အင်ဒိုနီးရှား တိုက်ခိုက်သူ ၅ ဦးကို ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AP
အင်ဒိုနီးရှား နိုင်ငံမှာ ကြာသပတေး နေ့က ဂျာကာတာ မြို့မှာ တိုက်ခိုက် ခဲ့ကြတဲ့ စစ်သွေးကြွ ၅ ဦးကို ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။ အဲဒီ ၅ ဦး ထဲမှာ ပြစ်ဒဏ် ချမှတ် ခံထားပြီးတဲ့ စစ်သွေးကြွ ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီ ၅ ဦး စလုံး ကြာသပတေးနေ့ တိုက်ခိုက်မှုမှာ သေဆုံး ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့က သူတို့ လက်ချက်လို့ ပြောခဲ့ပြီး အရပ်သား ၂ ဦးလည်း သေဆုံး ခဲ့ပါတယ်။
ဂျာကာတာမြို့ ရဲမှူးက အဲဒီ တိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် ကလာပ်စည်း တွေကို ရှာဖွေ နေပြီလို့ ပြောပါတယ်။ ဒီကနေ့ သောကြာနေ့မှာ လူ ၃ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ သိရပြီး အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်မှု ရှိ မရှိ ဆိုတာတော့ မသဲကွဲ သေးပါဘူး။
ကြသပတေးနေ့က ဂျာကာတာမြို့ လူစည်ကားရာ အချက်အချာ နေရာကို စစ်သွေးကြွတွေက တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် တွေက နာရီ အတော်ကြာ ရင်ဆိုင် တိုက်ခိုက် ခဲ့ရပါတယ်။
အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးကို အသေခံ ဗုံးခွဲရာမှာ သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံမှာ ယခင်ကလည်း အစ္စလာမ္မစ် စစ်သွေးကြွ တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ဖူးပါတယ်။




