ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဂျပန်အိပ်မက်အတွက် JLPT ဖြေတဲ့မြန်မာလူငယ် ၉ သောင်းနီးပါးရှိ

ဂျပန်ကို သွားပြီး အလုပ်အကိုင်အခွင့်အလမ်းရဖို့ မြန်မာလူငယ် ၉ သောင်းဝန်းကျင် JLPT စာမေးပွဲ ဖြေကြတဲ့သတင်းအပါအဝင် ဇူလိုင် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထောင်ဒဏ်ကျခံနေရတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ဟာ NUG ကို ဆက်သွယ်အားပေးတယ်လို့ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၅ နှစ် ထပ်မံချမှတ်ခံလိုက်ရပါတယ်
  • အမေရိကန်ပြည်ထောင်စု၊ ဆီယက်တယ်ကွင်းမှာ ဘယ်လ်ဂျီယံနဲ့ကစားတဲ့ပွဲမှာ အမေရိကန်ဟာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားကနေ နုတ်ဆက်ရတဲ့ အခုနှစ်ရဲ့နောက်ဆုံး ပူးတွဲအိမ်ရှင်ဖြစ်လာပါတယ်
  • ရုရှားလေကြောင်းတိုက်ခိုက်ခံရမှု တိုးလာလို့ တူရကီမှာလုပ်မယ့် နေတိုးအစည်းအဝေးပွဲမှာ လေကြောင်းရန်ကာကွယ်ရေးအကူအညီတောင်းမယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်
  • အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးအလောင်း မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ယာဝင်းထဲမှာ စွန့်ပစ်ခံရပါတယ်
  • NLD အစိုးရလက်ထက် စိုက်ထူခဲ့တဲ့ တောင်တွင်းကြီးနဲ့ မင်းဘူးမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်တွေကို ဇူလိုင် ၅ ရက်နဲ့ ၆ ရက်တွေမှာ ဆက်တိုက်ဖြိုချခံရပါတယ်
  • ရှမ်းပြည်နယ်အတွင်း တိုးချဲ့တူးဖော်လာတဲ့ မြေရှားနဲ့ သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းဘက်ခြမ်းကမြစ်တွေမှာ ညစ်ညမ်းမှုလာတဲ့ကိစ္စကို ချက်ချင်းဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်ရဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌက ဝန်ကြီးချုပ်ကို အိတ်ဖွင့်ပေးစာပေးပို့ပါတယ်
  • မြန်မာကနေ ဂျပန်ကို အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ ဖြေဆိုကြတဲ့ JLPT ဖြေဆိုသူ ၉ သောင်းဝန်းကျင်ရှိပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင်လ ၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ၂၀၂၆ ကမ္ဘာ့ဖလား - ၁၆ သင်း ရှုံးထွက်မှာ မက်ဆီနဲ့ ဆာလ ထိပ်တိုက်တွေ့

    နိုင်ငံ့ဂုဏ်ဆောင်ကစားသမားလို့ မှတ်ယူခံထားရတဲ့ ကမ္ဘာကျော် ကစားသမား နှစ်ယောက် မကြာခင်မှာ နိုင်ငံအသင်းတွေနဲ့အတူ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

    လီယွန်နယ် မက်ဆီ ခေါင်းဆောင်တဲ့အာဂျင်တီးနားနဲ့ မိုဟာမက် ဆာလ ခေါင်းဆောင်တဲ့ အီဂျစ်အသင်းတို့ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာဘောလုံးကွင်းကြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ကို တက်ဖို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

    ဒါပေမဲ့ သူတို့ နှစ်ဦးရဲ့ကမ္ဘာ့ဖလား ပုံရိပ်ကတော့ ထပ်တူ မကျနေပါဘူး။

    မက်ဆီဟာ ကမ္ဘာ့ဖလားမှာ ဂိုးတွေအများဆုံးသွင်းထားတဲ့ဆုရှင် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ အသက် ၃၉ နှစ်အရွယ် မက်ဆီအတွက် နောက်ဆုံးကန်တဲ့ပွဲလိုဖြစ်နေပါတယ်။

