ဂျပန် ပါလီမန် ရွေးကောက်ပွဲ အာဘေ ဦးဆောင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲ အတွက် လူထုမဲပေးလို့ ပြီးဆုံး သွားတဲ့အခါမှာ လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေအစိုးရအနေနဲ့ ပါလီမန်မှာ အမတ်အများစုနိုင်မယ်လို့ မဲပေးပြီးသူတွေထံမှ စစ်တမ်းကောက်ယူချက်အရသိရပါတယ်။
အခုရွေးကောက်ပွဲမှာ ဂျပန်အထက်လွှတ်တော်အတွက် အမတ်နေရာတဝက်ကိုရွေးနေတာဖြစ်ပြီး ၀န်ကြီးချုပ် အာဘေကသူ့ရဲ့စီးပွားရေးပေါ်လစီတွေကို ပြောင်းဖို့ထောက်ခံမှုလိုနေတာဖြစ်ပါတယ်။
တကယ်လို့ အာဘေဟာ လက်ရှိအောက်လွှတ်တော်မှာလိုဘဲ အထက်လွှတ်တော်မှာ အမတ်သုံးပုံ၂ပုံအများစုရရင် အခြေခံဥပဒေကိုပြင်ဖို့ လူထုဆန္ဒခံယူပွဲလုပ်နိုင်မှာဖြစ်ပါတယ်။
အဲဒီဆန္ဒခံယူပွဲကနေ ဂျပန်ရဲ့စစ်ရေးအရဆောင်ရွက်နိုင်တာတွေကန့်သတ်ထားတာကိုဖြေလျှော့်ဖို့ဖြစ်ပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီက အမတ်၂၄၂နေရာရှိတဲ့အထက်လွှတ်တော်မှာ အခု အမတ်၁၁၆နေရာရထားပြီး သူနဲ့မဟာမိတ် ကိုမီတိုပါတီကနေ အမတ် ၂၀လောက်ကိုလည်းထည့်တွက်နိုင်ပါတယ်။
တိုကျိုမှာရှိတဲ့ဘီဘီစီသတင်းထောက် Stephen Evans ကတော့ အခုရွေးကောက်ပွဲမှာမဲအများစုနိုင်ဖို့ အာဘေကသူရဲ့စီးပွားရေးလုပ်ဆောင်ချက်တွေနဲ့ ယှဉ်ပြိုင်တာဖြစ်ပေမယ့် နောက်တချက်က အခြေခံဥပဒေပြင်ရေးအတွက် လိုအပ်တဲ့ လုပ်ပိုင်ခွင့်ရရှိရေးဖြစ်ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ အခြေခံဥပဒေအပိုဒ်၉ အရ ဂျပန်နိုင်ငံ ဟာ ပြည်ပကို လွှတ်ပြီး စစ်တိုက်ခွင့် ပိတ်ထားတဲ့ အချက်ကို ပြင်ဆင်ချင်တဲ့ သဘောရှိပါတယ်။
ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ဒုတိယကမ္ဘာစစ်မှာ ဂျပန်က ရှုံးတဲ့ အတွက် အမေရိကန် က တောင်းဆိုကန့်သတ်ထားတာဖြစ်ပါတယ်။
ဒီလိုကန့်သတ်တာဟာ မတရားဘူးလို့မြင်တဲ့လူတွေရှိနေသလို တရုတ်နိုင်ငံရဲ့အခြေအနေကြောင့်လည်းဒီအပိုဒ်မလိုဘူးဆိုတဲ့တောင်းဆိုမှုတွေပိုခိုင်မာလာတာဖြစ်ပါတယ်။
အတိုက်အခံဖက်ကတော့ စစ်ရေးအရပိုခိုင်မာတဲ့လုပ်ပိုင်ခွင့်မျိုးတွေကိုမထောက်ခံဖို့ မဲဆန္ဒရှင်တွေကို တောင်းဆိုပါတယ်။
မဲဆွယ်ရာမှာ အာဘေကသူ့ရဲ့ Abenomics လို့ခေါ်တဲ့ ငွေကြေးဖေါင်းပွတာကိုလျှော့ချဖို့ ကြိုးစားပေမယ့်တဝက်တပျက်ပဲအောင်မြင်သေးတယ်လို့ဝန်ခံသွားပါတယ်။
မဲပေးခွင့်ကို အသက်၂၀ကနေ၁၈နှစ်အထိလျှော့ချပြီးနောက်အခုပါလီမန်ရွေးကောက်ပွဲဟာပထမဆုံးရွေးကောက်ပွဲဖြစ်ပါတယ်မသီတာရေ။








