စစ်တကောင်း ရဲအရာရှိကြီးဇနီးပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, bbc
ဘင်္ဂလားဒေ့ရှ် ရဲတွေရဲ့အဆိုအရ အစ္စလမ်မစ် ဝါဒီတွေရဲ့ သတ်ဖြတ်မှုတွေကို စုံစမ်း ထောက်လှမ်းနေတဲ့ ရဲအရာရှိကြီးရဲ့ ဇနီးဖြစ်သူကို စစ်သွေးကြွလို့ မသင်္ကာသူတွေက သတ်သွားတာလို့ ဆိုပါတယ်။
ရဲ ဝန်ထမ်း Iqbal Bahar ရဲ့အဆိုအရ လူသုံးယောက်က ရဲအရာရှိကတော် Maumuda Begumကို အရင်ဓါးနဲ့ထိုးပြီးမှ ပစ်သတ်သွားတာလို့ပြောပါတယ်။ အခုသေဆုံးသူရဲ့ ခင်ပွန်းရဲအရာရှိ Babul Atkar ဟာ JMBလို့ခေါ်တဲ့ ပိတ်ပင်ထားတဲ့ အစ္စလမ်မစ် မဒဂျာဟီဒင် အဖွဲ့ကို စုံစမ်းနေတာ ဖြစ်ပါတယ်။ ရဲမှူးကြီး Babul Atkarဟာ စစ်သွေးကြွတွေ ပုန်းခိုတဲ့ နေရာတွေ ဝင်စီးတာမျိုး အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ အမှုမျိုးတွေကို စစ်တကောင်း ထောက်လှမ်းရေးအဖွဲ့မှာ ဒုတိယ ရဲမင်းကြီးအဖြစ် ပူးတွဲတာဝန် ယူနေရသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ စစ်ဆင်ရေးအတွင်း JMB ခေါင်းဆောင်တယောက်ဖြစ်တဲ့ Mahamed Javed ကို ဖမ်းရာမှာ သူ ရှေ့တန်းကပါဝင်ခဲ့ပါတယ်။ စစ်သွေးကြွတွေရဲ့ စခန်းကိုရဲ့တွေကိုလိုက်ပြရင်း Javid တယောက် လက်ပစ်ဗုံးမှန်သေဆုံးခဲ့ရပါတယ်။ ရဲအရာရှိမိသားစုတွေကိုအလွယ်တကူ ပစ်မှတ်ထားတိုက်ခိုက်တာကနေကာကွယ်ဖို့ လုံခြုံရေး ပိုကောင်းအောင်လုပ်ဖို့စဉ်းစားမယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
မနှစ်ကစလို့ အခုချိန်အထိ အသတ်ခံရသူတွေထဲမှာ တက္ကသိုလ် ပါမောက္ခတွေ ဘလောက်ဂါတွေ လိင်တူချစ်သူ လှုပ်ရှား ထောက်ခံသူတွေ နိုင်ငံခြားသားတွေနဲ့ ရှီအာ စူဖီစတဲ့ ဘာသာရေး လူနည်းစုတွေ ခရစ်ယာန်နဲ့ဟင်ဒီ ဘာသာဝင်တွေ ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှု အချို့အပေါ် JMB လက်ချက်လို့ အပစ်တင်နေကြပြီး ဒီအဖွဲ့ဟာ တခြားစစ်သွေးကြွတွေလိုပဲ သဘောထား တင်းမာတဲ့ အစ္စလမ် အတွေးအခေါ်ကို လက်မခံသူတွေကို မကြိုက်နှစ်သက်တဲ့ အဖွဲ့ဖြစ်ပါတယ်။




