ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

နျူဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရတယ်လို့ အီရန်ပြော

ဇူလိုင် ၁၂ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပတ္တရားမှာ တွေ့ဆုံဖို့ရှိတဲ့သတင်းအပါအဝင် ဇူလိုင် ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်မြစ်မှာ ဇူလိုင်လလယ်ပိုင်းအတွင်း ဒီရေတက်နိုင်၊ ဘားအံမြို့က သံလွင်မြစ်ရေစိုးရိမ်ရေမှတ်နား ကပ်လာ
  • အာဇာနည်နေ့အခမ်းအနားကို ဒရုန်းယူလာတာ၊ လွှတ်တင်တာနဲ့ ဖုန်းအပါအဝင် ပစ္စည်း ၁၀ မျိုးယူလာခွင့်မပြု
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ ဖိလစ်ပိုင်အပါ အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပတ္တရားမှာ တွေ့ဆုံဖို့ရှိ
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးက K2C အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် EROs အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကို သီးခြားစီအလွတ်သဘော တွေ့ဆုံဖို့ရှိ
  • UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်ကတော့ ၂၀၂၆ ခုနှစ်ရဲ့တစ်နှစ်တာအတွင်း အရှိန် အဟုန်ကောင်းကောင်းနဲ့ ထိုးဖောက်တိုးတက်လာတဲ့ ကစားသမား ဖိုက်တာဆု ရရှိ
  • ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ၂၀၂၆ ကမ္ဘာ့ဖလား(ကွာတားဖိုင်နယ်) - ပြင်သစ်နဲ့ မော်ရိုကို ကစားဖို့ရှိ

    ၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အနေနဲ့ ပြင်သစ်အသင်းနဲ့ မော်ရိုကို အသင်းတို့ ကစားကြဖို့ရှိပါတယ်။

    ဒီနှစ်သင်းရဲ့ပွဲက ကွာတားဖိုင်နယ်ဆိုတာထက် မကြေပွဲ ပြန်နွှဲကြမယ်လို့ပွဲဆိုလည်း မမှားပါဘူး။

    ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာတွေ့ခဲ့တဲ့ နှစ်သင်း မကြေပွဲပြန်နွှဲကြမှာလည်း ဖြစ်ပါတယ်။

    ပြီးတော့ မော်ရိုကိုဟာ တစ်ချိန်က ပြင်သစ်ကိုလိုနီနယ်မြေဖြစ်ခဲ့တာကြောင့် အပြန်အလှန်ကူးလူးဆက်ဆံမှုတွေနဲ့ ပြင်သစ်မှာ မော်ရိုကိုနွယ်ဖွားတွေလည်း အတော်များပါတယ်။

    ဒါကြောင့် ပြင်သစ်နိုင်ငံအသင်း ဂျာစီကို ဝတ်ပြီး ကစားဖို့ရာအကြောင်းဖန်ပေမဲ့ မော်ရိုကို အသင်းကနေ ဝင်ကစားတဲ့ ကစားသမားတွေ ရှိသလို နှစ်ဖက်အသင်းကို အားပေးကြမယ့် ဆွေမျိုးမကင်းသူတွေလည်း ရှိနေမှာဖြစ်ပါတယ်။

    ဒီလိုအခြေအနေတွေရှိပေမဲ့ ဒီညကန်ကြမယ့် ဒီနှစ်ကမ္ဘာ့ဖလားရဲ့ပထမဆုံးကွာတားပွဲစဥ်မှာ ပြင်သစ်က ပိုရေပန်းစားပေမဲ့ မော်ရိုကိုကလည်း လျှော့တွက်လို့မရပါဘူး။

    ရွှေဖိနပ်ဆုကိုချိန်ရွယ်နေတဲ့ အမ်ဘာပေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေပြည့်နှက်နေတဲ့ပြင်သစ်ရဲ့ခြေစွမ်းက ဆီမီးဖိုင်နယ်ကို တက်ဖို့ ထိုက်တန်ပါတယ်။

