တိုက်ရိုက်ထုတ်လွှင့်မှု, ဗင်နီဇွဲလားမှာ အားပြင်း ငလျင် ၂ ခု စက္ကန့်ပိုင်းအတွင်း လှုပ်ခတ်လို့ သေဆုံးသူ ၃၂ ဦးအထိမြင့်တက်

ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော်ကာရာကတ်စ်ကို ဗဟိုပြုပြီး အင်အားပြင်းငလျင် ၂ ခု မိနစ်ပိုင်းသာခြားပြီး လှုပ်ခတ်တဲ့သတင်းအပါအဝင် ဇွန် ၂၅ ရက် ကမ္အာ့နဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပြင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလိုနေရာတွေအပြင် ရေး- ထားဝယ်- ဘုတ်ပြင်း - ကော့သောင်း လမ်းကြောင်းမှာ နှိမ်နင်းရေးလုပ်ဖို့ဆိုပြီး စစ်တပ် ဒုခေါင်းဆောင်က ပြောလာပါတယ်
  • ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာတော့ ပြင်းအား ၇ မဂ္ဂနီကျုကျော်တဲ့ ငလျင်ကြီး ၂ ကြိမ် လှုပ်ခတ်ခဲ့လို့ လူတွေ အပျက်အစီးတွေကြား ပိတ်မိနေပါတယ်
  • အိန္ဒိယ အကူအညီနဲ့အဆင့်မြှင့်နေတဲ့ မုံရွာ-ယာကြီးလမ်းပိုင်းက ရွာ ၁၂ ရွာကို စစ်တပ် ပြန်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သတင်းထူး, ဗင်နီဇွဲလားငလျင် - သေဆုံးသူ ၃၂ ဦးအထိရှိတယ်လို့ ယာယီသမ္မတပြော

    ဗင်နီဇွဲလားမှာ ဇွန်လ ၂၄ ရက်ညနေပိုင်းတုန်းက စက္ကန့်ပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင် ၂ ခုကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦးအထိ ရှိလာပြီး နောက်ထပ် လူ ၇၀၀ နီးပါး ဒဏ်ရာရရှိတယ်လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်ဇ်က ပြောပါတယ်။

    ဒါဟာ ငလျင်ကြောင့် လူသေဆုံးနှုန်းကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပထမဆုံးထုတ်ပြောလာတဲ့အရေအတွက်လည်း ဖြစ်ပါတယ်။

    ဗင်နီဇွဲလားငလျင် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဆက်လက်ဖြည့်စွက်ဖော်ပြပေးသွားပါမယ်။

  2. ဗင်နီဇွဲလားငလျင် - ကာရာကတ်စ်မြို့ခံတွေ ငလျင်အလွန်ပထမညကို လမ်းပေါ်မှာ ဖြတ်ကျော်နေကြရ

    ငလျင်လှုပ်အပြီး မြို့တော်ကာရာကတ်စ်မြို့က ဆေးရုံဝင်းတစ်ခုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ငလျင်လှုပ်အပြီး မြို့တော်ကာရာကတ်စ်မြို့က ဆေးရုံဝင်းတစ်ခုမြင်ကွင်း

    ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာတော့ ဒေသစံတော်ချိန်အရ အခုဆိုညသန်းခေါင်ကျော်သွားပြီဖြစ်ပြီး ငလျင်ကြီးကြောင့် အထိတ်အလန့်ဖြစ်ကြရတဲ့ဒေသခံတွေဟာ ငလျင်အလွန် ပထမညကို လမ်းပေါ်မှာပဲ ကုန်ဆုံးဖြတ်ကျော်နေကြရပါတယ်။

    နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှာနဲ့ ငလျင်ကြောင့် ပျက်သွားတဲ့အဆောက်အအုံတွေ ရုတ်တရက်ပြိုကျမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

    အများစုကတော့ ကိုယ်ချစ်ခင်ရသူတွေရဲ့သတင်းကို လမ်းပေါ်မှာပဲ မျှော်တလင့်လင့် စောင့်ဆိုင်းနေကြပါတယ်။

    အာဏာပိုင်တွေကတော့ ငလျင်ကြောင့် အပျက်အစီးအတိုင်းအဆကို ဆန်းစစ်နေတုန်းဖြစ်လို့ အိမ်ထဲမှာ မနေကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ်သင့်သူ အများစုဟာ ငလျင်အလွန် နားခိုဖို့ရာနေရာတစ်နေရာကိုတောင် ရှာဖွေဖို့ ခက်နေပါတယ်။

