ကန်ဒါဟာလေဆိပ် တာလီဘန် ဝင်တိုက်၊ ၄၆ဦး သေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန် နစ္စတန် နိုင်ငံ၊ ကန်ဒါဟာမြို့ တောင်ပိုင်းမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေး ဝန်ထမ်းတွေ၊ အရပ်သားတွေ အပါအဝင် စုစုပေါင်း ၄၆ ဦး သေဆုံး ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ကန်ဒါဟာ လေဆိပ်ကိုလည်း တာလီဘန်တွေက အင်္ဂါနေ့ကတည်းက တိုက်ခိုက်ခဲ့ပြီး ဓားစာခံ တချို့ကို ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။
အဲဒီ လေဆိပ် ဝင်းအတွင်းမှာ နေတိုး အဖွဲ့နဲ့ အာဖဂန် စစ်ဌာနချုပ် အဆောက်အအုံတွေ တည်ရှိတာ ဖြစ်ပါတယ်။
တာလီဘန် တိုက်ခိုက်ရေး သမားတွေဟာ အစောင့်အကြပ် ထူထပ်တဲ့ အဆောက်အအုံ ဝင်းရဲ့ ပထမ ဂိတ်တံခါးကို ဖြတ်ကျော် နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ လေယာဉ် ခရီးစဉ် အားလုံးကိုတော့ ဖျက်သိမ်း ထားလိုက်ပါတယ်။
အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အရပ်သားနဲ့ လုံခြုံရေး ဝန်ထမ်းတွေ စုစုပေါင်း ၃၇ ယောက် သေဆုံးပြီး တာလီဘန် ၉ ယောက် သေဆုံးတယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။
အာဖဂန် စစ်ဆေးရုံက အမည်မဖော်တဲ့ ဆရာဝန် တစ်ဦးကတော့ အခုချိန်အထိ အလောင်း ၄၁ လောင်း ရရှိထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။
တာလီဘန်တွေက ဓားစာခံ အဖြစ် ဖမ်းထားတဲ့ သူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။