    ဘရာဇီးကိုသရေကျပြီး နယ်သာလန်ကို ကျော်ဖြတ်လာတဲ့ မော်ရိုကိုရဲ့ခြေစွမ်းကလည်း အထင်ကြီးစရာပါ။

    ဒါပေမဲ့ ပြင်သစ်-မော်ရိုကို ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ၅ ပွဲမှာ မော်ရိုကိုက တပွဲမှ မနိုင်ဘူးတဲ့ မှတ်တမ်းဆိုးလည်းရှိနေပါတယ်။

  3. နျူကလီးယားဓာတ်အားပေးရုံ ပစ်မှတ်ထားခံခဲ့ရတယ်လို့ အီရန်ပြော

    အီရန်နိုင်ငံပိုင်နဲ့ဆက်နွှယ်တဲ့မီဒီယာကတော့ ဘူရှီအာ နျူကလီးယား ဓာတ်အားပေးစက်ရုံလည်း ဒီနေ့ မွန်းလွဲပိုင်းမှာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ သတင်းဖော်ပြပါတယ်။

    ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး အီရန်အရာရှိရဲ့အပြောကို ကိုးကားထားတဲ့အဲဒီသတင်းမှာ စက်ရုံပရဝုဏ်ဟာ အမေရိကန်က ပစ်လိုက်တဲ့လက်နက်ကြောင့် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုနောက်ဆုံးတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က မှတ်ချက်တစုံတရာ မပြောထားသေးပါဘူး။

    အခုသတင်းဖော်ပြနေချိန်မှာပဲ ပြီးခဲ့တဲ့နာရီပိုင်းအတွင်း ဂျော်ဒန်ကောင်းကင်မှာ အီရန်ဒုံးကျည်အချို့ကို ပစ်ချလိုက်တယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်နေပါတယ်။

    ဂျော်ဒန်နိုင်ငံပိုင် မီထရာသတင်းအေဂျင်စီကတော့ လေကြောင်းကာကွယ်ရေးစနစ်တွေဟာ အီရန်ကနေ လာတဲ့ ဒုံးကျည် ၈ စင်းကို ဖြတ်ချခဲ့ရတယ်လို့ ဂျော်ဒန်တပ်ဖွဲ့တွေကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။

    ဒါပေမဲ့ ဒုံးကျည်အပိုင်းအစတွေကြောင့် ပစ္စည်းပျက်စီးမှုရှိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့လည်း အဲဒီသတင်းက ဆိုပါတယ်။

    တိုက်ခိုက်မှုဖြစ်လာနိုင်ခြေရှိတာကြောင့် လေကြောင်းသတိပေးချက် အချက်ပေးတပ်လှန့်သံ ထွက်ပေါ်လာအပြီးမှာ ဂျော်ဒန်မှာ ဒီလိုအခြေနေတွေဖြစ်လာတာပါ။

    ဒါပေမဲ့ ဂျော်ဒန်မှာ စစ်ခြေစိုက်စခန်းရှိနေတဲ့ အမေရိကန်ဘက်ကတော့ မှတ်ချက်တစုံတရာ မပြောသေးပါဘူး။

    အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဒုတိယမြောက်နေ့ထဲ ဝင်လာချိန်မှာပဲ အခုလို အခြေအနေတွေ ထပ်ဖြစ်နေတာဖြစ်ပါတယ်။

    အစောပိုင်းက ဖော်ပြခဲ့တဲ့ အမေရိကန် - အီရန် အပြန်အလှန်ပစ်ခတ်မှု အခြေအနေ အကျဉ်းချုပ်ကို ဒီလင့်ခ်ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  4. ကေအိုင်အေနဲ့ ရှမ်းနီ ပြည်သူ့စစ်က အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီး

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်းဝင်းထဲကို ရှမ်းနီအမျိုးသားတပ်(SNA)တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး သင်းအုပ်ဆရာနဲ့ ကလေးငယ်အပါအဝင် လူ ၃၀ ဝန်းကျင်ကို ဇူလိုင် ၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ KBC နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ဘာကြောင့် ဖမ်းလည်းဆိုတာ ဒီနေ့အထိ မသိသေးဘူး” လို့ သူက ဇူလိုင်လ ၉ ရက်မှာ ပြောပါတယ်။

    ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဇူလိုင် ၆ ရက်တုန်းက အင်းတော်ကြီး ဒေသလုံးဆိုင်ရာရှမ်းနီယဥ်ကျေးမှုအကအဖွဲ့ ခေါင်းဆောင်အပါအဝင် ၄ ဦးကို ဖမ်းဆီးတယ်လို့ ရှမ်းနီသတင်းတွေမှာ ဖော်ပြပါတယ်။

    အဲဒီဖြစ်ရပ်မှာလည်း အကြောင်းရင်းကို မသိရဘူးလို့ သတင်းတွေက ဆိုပါတယ်။

    ရှမ်းနီယဉ်ကျေးမှုအဖွဲ့ဝင်တွေ ဖမ်းဆီးခံရအပြီး ရက်ပိုင်းအကြာမှာပဲ မိုးကောင်းမြို့နယ်ထဲက KBC သင်းအုပ်ဆရာနဲ့ ကလေးငယ်တွေ ဖမ်းဆီးမှုသတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ အပြန်အလှန်ဖမ်းဆီးတဲ့ဆက်စပ်ဖြစ်ရပ်လားဆိုတာ ရှင်းလင်းလင်းလင်း မသိရသေးပါဘူး။ အကြောင်းရင်းသိရဖို့ ဘီဘီစီက ရှမ်းနီတပ်နဲ့ ကေအိုင်အေတို့ဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်းနဲ့ မြစ်ကြီးနားတို့မှာ နေထိုင်ကြတဲ့ ရှမ်းနီနဲ့ ကချင်တိုင်းရင်းသားတွေအကြား နားလည်မှုလွဲမှားကာ အရပ်သား အချင်းချင်းပဋိပက္ခဖြစ်တဲ့ဖြစ်စဥ်တွေဟာ ၂၀၂၁ မတိုင်ခင်ကာလကတည်းက ရှိခဲ့ပါတယ်။

    ကေအိုင်အေရဲ့စစ်သား စုဆောင်းခံရတာနဲ့ အခွန်ကိစ္စရပ်တွေ အပေါ်မှာလည်း ရှမ်းနီတိုင်းရင်းသားတွေဘက်က မကြေလည်တာတွေ ယခင်ကတည်းက ရှိခဲ့ပါတယ်။

    စစ်ရေးဘက်မှာတော့ တကျော့ပြန် ကချင်စစ်ပွဲအတွင်း ရှမ်းနီပြည်သူ့စစ်က စစ်တပ်ဘက်ကနေ ကေအိုင်အေကို တိုက်ခိုက်တဲ့သတင်းတွေလည်း ရှိပါတယ်။

    ၂၀၂၁ နောက်ပိုင်းမှာလည်း ဗန်းမောက်တိုက်ပွဲအပါအဝင် ကချင်ဘက်က တိုက်ပွဲတွေမှာ SNA က စစ်တပ်နဲ့ ပူး‌ပေါင်းတိုက်ခိုက်နေတယ်လို့ တိုင်းရင်းသားစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

  5. အမေရိကန်က အီရန်ကို ဒုတိယနေ့ ဆက်တိုက်, တီဟီရန်ကလည်း ကူဝိတ်၊ ဘာရိန်းနဲ့ ကာတာက စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား

    အီရန်ကို ဒုတိယမြောက်ည လေကြောင်းတိုက်ခိုက်မှုအဖြစ် ပစ်မှတ်ပေါင်း ၉၀ ကို ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

    အီရန်မီဒီယာတွေမှာတော့ နိုင်ငံ့တောင်ပိုင်း ကမ်းရိုးတန်းနဲ့ ပင်လယ်ကွေ့ထဲက အီရန်ထိန်းချုပ်ထားတဲ့ ကျွန်းတွေပေါ်မှာ လေကြောင်းထိမှန်တာတွေ ရှိတယ်လို့ သတင်းဖော်ပြပါတယ်။