    ဒါပေမဲ့ ငလျင်ကြောင့် အပျက်အစီးအတိုင်းအဆကို သိအောင်ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့နေရာကိုရောက်နေတဲ့ ဘီဘီစီ မွန်ဒိုဘာသာစကားဌာနအတွက် သတင်းပေးပို့သူ နစ်ကိုး ကိုလ်စတာကတော့ လူတွေ အကူအညီ အော်ဟစ် တောင်းဆိုသံကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ ဗင်နီဇွဲလားရဲ့ယာယီသမ္မတအဖြစ် တာဝန်ထမ်းနေသူ ဒယ်လ်စီ ရိုဒရီးဂတ်စ်ကတော့ နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ထိခိုက်ရသူတွေအတွက်လည်း ဝမ်းနည်းကြောင်း ပြောထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် လက်တင်အမေရိကတလွှားက နိုင်ငံခေါင်းဆောင်တွေကလည်း ငလျင်အတွက် အကူအညီတွေပေးမယ်လို့ပြောပြီး ငလျင်ဒဏ်သင့် ဗင်နီဇွဲလားပြည်သူ့တွေနဲ့အတူ ရှိနေတဲ့အကြောင်း အားပေးပါတယ်။

  3. အိန္ဒိယက ဒေါ်လာသန်းချီကူညီထားတဲ့ မုံရွာ-ကလေးဝလမ်းစီမံကိန်း ရွာတွေကို စစ်တပ်ပြန်ထိန်းချုပ်

    မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းဖြတ်သန်းရာ စစ်ကိုင်း၊ ကနီမြို့နယ်ထဲက ရွာတစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် မြင်ကွင်း(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing

    ဓာတ်ပုံ ပုံစာ, မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းဖြတ်သန်းရာ စစ်ကိုင်း၊ ကနီမြို့နယ်ထဲက ရွာတစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် မြင်ကွင်း (ပုံဟောင်း)

    စစ်ကိုင်းတိုင်းအလယ်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းပေါ်က ရွာပေါင်း ၁၂ ရွာကို မြန်မာစစ်တပ်က သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့ နေပြည်တော်က ဇွန် ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ပါတယ်။

    မိုင် ၁၂၀ ကျော်ရှည်တဲ့ မုံရွာ -ယာကြီး- ကလေးဝ လမ်းပိုင်းဟာ အိန္ဒိယရဲ့ ဒေါ်လာသန်းရာချီအကူအညီနဲ့အဆင့်မြှင့်တင်နေတဲ့စီမံကိန်းလမ်းပိုင်းဖြစ်ပြီး ဒီလမ်းပိုင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်အောက်က ကျေးရွာတွေကိုဖြတ်သန်းပါတယ်။

    လမ်းပိုင်းဖြတ်တဲ့ ကနီမြို့နယ်ထဲကို စစ်တပ်က သီတင်း ၃ ပတ်ကြာ စစ်ကြောင်းထိုးအပြီးမှာ လမ်းပိုင်းပေါ်က ရွာ ၁၂ ရွာကို ပြန်ထိန်းချုပ်လိုက်ပြီလို့ ကြေညာလာတာဖြစ်ပါတယ်။

    စစ်တပ်ကတော့ ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အထိ ၃ ပတ်နီးပါးအတွင်းမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဒီလမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်တပ်က နယ်မြေလုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်တပ်ထိန်းချုပ်ခဲ့တဲ့ ရွာတွေကတော့ ချောင်းမ၊ ယာကြီး၊ ‌‌ကျောက်လုံးကြီး၊ တဲစု၊ အောင်မင်္ဂလာ၊ သစ်ရာပင်၊ ဝင်းကုန်း၊ ညောင်ပင်လယ်၊ ကွမ်းပင်ရေ၊ လာပို့၊ စစ်လင်းချောင်းနဲ့ ထုံးကြီး စတဲ့ရွာတွေဖြစ်ပါတယ်။

    စစ်တပ်က ဒီလမ်းပိုင်းကို အာဏာသိမ်းကာလတွေမှာ လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က သူ့ရဲ့အိန္ဒိယခရီးစဉ်မှာ ယာကြီး - ကလေးဝ လမ်းပိုင်းကို အကောင်အထည်ဖော်နိုင်ရေးဆက်လုပ်မယ်လို့ ကတိပေးခဲ့အပြီးမှာ ဒီလမ်းပိုင်းပေါ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