    တဖက်မှာလည်း အာဂျင်တီးနားအသင်းဟာ မက်ဆီအပေါ်မီခိုလွန်းတယ်လို့ အာဂျင်တီးနား ဘောလုံးသတင်းထောက်တွေက ဝေဖန်တာမျိုးရှိနေပါတယ်။

    မိုဟာမက် ဆာလရဲ့ဇာတ်လမ်းကတော့ တမျိုးထူးခြားပါတယ်။ အသက် ၃၄ နှစ်အရွယ် ဆာလအတွက် ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်တာလည်းဖြစ်ပြီး ၁၆ သင်းအဆင့် ရှုံးထွက်အထိ တက်လာတဲ့ အီဂျစ်နဲ့အတူ ကစားရမှာဖြစ်ပါတယ်။

    ဆာလဟာ အီဂျစ်မှာ ဘောလုံးသမားတစ်ဦးဆိုတာထက် အီဂျစ်နိုင်ငံသား သန်းချီအတွက် အတုယူအားကျစရာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်နေပါတယ်။ အီဂျစ်ရွာလေး တစ်ရွာကနေ ကမ္ဘာ့အားကစားရုံကြီးတွေအထိ တက်လှမ်းခဲ့တဲ့ ကစားသမားမို့ သူဟာ အီဂျစ်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာကစားသမားလည်းဖြစ်နေပြန်ပါတယ်။

    အခုတော့ နိုင်ငံအသင်းတွေ နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်ဟာ ဒီကစားသမားနှစ်ဦးအပေါ် မူတည်နေပါပြီ။

  3. ဆီးရီးယားမှာ ပြင်သစ်သမ္မတ တည်းနေတဲ့ဟိုတယ်အနီး ဗုံး ၂ လုံးပေါက်ကွဲ

    ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်းတည်းခိုနေတဲ့ဟိုတယ်အနီးမှာ ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

    အရပ်ဘက်အဖွဲ့တွေနဲ့ ပြင်သစ်သမ္မတ တွေ့ဆုံခဲ့တဲ့နေရာလည်းဖြစ်၊ ညအိပ်တည်းခိုတဲ့ နေရာလည်းဖြစ်တဲ့ဟိုတယ်အနီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

    ဒါပေမဲ့ သမ္မတမက်ကရွန်း ဘေးကင်းလုံခြုံတယ်ဆိုပြီး ပြင်သစ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဗုံးပေါက်ကွဲမှုတွေကြောင့် ရဲအမှုထမ်း ၄ ယောက်အပါအဝင် စုစုပေါင်း လူ ၁၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆီးရီးယားရုပ်သံက ဆိုပါတယ်။

    ပြင်သစ်သမ္မတရဲ့ယာဥ်တန်း ဆီးရီးယားသမ္မတ အိမ်တော်ဆီ ထွက်ခွာ သွားခဲ့ပြီးတဲ့နောက်မှာမှ ပေါက်ကွဲမှုတွေ ဖြစ်လာခဲ့တာလို့ လုံခြုံရေးပိုင်းသတင်းရင်းမြစ်က ပြောပါတယ်။

    “အွန်လိုင်းပေါ်ရောက်လာတဲ့မြင်ကွင်းတွေအရ ပြင်သစ်သမ္မတတည်းခိုရာ ဟိုတယ်ရှိတဲ့ အရပ်မှာ မီးခိုးတွေ အလုံးလိုက် ကောင်းကင်ပေါ် ထိုးတက်နေခဲ့ပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် အဲဒီတဝိုက်မှာ လုံခြုံရေး တင်းကျပ်လိုက်ပြီး အဝင်အထွက် မလုပ်နိုင်အောင် လမ်းတွေကို ပိတ်လိုက်ကြပါတယ်” ဘီဘီစီရဲ့အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ဟူဂို ဘာချေဂါက ပြောပါတယ်။

    သမ္မတ မက်ကရွန်းကတော့ ဆီးရီးသမ္မတ အာမက်ဒ် အယ်လ်-ရှာရာနဲ့ တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။

    သမ္မတ မက်ကရွန်းဟာ အာဆတ်အလွန် ဆီးရီးယားကို ပထမဆုံးရောက်လာတဲ့ အနောက်တိုင်းက ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

  4. ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT ဖြေဆိုသူ ၉ သောင်းဝန်းကျင်ရှိ