    အီရန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂ ညပေါင်း တိုက်ခိုက်ခံရမှုအတွင်း လူ ၁၄ ဦး သေဆုံးတယ်လို့ ပြောပါတယ်။

    ပင်လယ်ကွေ့နိုင်ငံအများစုမှာလည်း အီရန်ရဲ့လေကြောင်းတိုက်ခိုက်မှု သတင်းတွေ တက်လာပြီး တီဟီရန်ဘက်ကတော့ ကာတာ၊ ကူဝိတ်နဲ့ ဘာရိန်းတို့က အမေရိကန် စစ်ခြေစိုက် စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

    အမေရိကန်နဲ့ ညှိနှိုင်းမှုမှာ ဦးဆောင်နေတဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ကတော့ အမေရိကန်ဟာ ''ဗိုလ်ကျချင်တုန်းဖြစ်ပြီး ဒီလိုလုပ်လို့ ဖြစ်လာတဲ့အကျိုးဆက်ကို အခုအထိ သင်ခန်းစာ မယူတတ်သေးဘူး'' လို့ဆိုပြီး ပြောပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ ''အပေးအယူလုပ်ချင်တယ်'' လို့ ပြောပေမဲ့ ''တန်ပါဦးမလားဆိုတာတော့ မပြောတတ်တော့ဘူး'' လို့ ပြောပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ သူက အီရန်နဲ့လုပ်တဲ့ဆွေးနွေးပွဲတွေဟာ အချိန်ဖြုန်းရုံသက်သက်ပဲလို့ဆိုပြီး ပြောပါတယ်။

    ဟော်မုဇ်ရေလက်ကြားမှာဖြတ်သန်းနေတဲ့ ကုန်သွယ်ရေယာဉ် သင်္ဘော ၃ စင်း တိုက်ခိုက်ခံရတာကို တုံ့ပြန်တာလို့ဆိုပြီး အမေရိကန် Central Command က အင်္ဂါနေ့တုန်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

  6. ရခိုင် ၄ မြို့နယ် မိုးသည်းထန်ပြီး ရေကြီးနေ

    ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးပြီး ဒေသခံတွေ ရေဘေးသင့်နေတယ်လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ချက်ပြုတ်မယ့်နေရာတွေ ရေမြုပ်ပြီး မနက်ကတည်းက ထမင်းမစားကြရဘူး။ လူဦးရေကတော့ ခန့်မှန်းကခက်တယ်” လို့ သူက ဇူလိုင် ၉ ရက် ညနေပိုင်းမှာပြောပါတယ်။

    အခုရေကြီးမှုဒဏ်ကြုံရတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေဟာ အေအေ ထိန်းချုပ်မှုအောက်မှာရှိပြီး ဆက်သွယ်ရေးပြတ်တောက်နေတာ နှစ်နဲ့ချီကြာလာပြီမို့ လက်ရှိရေဘေးသင့်တဲ့အတိုင်းအဆကို သိရှိနိုင်ဖို့ ခက်နေပါတယ်။

    ဒီနေ့ကနေစပြီး တစ်ပတ်တာလုံး ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာမယ်လို့ မိုးလေဝသလေ့လာသူဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

    အခုရေကြီးနေတဲ့ ရခိုင်မြောက်ပိုင်းဒေသတွေမှာ ရက်ဆက်မိုးကြီးတဲ့ဒဏ်ကြောင့် တောင်ပြို၊ မြေပြိုတဲ့အန္တရာယ်စိုးရိမ်ရတယ်လို့လည်း သဘာဝဘေးခန့်မှန်းထားပါတယ်။

    ဒါအပြင် စစ်တွေနဲ့အနီးတဝိုက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ရေစီးဆင်းမှုနှုန်း သိသိသာသာမြန်ဆန်လာပြီး ရေကြီးမယ့်ရက် ပိုနီးကပ်လာတာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

    ဒီဒေသရဲ့အထက်ပိုင်းဇုန်မှာ ရေစီးဆင်းတဲ့အရှိန်ဟာ အလွန်ပြင်းထန်တဲ့ ခရမ်းရောင်အဆင့်ရှိနေတာပါ။

    အနှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ကို ကျော်လွန်ဖို့ ၄၇ ရာခိုင်နှုန်းသေချာပြီး လွန်ခဲ့တဲ့ ၂နှစ်နဲ့ ၅ နှစ်က စံချိန်ထက်ကျော်ဖို့က ၁၀၀ ရာခိုင်နှုန်းသေချာသလောက်ရှိတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

    နေပြည်တော် မိုးလေဝသဌာနကလည်း ရခိုင်ပြည်နယ်ထဲ မိုးကြီးမယ်လို့ ခန့်မှန်းထားပါတယ်။

    အလယ်ပိုင်းနဲ့ မြစ်ဝအောက်ပိုင်းစစ်တွေအနီးမှာတော့ ရေစီးဆင်းတဲ့အရှိန်ဟာ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်မှာ အနီရောင်အဆင့် ရှိမယ်လို့လည်း မိုးလေဝသလေ့လာသူဦးဝင်းနိုင်ရဲ့ မနေ့က ဆန်းစစ်ချက်မှာ ဖော်ပြပါတယ်။

  7. နေတိုးအဖွဲ့ရဲ့ဒေါ်လာ ဘီလျံ ၅၀ ကျော်တန် ဒုံးလက်နက် စီမံကိန်းအသစ်

    ယူကေနိုင်ငံအပါအဝင် နေတိုးအဖွဲ့ဝင် ၁၂ နိုင်ငံဟာ ဥရောပကို ကာကွယ်ဖို့ရာ တာဝေးပစ် ဒုံးကျည်စနစ်အသစ် တစ်ရပ်ကို လာမယ့် ၁၀ နှစ်အတွင်း ဖော်ဆောင်ဖို့ရာ ဒေါ်လာ ဘီလျံ ၅၀ ကျော် အသုံးပြုမယ်လို့ ကြေညာလိုက်ပါတယ်။

    ယူကေနိုင်ငံ ဦးဆောင်တဲ့စစ်ရေး မဟာမိတ်တွေရဲ့ ဒီ ဒုံးစနစ် ပရောဂျက်အသစ်ကို "The Deep Precision Strike" ဆိုပြီး နာမည် ပေးထားပါတယ်။

    ပစ်မှတ်တွေကို အစွမ်းကုန် အတိအကျ ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့စနစ်လို့ အဓိပ္ပာယ်ရပြီး Deep Strike လို့ အတိုကောက် ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  8. ချင်းဖိုက်တာ ဂျော့ရှုဝါဗန် အထိုးဖောက်နိုင်ဆုံးဖိုက်တာဆုရရှိ

    UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်ကတော့ ၂၀၂၆ ခုနှစ်ရဲ့တစ်နှစ်တာအတွင်း အရှိန် အဟုန်ကောင်းကောင်းနဲ့ ထိုးဖောက်တိုးတက်လာတဲ့ ကစားသမား ဖိုက်တာဆု ရရှိသွားပြန်ပါပြီ။

    အမေရိကန်နိုင်ငံ၊ လက်ဗီးဂတ်စ်မြို့မှာ ဇူလိုင် ၈ ရက်က ပြုလုပ်တဲ့ ၁၇ ကြိမ်မြောက် ကမ္ဘာ့ MMA နှစ်ပတ်လည်ဆုပေးပွဲမှာ ဂျော့ရှုဝါ ဗန်ကိုယ်တိုင် ဆု တက်ယူခဲ့ပါတယ်။

    ဒီဆုရရှိတဲ့အတွက် “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဂျော့ရှုဝါ ဗန်က ဆုတက်ယူချိန်မှာ ကျေးဇူးတင်စကားကို ခပ်တိုတိုပဲ ပြောသွားပါတယ်။

    စင်ပေါ်မှာလည်း သူ့ရဲ့အဖွဲ့ကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ချင်းဖိုက်တာဟာ သူ့ရဲ့လူမှုကွန်ရက် အင်စတာဂရမ်မှာလည်း အဖွဲ့လိုက်ညီညွတ်လို့ အိမ်မက်တွေ အကောင်အထည်ပေါ်လာတာလို့ ပြောထားပါတယ်။

