ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူ ဘုန်းကြီး သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြလို့ သံသယ ရှိသူတွေက ဟိန္ဒူ ဘုန်းကြီး တစ်ပါး ကို သတ်ဖြတ်ခဲ့ကြပါတယ်။
နိုင်ငံမြောက်ပိုင်း က ဂျနေဒါဟာ ခရိုင်က ဘုရားကျောင်း အနီးမှာ အသက် ၇၀ အရွယ် အာနန္ဒာ ဂိုပယ် ဂန်ဂူလေ ရဲ့ အလောင်း ကို တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
အခြား တစ်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ လူသတ်မှုတွေ နဲ့ သံသယ ရှိသူ လူ ၃ ဦး နေထိုင်ရာ နေရာတွေကို ဝင်ရောက် စီးနင်း ခဲ့ရာမှာ လူ ၃ ဦးစလုံး သေဆုံး ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်ကတော့ အသေပစ်ခတ် ဖမ်းဆီးမှုအတွက် ငြင်းဆို နေပြီး ထိုလူ ၃ ဦးဟာ ဂျာမတ် မူဂျာဟစ်ဒင် အဖွဲ့ က အစွန်းရောက် စစ်သွေးကြွတွေ ဖြစ်ကြောင်း ပြောကြား နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂ ရက် အတွင်း လူ ၃ ယောက် သတ်ဖြတ် ခံခဲ့ရမှု ဖြစ်ပြီး ဟိန္ဒူ ဘုန်းတော်ကြီး က တတိယမြောက် သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို၊ မျက်မြင် သက်သေလည်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ရဲတပ်ဖွဲ့ အကြီး အကဲ တစ်ယောက် ရဲ့ ဇနီး ဖြစ်သူ နဲ့ ခရစ်ယန် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း သတ်ဖြတ် ခံခဲ့ရပါတယ်။