    မြန်မာမှာ ဇူလိုင် ၅ ရက်က ဒီနှစ်အတွက် ကျင်းပခဲ့တဲ့ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT)ကို ဖြေဆိုသူ ၉ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

    ဂျပန်စာ မိခင်ဘာသာစကား မဟုတ်တဲ့ နိုင်ငံခြားသားတွေအတွက် ဂျပန်စာ အရည်ချင်း အသိမှတ်ပြုနိုင်ဖို့ ကျင်းပတဲ့ဒီစာ‌မေးပွဲကို မြန်မာကနေ အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ ဖြေဆိုကြတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း JLPT ဖြေဆိုသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာတာကို JLPT ဝက်ဘ်ဆိုက်ရဲ့စာရင်းတွေအရ သိရပါတယ်။

    ၂၀၂၁ မတိုင်ခင်မှာ ဒီစာမေးပွဲတစ်ကြိမ်စစ်ဆေးရင် ဖြေဆိုသူ ပျမ်းမျှ ၂ သောင်းဝန်းကျင်သာ ရှိရာကနေ ဒီနောက်ပိုင်းမှာ ၁ သိန်းဝန်းကျင်အထိ ရှိလာတာပါ။

    ဒါပေမဲ့ အလုပ်အကိုင်အပိုင်းမှာတော့ မြန်မာဘက်က အလုပ်အကိုင်အေဂျင်စီတစ်ခုအနေနဲ့ တစ်လမှာ အလုပ်သမား ၁၅ ဦးသာ ဂျပန်ကို ပို့ဆောင်ခွင့်ရှိတာဖြစ်ပါတယ်။

    “တစ်လကို ဂျပန်က အလုပ်ခေါ်စာအများရရင်လည်း ဒီဘက်က လွှတ်နိုင်တဲ့အပေါ်မူတည်နေတယ်။ ဒီတစ်လ နှစ်လအတွင်းတော့ စေလွှတ်တဲ့လုပ်ငန်းစဥ်မြန်လာတာတော့ရှိတယ်” လို့ အလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ပြည်ပအလုပ်အကိုင် OWIC ရတာနဲ့ ထွက်ခွာခွင့် ထပ်တင်စရာမလိုတော့တာကြောင့်လို့ သူက ဆိုပါတယ်။

    ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ ဒီအရည်အချင်းစစ်စာမေးပွဲကို ဇူလိုင်နဲ့ ဒီဇင်ဘာလတွေမှာ တစ်နှစ်နှစ်ကြိမ်စစ်ဆေးနေတာဖြစ်ပါတယ်။

    စာမေးပွဲကြေးအနေနဲ့ N1၊ N2၊ N3 အတွက် ၅၇,၀၀၀ ကျပ်နဲ့ N4၊ N5 အတွက် ၅၂,၀၀၀ ကျပ် ပေးသွင်းရတာဖြစ်ပါတယ်။

  5. မြန်မာက မြေရှားနဲ့ သတ္တုတူးဖော်မှုကြောင့် ညစ်ညမ်းလာတဲ့ ထိုင်းမြစ်တွေအရေးဖြေရှင်းပေးဖို့ ထိုင်းအမတ်က ဝန်ကြီးချုပ်ကိုတောင်းဆို

    မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်အတွင်း တိုးချဲ့တူးဖော်လာတဲ့ မြေရှားနဲ့ သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းဘက်ခြမ်းကမြစ်တွေမှာ ရေညစ်ညမ်းမှုဖြစ်လာတဲ့ကိစ္စကို ချက်ချင်းဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်ရဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌက ဝန်ကြီးချုပ်ကို အိတ်ဖွင့်ပေးစာပေးပို့ တိုက်တွန်းလိုက်ပါတယ်။

    ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေးကောင်စီအလုပ်အဖွဲ့တွေက ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ရက် ၆၀ အတွင်းဖြေကြားဖို့ ထိုင်းအစိုးရကို စာပေးပို့မေးမြန်းထားပါတယ်။ ထိုင်းအစိုးရဘက်က အဲဒီမေးမြန်းချက်ကို လဝက်ကျော်တဲ့အထိ အကြောင်းမပြန်တာကြောင့် အခုလိုစာထပ်ပို့တာလို့ နိုင်ငံရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌ နော်ရဆတ် ပရာချယာကွန်က ဆိုပါတယ်။

