သြဂုတ် ၂၂ ရက်သတင်းများအနှစ်ချုပ် - ဆွစ်အစိုးရပညာသင်ဆု မြန်မာတွေ လျှောက် ထားနိုင်

ရေခဲတောင်နောက်ခံနဲ့ ရိုက်ယူထားတဲ့ ဆွစ်ဇာလန်နိုင်ငံတော်အလံ

ဓာတ်ပုံ ရင်းမြစ်, Embassy of Switzerland in Myanmar

ဓာတ်ပုံ ပုံစာ, ရေခဲတောင်နောက်ခံနဲ့ ရိုက်ယူထားတဲ့ ဆွစ်ဇာလန်နိုင်ငံတော်အလံ(ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

လာမယ့်ပညာသင်နှစ်အတွက် ဆွစ်ဇာလန်အစိုးရပညာသင်ဆု(Swiss Government Excellence Scholarship) ကို မြန်မာနိုင်ငံသားတွေလျှောက်ထားနိုင်ပြီလို့ ရန်ကုန်မှာရှိတဲ့ ဆွစ်ဇာလန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

အသက် ၃၅ နှစ်အောက်၊ မာစတာဘွဲ့ရထားသူတွေ အနေနဲ့ Ph.D၊ Research Fellowship. တွေအတွက် ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို နိုဝင်ဘာ ၂၄ ရက်နောက်ဆုံးထားပြီး တင်ဖို့ကိုလည်း သံရုံးက ထုတ်ပြန်ပါတယ်။

လစဥ်ပညာသင်ထောက်ပံ့ကြေးမှာ ဆွစ်ဖရန့် ၂,၄၅၀ ပေးမှာဖြစ်ပြီး ကျောင်းလခတော့ မပါဘူးလို့ ပညာသင်ဆုဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။

ပညာသင်ဆုရရှိသူအတွက် ကျန်းမာရေးအာမခံ၊ အိမ်ငှားရမ်းခ ကြိုတင်ငွေ တစ်ကြိမ်စာ ထောက်ပံ့ကြေး ဆွစ်ဖရန့် ၆၀၀၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစီးနင်းခွင့်ကတ်ခရဲ့ တဝက်ကုန်ကျစားရိတ်၊ အပြန်လေယာဥ်လက်မှတ်တို့ ရရှိမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်လွှာအားလုံးအတွက် ဆွစ်ဇာလန်တက္ကသိုလ်တစ်ခုက ပညာရေးဆိုင်ရာကြီးကြပ်ပေးသူတစ်ဦးရှိဖို့ လိုအပ်တယ်လို့ သံရုံးကဆိုပါတယ်။

လျှောက်ထားသူရဲ့ အဆိုပြု သုတေသနစီမံကိန်းကို ထောက်ခံဖို့နဲ့ ထောက်ခံစာရေးပေးဖို့ ဆွစ်ဇာလန်နိုင်ငံက ကြီးကြပ်ပေးသူတစ်ဦးကို ရှာဖွေရမှာဖြစ်ပြီး ပညာရေးဆိုင်ရာကြီးကြပ်သူမပါတဲ့ ပညာသင်ဆုလျှောက်လွှာတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ ပညာသင်ဆုဆိုင်ရာဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီပညာသင်ဆုနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ရန်ကုန်က ဆွစ်ဇာလန်သံရုံးရဲ့ အီးမေးလ်ကို စာပို့မေးမြန်းနိုင်တယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။

ဇလန်းစကီးရဲ့မွေးရပ်မြို့ ဒရုန်းတိုက်ခိုက်ခံရ၊ လူ ၁၆ ဦးသေဆုံးပြီး ရာချီဒဏ်ရာရ

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဈေးဝယ်စင်တာ

ဓာတ်ပုံ ရင်းမြစ်, Oleksandr Hanzha / Dnipropetrovsk regional administration

ဓာတ်ပုံ ပုံစာ, ယူကရိန်းနိုင်ငံအလယ်ပိုင်း Kryvyi Rih မြို့ရှိ ဈေးဝယ်စင်တာရဲ့ အပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ခရစ်ဗယီရီမြို့က ဈေးဝယ်စင်တာတစ်ခုကို ရုရှားက ဒရုန်းနဲ့ နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတွေကပြောပါတယ်။

ဒီမြို့က သမ္မတ ဇလန်းစကီးရဲ့ မွေးရပ်မြို့ဖြစ်ပြီး ဒီတိုက်ခိုက်မှုက စက်ဆုပ်စရာကောင်းတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

မြို့မှာရှိတဲ့ အကြီးဆုံးဈေးဝယ်စင်တာ တိုက်ခိုက်ခံခဲ့ရမှုအတွင်း ကလေး ၂၃ ဦးအပါအဝင် နောက်ထပ်လူ ၁၃၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

အပျက်အစီးပုံအောက်မှာ လူတွေပိမိနေတယ်လို့ အစိုးရအရာရှိတွေကပြောပါတယ်။

ဈေးဝယ်စင်တာကို မိနစ်အနည်းငယ်ခြားပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိနေချိန်မှာ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ဒနီပရော့ပဲထရော့ဗ်စ်ခ်ဒေသ အကြီးအကဲ အိုလက်ဆန်ဒါ ဟန်ရှာက သောကြာနေ့မှာ ပြောပါတယ်။

