထမ်းဖြစ်တယ်လို့ ပြောခဲ့တဲ့ ဦးမင်းအောင်လှိုင်တောင် အသက် ၇၀ ပြည့်ခါနီးချိန်၊ သမ္မတ ရာထူးယူချိန်ကျမှ တပ်ချုပ်ရာထူးစွန့်ခဲ့ပါတယ်။

လက်ရှိ တပ်ချုပ်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်ပြီး ဦးမင်းအောင်လှိုင်ရဲ့ အယုံကြည်ရဆုံးလူရင်းတပည့်တစ်ဦးဖြစ်ပါတယ်။ တပ်ချုပ်ရာထူးရပြီး လေးလကြာတဲ့အထိတော့ ဗိုလ်ချုပ်ကြီးအဆင့်သာရှိသေးပြီး ဗိုလ်ချုပ်မှူးကြီး ရာထူး ရရှိတာမတွေ့ရသေးပါဘူး။

သမ္မတ ပို့တဲ့ သဝဏ်လွှာကို လွှတ်တော်က ဘာဆက်လုပ်နိုင်လဲ

သမ္မတက ပေးပို့လာတဲ့ သဝဏ်လွှာဆိုတာကို လွှတ်တော်က ကန့်ကွက်တာ၊ ဆိုင်းငံ့တာ၊ လက်ခံ ဆွေးနွေး အတည်ပြုတာ၊ ဖတ်ကြားပြီးမှတ်တမ်းတင်တာ၊ အဆိုတင်သွင်းတာ လုပ်နိုင်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြပါတယ်။

ဒီသဘောတူညီချက်တွေကို သမ္မတက လွှတ်တော်ကိုပို့လာတာ အလျင်စလိုနိုင်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ဒီအဆင့်ထိရောက်လာဖို့ အသင့်မဖြစ်သေးဘူးလို့မြင်နေရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

"ခြေဥပြင်ဖို့ သဘောတူတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှာ NCA မထိုးထားတဲ့ ၃ ဖွဲ့မှာတောင် ဝ နဲ့မိုင်းလားနဲ့က လက်ရှိအစိုးရက အဆင်ပြေတယ်။ SSPP တောင် သိပ်ကြီးအဆင်ပြေပါရဲ့လားဆိုတာ ရှိတယ်။ ဒါမှမဟုတ် လွှတ်တော်ရဲ့အနေအထားနဲ့တုံ့ပြန်ချက်ကို အစိုးရဘက်က စမ်းသပ်ကြည့်တာလားလို့ ထင်မိတယ်"လို့ သူက ပြောပါတယ်။

NCA ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ဖြစ်ပါတယ်။

ပြင်ဆင်ချက် ၄၃ ချက်ထဲမှာ NCA လက်မှတ်ထိုးအပစ်ရပ် ခုနစ်ဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ UWSA ဝအဖွဲ့၊ NDAA မိုင်းလားအဖွဲ့နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ စတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ညှိနှိုင်းရရှိတဲ့ ၂၁ ချက်ပါဝင်တယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အပစ်ရပ်လက်မှတ်ထိုး ၇ ဖွဲ့စုစည်းထားတဲ့ 7EAOs Alliance အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်ကတော့ တိုင်းရင်းသားအခွင့်အရေးတွေ အားလုံးရဖို့ အားလုံးပါဝင်တဲ့ညီလာခံမလုပ်နိုင်သေးချိန် အားနည်းချက်တွေရှိနေပေမဲ့ လုပ်လို့ရတဲ့အဆင့်ကနေ စလုပ်သင့်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

""ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုတာကတော့ လွှတ်တော်တစ်ရပ်သက်တမ်းမှာပဲ လုပ်ရမယ်လို့ ကျွန်တော်နားလည်မထားဘူး။ ဒါက မလုပ်တာထက်စာရင် လုပ်လိုက်ခြင်းအားဖြင့် အရွေ့တစ်ခုကိုဖော်ပြနေတဲ့သဘောလို့ ကျွန်တော်နားလည်ပါတယ်။"

၄၃ ချက်လုံး တပ်သဘောတူမှပြင်နိုင်မယ်

ဦးမင်းအောင်လှိုင်ပို့လာတဲ့ ပြင်ဆင်ချက် ၄၃ ချက်မှာ ပုဒ်မ ၄၃၆ (က) အရ ပြင်ရမယ့် ၁၆ ချက်နဲ့ ပုဒ်မ ၄၃၆ (ခ) အရ ပြင်ရမယ့် ၂၇ ချက်ရှိပါတယ်။

(က) ပါပြဋ္ဌာန်းချက်တွေကို ပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံရပါမယ်။ လွှတ်တော်မှာ အရပ်ဘက်က ၇၅ ရာခိုင်နှုန်းပဲရှိပြီး စစ်ဘက်က ၂၅ ရာခိုင်နှုန်းရှိလို့ အရပ်ဘက်အားလုံးထောက်ခံရင်တောင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံးတစ်ဦးက ထောက်ခံမှ အတည်ပြုရပါမယ်။

ဒါတောင် ချက်ချင်းတန်းပြင်လို့မရဘဲ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲရမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ (ခ) ကတော့ ၄၃၆ (က) မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေကလွဲလို့ တခြားပြဋ္ဌာန်းချက်တွေကို လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရင် ပြင်ဆင်နိုင်ပါမယ်။ ဒီမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးရဲ့ထောက်ခံမှုရဖို့ လိုအပ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်းကိုယ်တိုင် ပေးပို့လာတာဖြစ်လို့ ဒီတစ်ခါတော့ ဒီပုဒ်မတွေပြင်ဖို့ဆိုတာ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တစ်ဦး သဘောတူဖို့ဆိုတာ ခက်ခဲမယ့် အရာတော့မဟုတ်ဘူးလို့ နားလည်ရပါတယ်။

"ပြင်ရင်တောင် အနည်းဆုံး ၂ နှစ်ကြာမယ် ခန့်မှန်းတယ်။ အစိုးရသက်တမ်းငါးနှစ်ဆိုတော့ တပ်ချုပ် အသစ်အတွက်လည်း သူ (ဦးမင်းအောင်လှိုင်) ကြိုကြိုတင်တင် စဥ်းစားချင်လို့ ခု လွှတ်တော်ကို တန်းပို့လာတာလို့ နားလည်တယ်" လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အခု ဘီဘီစီက ရရှိထားတဲ့ ဒီစာချုပ်ပါအချက်တွေနဲ့ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲမှာပါဝင်သူတချို့က အတည်ပြုပေမဲ့ စစ်တပ်နဲ့ နေပြည်တော်အစိုးရတို့ကတော့ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။