    အိတ်ဖွင့်ပေးစာထဲမှာ အစိုးရက ကုလကို စာပြန်ဖို့၊ လူထုကိုတိုးတက်မှုချပြဖို့နဲ့ ကော်မတီကို တာဝန်ရှိသူတစ်ယောက်စေလွှတ်ရှင်းလင်းပေးဖို့ ပြောထားပါတယ်။

    မြန်မာနဲ့ထိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခုတ်မြစ်၊ ရောက်မြစ်၊ စိုင်မြစ်နဲ့ မဲခေါင်မြစ်တွေ အဆိပ်သင့်လာတဲ့အခြေအနေကြောင့် ပြည်သူ့ကျန်းမာရေးကို ဘယ်လိုကာကွယ်နေလဲဆိုတဲ့ မေးခွန်းအပါအဝင် မေးခွန်း ၄ ခုကို ကုလကမေးထားတာဖြစ်ပါတယ်။

    မြစ်တွေညစ်ညမ်းရတာဟာ ချင်းရိုင်ခရိုင်တစ်ခုတည်းရဲ့ ပြဿနာ ဒါမှမဟုတ် ထိုင်းမြောက်ပိုင်းရဲ့ ပြဿနာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ ထိုင်းလူ့အခွင့်အရေးအတွက် အခြေခံအကျဆုံး အရေးကိစ္စဖြစ်တယ်လို့ နော်ရဆတ် ပရာချယာကွန်ကပြောပါတယ်။

    နယ်စပ်ဖြတ်ကျော်ပြဿနာလည်းဖြစ်တာကြောင့် နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် လျင်လျင်မြန်မြန်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောထားတာပါ။ ပြဿနာရဲ့အရင်းခံကို ဖြေရှင်းဖို့ သံတမန်ရေးတွေကို အသုံးပြုပြီး အရှိန်မြှင့်တင်ဖို့လည်း တိုက် တွန်းထားပါတယ်။

    မနေ့ ဇူလိုင် ၆ ရက်ကလည်း ထိုင်းဘက်ကို သက်ရောက်မှုရှိနေတဲ့ မြစ်ရေညစ်ညမ်းမှုကိစ္စအတွက် ထိုင်းနိုင်ငံသား တချို့က ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ဒီဆန္ဒထုတ်‌‌ဖော်မှုအတွင်းမှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့လို့ ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

  6. တောင်တွင်းကြီးနဲ့ မင်းဘူးက ဗိုလ်ချုပ်ကြေးရုပ်တွေ ထပ်မံဖြိုချခံရ

    မကွေးတိုင်းထဲက တောင်တွင်းကြီးနဲ့ မင်းဘူးမြို့ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဇူလိုင် ၅ ရက်နဲ့ ၆ ရက်တွေမှာ ဆက်တိုက်ဖြိုချခဲ့တယ်လို့ မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။

    ဖြိုချခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုအများစုဟာ NLD အစိုးရလက်ထက်က စိုက်ထူခဲ့တဲ့ ရုပ်တုတွေဖြစ်နေတယ်လို့ သိရှိရပါတယ်။

    တောင်တွင်းကြီးနဲ့ မင်းဘူးမြို့ပေါ်က ရုပ်ထုတွေကိုလည်း ရှေ့က ဖျက်ချခဲ့တဲ့ နည်းလမ်းအတိုင်းပဲ ညပိုင်းတွေမှာ လာရောက်ဖြိုချတာလို့ တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “ပန်းခြံကိုလည်း အစိမ်းစတွေနဲ့ ကွယ်ကာထားပါတယ်။ အပြင်လူလည်း ဝင်ခွင့်မပေးပါဘူး” လို့ သူက ပြောပါတယ်။