အပျက်အစီးပုံအောက်မှာ ကလေးနှစ်ဦးအပါအဝင် လူ ၉ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ ဟန်ရှာက တယ်လီဂရမ်မှာပြောပါတယ်။

ရုရှားဒရုန်းတွေ အနိမ့်ပိုင်းမှာ ပျံသန်းနေတယ်လို့ ခရီဗယီရီမြို့တော်ဝန် အိုလက်ဆန်ဒါ ဗီကူက သောကြာနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း မိုင်ကိုလိုင်ဒေသမှာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှာလည်း တိုက်ခိုက်မှုကြောင့် နောက်ထပ်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတွေက ပြောခဲ့ပါတယ်။

ဦးမင်းဇင်ကို မတရားဖမ်းဆီးထားတယ်ဆိုတဲ့ အမေရိကန်ပြောဆိုချက်ကို တရုတ်ငြင်းဆို

ကုတ်အင်္ကျီအနက်ရောင်၊ ခဲရောင်ရှပ်အင်္ကျီဝတ်ပြီး မျက်မှန်တပ်ထားတဲ့ ဦးမင်းဇင်ရဲ့ ကိုယ်တပိုင်းဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Min Zin

ဓာတ်ပုံ ပုံစာ, တရုတ်က ၂၀၂၆ ဇွန် ၃ ရက်ကတည်းက ဖမ်းဆီးထားတဲ့ ISP-Myanmar ရဲ့တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်(ပုံဟောင်း)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးမင်းဇင် တရုတ်နိုင်ငံမှာ "မတရားဖမ်းဆီးထိန်းသိမ်းခံထားရတယ်"ဆိုတဲ့ ပြောဆိုချက်ကို တရုတ်က ငြင်းဆိုပါတယ်။

"တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းတာ မရှိဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပါတယ်။

တရုတ်က ဖမ်းဆီးထားတဲ့ ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုတဲ့ ISP-Myanmar ရဲ့တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သလို အမေရိကန်နိုင်ငံသားလည်း ဖြစ်ပါတယ်။

"တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့လုပ်ဆောင်ချက်မှာ ပါဝင်နေပြီး တရုတ်ဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိတယ်လို့ နားလည်ရပါတယ်" လို့လည်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဖြည့်စွက်ပါတယ်။

ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇွန်လ ၃ ရက်တုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ သွားရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတရှီရဲ့ စက်တင်ဘာလထဲသွားရောက်မယ့် အိမ်ဖြူတော်ခရီးစဥ်မတိုင်ခင်မှာ အမေရိကန်ဘက်က ဦးမင်းဇင်ဖမ်းဆီးခံရမှုကို ထုတ်ပြောလာတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ သြဂုတ် ၂၀ ရက်ပြောဆိုချက်မှာ ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒါမှမဟုတ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတယ်လို့ လည်းပြောထားတာပါ။ အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ISP-Myanmar ကလည်း အမေရိကန်ရဲ့သတ်မှတ်ချက်ကို ကြိုဆိုပြီး ဦးမင်းဇင် လွတ်မြောက်ရေးဟာ ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့သုတေသီတွေနဲ့ ပညာရှင်တွေဟာ ခြိမ်းခြောက်ခံရမှာ၊ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်စရာမလိုဘဲ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ISP-Myanmar က အမေရိကန်အစိုးရအနေနဲ့ ဦးမင်းဇင်အမှုကို ဆက်လက်ဦးစားပေးဆောင်ရွက်ပေးဖို့နဲ့ တရုတ်အစိုးရအနေနဲ့ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖျက်သိမ်းပြီး ကော်မရှင်ဖွဲ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း

ဓာတ်ပုံ ရင်းမြစ်, Aung Myo Min

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း(ပုံဟောင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းတယ်လို့ မနေ့ကကြေညာပါတယ်။

ဝန်ကြီးဌာနကို ဖျက်သိမ်းရတာကတော့ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းမှာဖြစ်တာကြောင့်လို့ဆိုပါတယ်။

ဒီကော်မရှင်ကနေ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာကော်မရှင်တစ်ရပ်ပေါ်ပေါက်ဖို့အတွက် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို အခုဖျက်သိမ်းတဲ့ဝန်ကြီးဌာနက ရေးဆွဲခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ အတည်ပြုချက်ရရှိပြီးဖြစ် တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ CRPH က ဒီဥပဒေကြမ်းကို စိစစ်၊ သုံးသပ်၊ ဆွေးနွေးတာတွေ လုပ်ဆောင်နေတဲ့ အခြေအနေဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးအဖြစ် ဝန်ကြီးဌာနဖျက်သိမ်းချိန်အထိ ဦးအောင်မျိုးမင်းကတာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒုဝန်ကြီးတစ်ဦးဖြစ်တဲ့ ခွန်းဗဟန်းထန်က ၂၀၂၅ ခုနှစ် မတ်လထဲမှာနှုတ်ထွက်ခဲ့ပြီး နောက်ထပ်ဒုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးကတော့ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာ နှုတ်ထွက်ထား ပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနဖျက်သိမ်းလိုက်ပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ၊ အချက်အလက်နဲ့ ထုတ်ပြန်ချက်တွေကို လူထုပြန်လည်ကြည့်ရှုနိုင်အောင် ဆိုရှယ်မီဒီယာစာမျက်နှာတွေ ဆက်လက်ထား ရှိမှာဖြစ်ပါတယ်။