    ဂျော့ရှုဝါ ဗန်ဟာ တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆုကို တခြားဆန်ခါတင်စာရင်းဝင်သူ ၅ ဦးထဲကနေမှ ရွေးချယ်ခံရတာဖြစ်ပါတယ်။

    ဒီဆုအပြင် တစ်နှစ်တာ အကောင်းဆုံးပွဲအဖြစ် ‌ UFC 317 ရဲ့ ဂျော့ရှုဝါ ဗန်နဲ့ ဘရန်ဒန် ရိုဗဲတို့ရဲ ပွဲက တခြားဆန်ခါတင်စာရင်းဝင်ပွဲ ၄ ခုကို ကျော်တက်ပြီး ဆုရရှိပါတယ်။

  9. သမ္မတအာဏာစက်ကို ပိုကျယ်ပြန့်စေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ ၄၃ ချက်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ဆီကို အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၁ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားပါတယ်။

    ဒီ ၄၃ ချက်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ အထိ သုံးနှစ်ကျော်အတွင်း တပ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တို့ရဲ့ ဆွေးနွေးပွဲ ၂၈ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပွဲ ၁၄ ကြိမ်အတွင်း ရခဲ့တဲ့သဘောတူညီချက်တွေလို့ ဖော်ပြထားပါတယ်။

    ဘီဘီစီက ကြည့်ရှုခွင့်ရခဲ့တဲ့အဲဒီသဘောတူညီချက်စာချုပ်ထဲမှာတော့ ပြင်ဆင်ချက်အများစုဟာ အရင် လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။

    အဲဒီ ၄၃ ချက်လုံးကို လေ့လာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ အုပ်ချုပ်ရေးအာဏာ executive level ကို ပိုပြီး ကျယ်ပြန့်စေတဲ့ ပြင်ဆင်ချက်တွေလို့ ဘီဘီစီကိုပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. ထိုင်းနဲ့ NUG၊ EROs တွေ သီးခြားအလွတ်သဘောတွေ့ဆုံဖို့ရှိနေ

    လာမယ့် ဇူလိုင် ၁၃ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက K2C အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် EROs အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကို သီးခြားစီအလွတ်သဘော တွေ့ဆုံဖို့ရှိတယ်လို့ ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်က ပြောပါတယ်။

    K2C အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဘက်က ပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေးသတင်းရင်းမြစ်ကတော့ ဒီအစည်းအဝေးကို အတည်မပြုနိုင်သေးကြောင်း ဘီဘီစီကို တုံ့ပြန်ပါတယ်။

    အဲဒီတ‌‌နေ့တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့လည်း အလွတ်သဘောသီးခြားထပ်မံတွေ့ဆုံမယ်လို့ သိထားရကြောင်း သံတမန်ရင်းမြစ်နဲ့ NUG နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    EROs၊ NUG တို့နဲ့ နှစ်ဖွဲ့ ခွဲပြီး သီးခြားတွေ့ဆုံမှုမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပဲတွေ့ဆုံမှာဖြစ်ပြီး တခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မပါဘူးလို့ NUG နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီအစည်းအဝေးတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ဘန်ကောက်အခြေစိုက် သံတမန်သတင်းရင်းမြစ်ကတော့ ''တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အသံတွေနဲ့ NUG နဲ့ SCEF ရဲ့အခြေအနေတွေကို ထိုင်းအစိုးရဘက်ကသိချင်တဲ့ သဘောပါ'' လို့ သူ့အမြင်ကို ပြောပါတယ်။

    အာဆီယံအဖွဲ့ အတွင်းက ထွက်ပေါ် လာတဲ့သတင်းတွေအရ မြန်မာ့အရေးဖြေရှင်းဖို့ Special Envoy for Myanmar Affairs မြန်မာ့အရေးအထူးသံတမန်ကို သီးခြားခန့်သင့်ကြောင်း အဆိုပြုချက်တွေရှိပါတယ်။ ဒီပြောဆိုဆွေးနွေးချက်တွေကို ၂၀၂၆ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကလည်း ထည့်သွင်းစဥ်းစားနေတယ်လို့ သံတမန်သတင်းရင်းမြစ်တချို့က အစောပိုင်းမှာ ပြောထားပါတယ်။