    ဒီကြေးရုပ်ရဲ့ ဘေးမှာစိုက်ထူထားတဲ့ တခြားသော အာဇာနည်ခေါင်းဆောင် ၈ ဦးရဲ့ ကြေးရုပ်တွေပါ ဖြိုချလိုက်ပြီလို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင်က ဆိုပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ဇာတိဖြစ်တဲ့ မင်းဘူးမြို့လွတ်လပ်ရေးကျောက်တိုင်ပန်းခြံက ဗိုလ်ချုပ်ကြေး ရုပ်လည်း ဇူလိုင် ၅ ရက်ညပိုင်းမှာ ဖြိုချလိုက်ပြီလို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

    ဒီကြေးရုပ်ကို ၂၀၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်စိုက်ထူခဲ့တာလို့ ဆိုပါတယ်။

    ဇူလိုင် ၁ ရက်တုန်းကလည်း ရန်ကုန်က တောင်ဥက္ကလာမြို့နယ်၊ သုမင်္ဂလာပန်းခြံက ကြေးရုပ်နဲ့ သာကေတမြကန်သာပန်းခြံက ကြေးရုပ်တွေ ဖယ်ရှားခံခဲ့ရပါသေးတယ်။

    ဘီဘီစီက စုစည်းထားတဲ့အချက်အလက်အရ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်လက်အောက်အာဏာပိုင်တွေနဲ့ သူ့ရဲ့ အစိုးရဌာနတွေက ဖယ်ရှားလိုက်တဲ့ ဗိုလ်ချုပ်ကြေးရုပ် ၁၁ ရုပ်အထိ ရှိလာပြီဖြစ်ပါတယ်။

  7. ရန်ကုန်၊ မင်္ဂလာဒုံမှာ လည်ပင်းကြိုးညှစ်ဒဏ်ရာနဲ့ အမျိုးသမီးအလောင်းစွန့်ပစ်ခံရ

    စွန့်ပစ်ခံထားရတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးအလောင်းကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ယာဝင်းထဲမှာ တွေ့ရတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

    ဇူလိုင် ၆ ရက်၊ မနက်ပိုင်းမှာတွေ့ရတဲ့ အဲဒီအလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ညှစ်ခံထားရတဲ့ ဒဏ်ရာတွေတွေ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုထားတာပါ။ အမည်မသိအလောင်းကို မြောက်ဥက္ကလာမြို့နယ်က မေဓာဝီဆေးရုံကို ရဲဆေးစာနဲ့ပို့ထားပြီး သေဆုံးသူကို သိရှိရင် ဆက်သွယ်ကူညီပေးဖို့ ပုလဲအရန်မီးသတ်က လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။

    ဒီအမျိုးသမီးရဲ့ လက်နဲ့ကျောကုန်းမှာ တက်တူးပုံတွေရှိတယ်လို့လည်း ပြောပါတယ်။ လူမှုကွန်ရက်မှာတွေ့ရတဲ့ပုံတွေအရ ကျောဘက်မှာ Dream Catcher နဲ့ ဇာမဏီငှက်လို့ ယူဆရတဲ့ တက်တူးပုံကို ထိုးထားတာတွေ့ရပါတယ်။

    ပုလဲအရန်မီးသတ်က လမ်းဘေးကနေ ဆေးရုံကို ပို့ဆောင်ပေးရတဲ့ ပိုင်ရှင်မဲ့အလောင်းဟာ တစ်လမှာ ၂ လောင်းကနေ ၃ လောင်းအထိဖြစ်ပြီး အများစုက အိမ်ခြေမဲ့ဖြစ်နေသူတွေကို တွေ့ရတယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာ လူသတ်မှုသံသယနဲ့တွေ့ရှိရတဲ့ အလောင်းကတော့ မနေ့က ပုလဲအိမ်ယာဝင်းထဲမှာ တွေ့တဲ့ အမျိုးသမီးက ပထမဆုံးဖြစ်တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

    ဇူလိုင် ၃ ရက်တုန်းကလည်း ရန်ကုန်၊ ထန်းတပင်မြို့နယ်က တူးချောင်းရွာမှာနေတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်၊ နားကပ်လုယက်သတ်ဖြတ်ကာ ရွာအမှိုက်ပုံမှာ ပစ်ခဲ့တဲ့ အမှုဖြစ်ခဲ့ပါတယ်။ ဒီအမှုအတွက် သံသယရှိသူကိုတော့ ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့ဘက်က ပြောထားပါတယ်။

