အတင်းအကျပ်ထိုးခံထားရတဲ့ တက်တူးတွေကို ဖယ်ရှား
နယ်သာလန်က အသက် ၅၃ နှစ်အရွယ် ယိုကီဟာ သူ့ကိုနှိပ်စက်တဲ့ ယောက်ျားနဲ့ အတူနေခဲ့ရတဲ့ နှစ်များစွာအတွင်း သူ့ခန္ဓာကိုယ်အနှံ့ တက်တူးတွေ အတင်းအဓမ္မအထိုးခံခဲ့ရပါတယ်။ ယောက်ျားက သူ့နာမည်ကို ယိုကီရဲ့ မျက်နှာပေါ်မှာ ၁၀ ကြိမ်မကထိုးခဲ့ပြီး လည်ပင်း၊ နဖူး၊ နှာခေါင်းနဲ့ ပါးတွေမှာလည်း တက်တူးတွေထိုးခဲ့ပါတယ်။ တကယ်ဆို ယိုကီရဲ့ ကိုယ်ပေါ်မှာ နေရာမလပ်ကို တက်တူးတွေ ထိုးခဲ့တာပါ။ အခုတော့ ယိုကီဟာ ယောက်ျားနဲ့လမ်းခွဲခဲ့ပြီး အဲဒီဆိုးဝါးတဲ့အတိတ်ကို လက်စလက်နဖျောက်ရအောင် သူ့ကိုယ်ပေါ်က တက်တူးတွေကို ဖျက်ပစ်ခဲ့ပါတယ်။ Spijt van Tattoo (တက်တူးနောင်တ) လို့ အမည်ပေးထားတဲ့ ဖောင်ဒေးရှင်းတစ်ခုက သူ့ကိုယ်ပေါ်က တက်တူး ၂၅၀ ကျော်ကို လေဆာနဲ့ ဖျက်ပေးခဲ့ပါတယ်။ နှစ်နှစ်ခွဲအချိန်ယူပြီး ၁၂ ကြိမ် လေဆာနဲ့ ဖျက်ယူခဲ့ရပါတယ်။ Spijt van Tattoo ကိုထူထောင်သူ အန်ဒီဟန်းက ယိုကီလို အမျိုးသမီးတွေကို သူတို့လက်တွဲဖော်တွေက သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုလို အမှတ်တရထားဖို့ဆိုပြီး အတင်းအကျပ် တက်တူးတွေထိုးစေခဲ့တာလို့ ပြောပြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အမျိုးသမီး #တက်တူး #အိမ်တွင်းအကြမ်းဖက်မှု