    မြန်မာ့အရေးအထူးသံတမန်ကို ထိုင်းက ယူနိုင်ပြီး သူရဲ့တက်ကြွမှုဟာ သူ့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊ လုံခြုံရေးစဥ်းစားချက်တွေနဲ့လည်း ချိတ်ဆက်နေသလို တစ်ချိန်တည်းမှာ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်လည်း ပုံဖော်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

  11. ထိုင်းဦးဆောင်ပြီး ဖိလစ်ပိုင်အပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နဲ့နေပြည်တော်ဝန်ကြီးပတ္တရားမှာ အလွတ်သဘောတွေ့မယ်

    လာမယ့် ဇူလိုင် ၁၂ ရက် မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ထိုင်းနိုင်ငံ၊ ပတ္တရားမှာ တွေ့ဆုံဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

    ''ဟုတ်ပါတယ်။ မြန်မာက နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဘာကြောင့်တွေ့မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောပါတယ်။

    နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးမယူခင် အာဏာသိမ်းစစ်ခေါင်းဆောင် အချိန်ကလည်း သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ ပတ္တရားမှာ အလွတ်သဘောတွေ့ဆုံမှုတွေရှိခဲ့ပါတယ်။

    ဒီအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်ဆက်သွယ်မေးမြန်းထားပါတယ်။

    ဒီအစည်းအဝေးပွဲအကြောင်းသိထားတဲ့ ဘန်ကောက်အခြေစိုက်သံတမန်ရင်းမြစ်တစ်ဦးကတော့ '' ထိုင်းရဲ့ ခြေလှမ်းက မြန်မာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ ရည်ရွယ်ပြီး တဖွဲ့ချင်းစီကိုသီးခြားတွေ့နေသလို အာဆီယံနဲ့ နေပြည်တော်ကြားပေါင်းကူးပေးနေတာ'' လို့ သူ့အမြင်ကိုပြောပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ့အရေးမှာ ထိုင်းဘက်ကလည်း ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ဖူးပါတယ်။

    ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံရဲ့အရေးကို အာဆီယံလမ်းကြောင်းအောက်ကပဲ ချဥ်းကပ်ဖြေရှင်းဖို့ဆိုတဲ့မူကို ထိုင်းဘက်က ကျော်လွှားဖို့ ခက်ခဲခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းက တာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

  12. ရန်ကုန်၊ အာဇာနည်နေ့ ဗိမာန်၊ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးဝင်ခွင့်အတွက် ပစ္စည်း ၁၀မျိုးကန့်သတ်ထား, အာဇာနည်နေ့အခမ်းအနား ဒရုန်းပျံခွင့်ပါပိတ်ထား

    ဒီနှစ် ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားကို ဒရုန်းယူလာတာ၊ လွှတ်တင်တာကို ကန့်သတ်ထားပါတယ်။

    ဒါ့အပြင် ဗိမာန်ထဲ ဝင်ရောက်ချိန်မှာ ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုးယူလာခွင့်မပြုဘူးလို့ နိုင်ငံပိုင်သတင်းစာက ဇူလိုင် ၉ ရက်မှာကြေညာပါတယ်။

    ဖုန်း၊ ကင်မရာ၊ အလံ၊ အလံကိုင်ဖို့သုံးတဲ့ တုတ်နဲ့ ပိုက်တွေ၊ ဗီနိုင်း၊ ပန်းခွေ/ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ပုလင်း/ဗူးအမျိုးမျိုး၊ လက်ကိုင်အိတ်၊ မီးခြစ်နဲ ‌ဘောလ်ပင်တို့ ကိုကန့်သတ်ထားတာပါ။

    ဒီပစ္စည်းတွေကို အာဇာနည်ဗိမာန်အပြင် ဝန်ကြီးများရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်မယ့်သူတွေကိုပါ ယူလာရင် ဝင်ခွင့်မပြုဘူးလို့ ကြေညာထားတာ ဖြစ်ပါတယ်။