  8. ပူးတွဲအိမ်ရှင်အသင်းတွေ နှုတ်ဆက်သွားရပြီဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား

    ၂၀၂၆ ကမ္ဘာ့ဖလားဟာ ၃ နိုင်ငံပူးတွဲပြီး ထူးထူးခြားခြား ကျင်းပတာဖြစ်ပေမဲ့ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ဟာ ၁၆ သင်း ရှုံးထွက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြလို့ ပြိုင်ပွဲကနေ နုတ်ထွက်သွားရတာဖြစ်ပါတယ်။

    ကနေဒါနဲ့ မက္ကဆီကိုအသင်းတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြိုင်ပွဲကနေ နုတ်ဆက်ထွက်ခွာသွားရတာဖြစ်ပေမဲ့ အမေရိကန်ကတော့ မနေ့ညက ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင် ကစားတဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

    ပြိုင်ပွဲမတိုင်ခင်တုန်းကတော့ အရင်တစ်ပတ် ဘော့စနီးယားနဲ့ပွဲမှာ အနီကတ်အပြခံရတဲ့ အမေရိကန်တိုက်စစ်မှူးရဲ့ပြစ်ဒဏ်ကို ဆိုင်းငံ့ဖို့ ထရမ့်က ဖီဖာဥက္ကဋ္ဌကို ဖုန်းဆက်ပြောခဲ့တာကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။

    ဒါကြောင့်ပဲ အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလဂန်ဟာ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ထားဖို့ ဖီဖာက ဆုံးဖြတ်ခဲ့လို့ မနေ့ညက ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဝင်ပြိုင်ခွင့်ရပါတယ်။

    ဒါပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ အမေရိကန်အတွက် ၃ ဂိုးနဲ့ အများဆုံးသွင်းထားတဲ့တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံနဲ့ ကစားတဲ့ရှုံးထွက်ပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    အမေရိကန်အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ မလိဒ် တေးလ်မန်းက ပထမပိုင်း ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူခဲ့ပေမဲ့ ဘယ်လ်ဂျီယံက မိနစ်ပိုင်းမှာ ချေပဂိုး အသွင်းခံရပြီး ပွဲပြီးချိန်အထိ ဂိုးထပ် မသွင်းနိုင်ခဲ့တာကြောင့် ဘယ်လ်ဂျီယံကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။

    တဖက်မှာလည်း ဘယ်လ်ဂျီယံဟာ အမေရိကန်ကို နိုင်ပြီး ကွာတားဖိုင်နယ် တက်ပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်တဲ့ ၄ ကြိမ်မှာ ၃ ကြိမ်အထိ ကွာတားဖိုင်နယ် ရောက်လာတာဖြစ်ပါတယ်။

  9. လွတ်လပ်ရေး၊ စစ်တပ်နဲ့ ဒီမိုကရေစီကို မွေးဖွားပေးခဲ့တဲ့ကျောင်းသားသပိတ်များ

    ၁၉၃၆ ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပွားတာနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ခဲ့တာ နှစ် ၉၀ ပြည့်ခဲ့ပါပြီ။ ကိုလိုနီခေတ် ကျောင်းသားသပိတ်ကြီး သုံးခုကို မြန်မာပြည်မှာ အမှတ်တရ မရှိလှကြတော့ပေမယ့် ဒီသပိတ်တွေရဲ့ အကျိုးဆက်က ခုထိ တွေ့နေရပါတယ်။

    တည်ထောင်စ ရန်ကုန်တက္ကသိုလ်ကို မှောက်တဲ့ ၁၉၂၀ ပထမသပိတ်ကို အမျိုးသားနေ့နဲ့ တွဲပြီး သိကြသလို ၁၉၃၈-၃၉ က ဖြစ်တဲ့ တတိယသပိတ်ကိုလည်း ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ သိကြပါတယ်။

