ဂျပန် ဧကရာဇ် ထီးနန်း စွန့်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန် ဧကရာဇ် အခီဟီတိုက လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ထီးနန်း စွန့်ဖို့ ရည်ရွယ် ထားတယ်လို့ ကြေညာ လိုက်ပါတယ်။
အခု နှစ်တွေ အတွင်း ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံလာရတဲ့ အသက် ၈၂ နှစ် အရွယ် ဂျပန် ဧကရာဇ် အနေနဲ့ သူ့ရဲ့ ရုံးတာဝန်တွေကို လျှော့ချရမယ် ဆိုရင် ဧကရာဇ် အဖြစ်နဲ့လည်း ဆက်နေဖို့ ဆန္ဒ မရှိကြောင်း သတင်းတွေက ဆိုပါတယ်။
ဧကရာဇ် အခီဟီတို ထီးနန်း စိုးစံတဲ့ သက်တမ်းက ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး၊ သူ အခုလို နန်းစွန့်မယ့် အဖြစ်ဟာ ခေတ်သစ် ဂျပန်မှာ မကြုံဖူးသေး ပါဘူး။
သူ့ရဲ့ အကြီးဆုံး သားတော် ဖြစ်တဲ့ ၅၆ နှစ်အရွယ် မင်းသား နာရူဟီတိုက ထီးနန်းကို ဆက်ခံရဖို့ ရှိပါတယ်။
ဧကရာဇ် အခီဟီတိုဟာ ဂျပန် လူမျိုး အများစုရဲ့ အထူး လေးစားမှုကို ခံယူရသူ ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ်ရဲ့ တရားခံဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ ခပ်ခွာခွာ နေခဲ့တဲ့အပေါ် အများက သူ့ကို လေးစားကြတာ ဖြစ်ပါတယ်။