    အာဇာနည်နေ့မှာ ပြည်သူလူထုသွားရောက်လေ့ရှိတဲ့ ဒီနေရာ ၃ ခုကို ဝင်ရောက်ခွင့်ရဖို့အတွက် နာမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာနဲ့ ဖုန်းနံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေ ‌ပေးရမယ်လို့ လည်းဆိုပါတယ်။

    ဝင်ခွင့်အတွက် အထောက်အထားကတ်ပြားတစ်ခုခုယူဆောင်လာဖို့လည်း ပြောထားပါတယ်။

    ဒီလိုကန့်သတ်ချက်တွေရှိနေတာကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဇာနည် ၉ ဦးနဲ့ ပတ်သက်တဲ့နေရာတွေကို သွားရောက်လေ့လာသူတွေ လျော့ကျလာပါတယ်။

    ဦးမင်းအောင်လှိုင်တက်ရောက်တဲ့ ပြီးခဲ့တဲ့နှစ်အာဇာနည်နေ့ အခမ်းအနားတုန်းကလည်း ပစ္စည်း ၁၀ မျိုးယူဆောင်ခွင့်နဲ့ ဒရုန်းပျံသန်းခွင့်ကို ကန့်သတ်ခဲ့ပါ‌သေးတယ်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း ၂၀၂၅ ခုနှစ် အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၃ ရက်ကတည်းက မြို့နယ်တွေနဲ့ မြို့ဝင်မြို့ထွက်တွေမှာ ယာဥ်အမျိုးမျိုးကို တားဆီးစစ်ဆေးတာ လုပ်ခဲ့ပါတယ်။

  13. ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေသူတွေ ကြိုပြင်ဆင်ဖို့သတိပေး

    ရန်ကုန်မြို့၊ ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်လို့ မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဒီနေ့ သတိပေးချက်ထုတ်ပြန်ပါတယ်။ ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်လို့ အခုလိုသတိပေးချက်ကြိုထုတ်တာလို့ ဆိုပါတယ်။

    အဲဒီရက်ပိုင်းအတွင်း ဒီရေမြင့်တက်လာတဲ့အခါ ရန်ကုန်မြစ်ရဲ့ဒီရေအမြင့်စံ သတ်မှတ်ချက်ထက် ပေ ၂၀ ကျော်အထိမြင့်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

    ဒီနေ့မနက်ပိုင်းအထိ မြစ်ရေဆက်တိုးနေတဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေကတော့ နောက်နှစ်ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘားအံမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ကြိုတင်သတိပြုမိဖို့၊ မြစ်ရေတက်လာရင် အချိန်မီရှောင်ရှားဖို့ သတိပေးလာတာဖြစ်ပါတယ်။

    “မြို့ခံတွေကတော့ ကမ်းနားလမ်းနဲ့ အမှတ် ၂ ရပ်ကွက်ဘက်ကို စောင့်ကြည့်ကြတယ်။ အဲ့ဒီနေရာတွေ ရေကျော်ရင် မြို့ရေကြီးပြီဆိုတော့လေ။ အခုထိတော့ လမ်းပေါ်ရေမတက်လာသေးဘူး” လို့ ဘားအံမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မိုးဇလရဲ့ ဒီနေ့မနက်ပိုင်းတိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကို ရောက်နေပါတယ်။ ဒီမနက် ၈ နာရီအချိန်တိုင်းတာချက်အရလည်း ဒီနေ့ကနေ ဇူလိုင် ၁၇ ရက်အထိ ရန်ကုန်နဲ့ ကရင်ပြည်နယ်မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

    ဒါ့အပြင် တခြားတိုင်းနဲ့ ပြည်နယ် ၉ ခုမှာလည်း မိုးကြီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းအနီးနေသူတွေကို သတိပြုနေထိုင်ဖို့ ပြောထားပါတယ်။

  14. မင်္ဂလာပါ။ ဇူလိုင် ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။