    အိုးဝေမဂ္ဂဇင်းပါ ငရဲခွေးကြီး ဆောင်းပါးနဲ့ ပတ်သက်ပြီး အယ်ဒီတာကိုအောင်ဆန်းနဲ့ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်ရာကနေ စတင်တဲ့ ၁၉၃၆ ဒုတိယသပိတ်ကို ဒီခေတ်လူငယ်တွေ အမှတ်တမဲ့ ဖြစ်တတ်ကြပေမယ့် ဒီသပိတ်ကစတဲ့ လှုပ်ရှားမှုအဆင့်ဆင့်နဲ့ပဲ ဂျပန်လက်အောက်မှာ မြန်မာ့တပ်မတော် စတင်ပေါ်ထွန်းလာသလို မြန်မာပြည် လွတ်လပ်ရေးကိုလည်း ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးစမှာ နှစ်ကြိမ်ယူခဲ့ကြပါတယ်။

    နောက် ဒီကျောင်းသားအုပ်စုတွေ ပါဝင်တဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ပါတီတွေကြောင့်ပဲ မြန်မာပြည်မှာ ၁၉၈၈ ထိ လက်ဝဲနက္ခတ်နဲ့ စန်းယှဉ်ပြီး ဆိုရှယ်လစ်အစိုးရတွေ တက်ခဲ့ကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. ရခိုင်ဝန်ကြီးချုပ် ဦးညီပုသမီး မမိုးဆန်းစုကြည် ထောင် ၅ နှစ်ထပ်ချခံရ

    လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်လာသေးတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ကို ကမာရွတ်တရားရုံးက ဇူလိုင် ၆ ရက်မှာ ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တယ်လို့ မိသားစုဆီကနေ သိရပါတယ်။

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ပုဒ်မ ၅၂(က)နဲ့ ချလိုက်တာလို့ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် က ဘီဘီစီကို ပြောပါတယ်။

    မမိုးဆန်းစုကြည်ကို ဒီပုဒ်မတပ်ရတဲ့အကြောင်းရင်းကိုတော့” NUGကို ဆက်သွယ်အားပေးမှု၊ ဒေါ်ဇင်မာအောင်တို့နဲ့ ဆက်သွယ်မှု၊ CDM တွေကိုအားပေးမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆက်သွယ်မှုတွေတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်”လို့ မိသားစုဘက်က ဘီဘီစီကိုပြောပါတယ်။

    မမိုးဆန်းစုကြည်ကို တပ်လိုက်တဲ့ အကြမ်းဖက်ပုဒ်မဟာ ပြီးခဲ့တဲ့လွတ်ငြိမ်းတုန်းက အကျဥ်းသူ/ အကျဥ်းသား ၇၃၀၀ ကျော်ကို လွတ်ငြိမ်းပေးပြီး အမှုပေါင်း ၉၅၀၀ ကျော်ကိုပိတ်သိမ်းပေးခဲ့တဲ့ ပုဒ်မ ၂ ခုထဲက တစ်ခုဖြစ်ပါတယ်။

    “မိသားစုအနေနဲ့ကတော့ သမီးဖြစ်သူဟာ အပြစ်ကျခံနေချိန်မှာ ဘယ်အဖွဲ့နဲ့မှ ဆက်သွယ်တာမရှိ သလို နိုင်ငံတော်က ဒီ ၅၂(က)အမှုတွေကို တရားဝင်ပိတ်ပေးတဲ့အတွက် လွှတ်ပေးစေချင်ပါတယ်” လို့ မိခင်ဒေါ်ဝင်းကြည်ကပြောပါတယ်။

    မမိုးဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားသင်းဆက်သွယ်မှုတို့နဲ့ ၂၀၂၁ ခုနှစ်ကတည်းက ထောင် ၆ နှစ် ချခံထားရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ် ၇ ရက်ကတည်းက လွတ်ရက်စေ့နေပေမဲ့ အင်းစိန်ထောင်မှာ ဆက်လက် ဖမ်းဆီးခံရထားပြီး မနေ့က အကြမ်းဖက်ပုဒ်မနဲ့ထောင်ဒဏ်ထပ်မံချခံလိုက်ရတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ NLDအစိုးရရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး အခုထိပြန်လည်လွတ်မြောက်တာမရှိသေးပါဘူး။

    ထောင်တွင်းမှာနေချိန် မျက်စိခွဲစိတ်ကုသမှုလည်းခံယူထားရတယ်လို့ မိသားစုဆီကနေသိရပါတယ်။

  11. မင်္ဂလာပါ။ ဇူလိုင် ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။