ထိုင်းအမျိုးသား အိမ်သာမှာ မြွေ ကိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AP
ဆယ်ပေ ရှည်တဲ့ စပါးအုံးမြွေ တကောင် အိမ်သာ ထဲကနေ လှမ်းကိုက်တာ ခံရတဲ့ ထိုင်းအမျိုးသား အတ်တာပွန်း ဘွန်မက်ချွေး ဆေးရုံမှာ ပြန်နလံထူနေပြီလို့ သိရပါတယ်။
သူ့အင်္ဂါကို ခဲထားတဲ့ မြွေပါးစပ်ထဲက သူတို့ လင်မယား ဆွဲထုတ်ချိန်မှာ မြွေက အားနဲ့ ဆွဲကိုက်ခဲ့တာလို့လည်း ၃၈ နှစ် အရွယ် မစ္စတာ အတ်တာပွန်းက ပြောပါတယ်။
အတ်တာပွန်း မြွေနဲ့ ရုန်းရင်း သွေးတွေ အများကြီး ထွက်ခဲ့ပေမယ့် ကောင်းလာပါပြီလို့ ဆရာဝန်တွေက ပြောပါတယ်။
အိမ်သာပိုက်ထဲ ဝင်နေတဲ့ မြွေကို အလုပ်သမားတွေ က အိမ်သာခွက် ဖြုတ်ပြီး ဆွဲထုတ်ခဲ့ရပါတယ်။ အဲဒီနောက် တောထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဘန်ကောက် အရှေ့ဘက်က Chachoengsao ခရိုင်မှာ နေတဲ့ အတ်တာပွန်း ဗုဒ္ဓဟူးနေ့က အလုပ်မသွားခင် အိမ်သာတက်တုန်း ဒီလို မြွေခဲ ခံရတာပါ။

ဓာတ်ပုံ ရင်းမြစ်, AP
အိမ်သာတက်ရင်း အတ်တာပွန်းက သူ့အင်္ဂါပြတ်ထွက်သွားပြီလို့ အောက်မေ့ လိုက်ပါတယ်။ မြွေက သူ့ကို ဆွဲမျိုချဖို့ ကြိုးစားနေတုန်း သူ့မိန်းမနဲ့ အိမ်နီးချင်းတွေကို သူအော်ခေါ် ရပါတယ်။
သူ့မိန်းမက မြွေကို ကြိုးနဲ့ချည်တုပ်ပြီး အတ်တာပွန်းကတော့ သွေးလွန်ပြီး သတိမမေ့ခင်မှာ သူ့အင်္ဂါကိုသူ မြွေပါးစပ်ထဲက ဆွဲထုတ်ခဲ့ရပါတယ်။
"အတ်တာပွန်းက သဘောကောင်းတယ်၊ သူ့မိသားစုက စိုးရိမ်နေပေမယ့် သူကတော့ အိပ်ရာပေါ်ကနေ သတင်းထောက်တွေ မေးတာကို တပြုံးပြုံးနဲ့ ထိုင်ဖြေနေတယ် " လို့ သူတက်နေတဲ့ ချူလာရက် ဆေးရုံ အုပ်ကြီးက ပြောပါတယ်။
ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာကမုတ်ကို ဘိုထိုင် အိမ်သာ ပြောင်းတပ်တော့မယ်လို့လည်း အတ်တာပွန်းက ပြောပါတယ်။