    စစ်တပ်ကတော့ လက်ရှိ မင်းကင်းမြို့နယ်ထဲက ကျော်ကျေးရွာမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဆိုထားပါတယ်။

    တစ်ဖက်မှာလည်း အဲဒီလမ်းပိုင်းတလျှောက်လှုပ်ရှားတဲ့ အညာအခြေစိုက် တော်လှန်ရေးတပ်တချို့ကလည်း လမ်းပိုင်း တစ်ခုလုံး လက်မလွှတ်ရအောင် စစ်တပ်စစ်ကြောင်းတွေကို ပြောက်ကျားထိုးစစ်ဖော်တာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ အစောပိုင်းမှာပြောထားပါတယ်။

    စစ်တပ်က ဒီလမ်းပိုင်းပြန်ရရေးအတွက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ကနေ စစ်တပ်ထိန်းချုပ်ထားတဲ့ ချောင်းမရွာကို စစ်ကူအင်အားတွေကို ပို့ပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းဟာ အိန္ဒိယရဲ့ သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်း (အိန္ဒိယ-မြန်မာ-ထိုင်း)ထဲမှာပါတဲ့ အရေးပါတဲ့ ကုန်းတွင်းလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။

    ဒီလမ်းပိုင်းဟာ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်ထဲက တရုတ်ရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုအကောင်အထည်ဖော်ပေးနေတဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်၊ ယန်စီတို့ရဲ့ စက်ရုံတွင်းလမ်းတွေနဲ့လည်း ဆက်စပ်နေတာဖြစ်ပါတယ်။

    စစ်ရေးအကဲခတ်တချို့ကတော့ ဒီလမ်းပိုင်းတစ်ခုလုံး စစ်တပ်ပြန်ထိန်းချုပ်နိုင်ရင် စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ တော်လှန်ရေးတပ်တွေအနေနဲ့ ဖြန့်ကြက်လှုပ်ရှားသွားလာမှုတွေကို ပိတ်ဆို့ဖြတ်တောက်ခံရမယ့် ခြိမ်းခြောက်မှုရှိလာနိုင်တယ်လို့ ထောက်ပြပါတယ်။

    ဒီလမ်းပိုင်းအဆုံးသတ်ရာမြို့တစ်မြို့ဖြစ်တဲ့ ကလေးဝမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကလေး-တမူးလမ်းပိုင်းတစ်ခုလုံးပြန်ထိန်းချုပ်နိုင်ဖို့ကိုလည်း စစ်တပ်က ၂၀၂၆ ပထမနှစ်ဝက်ထဲမှာ လုံးပန်းနေပါတယ်။

  4. ဗင်နီဇွဲလားငလျင် - ကယ်ဆယ်ရေးအဖွဲ့တွေ အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေကိုရှာဖွေ(ရုပ်သံ)

    ဘီဘီစီသတင်းထောက် ဗနက်ဆာ ဆေးလ်ဗာ ပေးပို့လာတဲ့ မြေပြင်က ရုပ်သံမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။

    ငလျင်ဗဟိုချက်ဖြစ်တဲ့ မြို့တော် ကာရာကတ်စ်က ဆန် ဘာနာဒီနို ဆင်ခြေဖုံးမှာရှိတဲ့ အထပ်မြင့်အဆောက်အုံပြိုကျမှု အပျက်အစီးအောက်မှာ ရှာဖွေရေးလုပ်နေတာဖြစ်ပါတယ်။

    သတင်းတွေမှာတော့ အဲဒီအရပ်မှာ လူသေဆုံးမှုရှိတယ်လို့ ဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ဗင်နီဇွဲလားမှာ မြို့တော် ကာရာကတ်စ်မှာ ပြင်းအား ၇ မဂ္ဂနီကျုကျော်တဲ့ငလျင် ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အဦတွေ ပြိုကျခဲ့တာဖြစ်ပါတယ်။

    ဗီဒီယို ပုံစာ, ကယ်ဆယ်ရေးအဖွဲ့တွေ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကိုရှာဖွေနေ
  5. ဗင်နီဇွဲလားမှာ ပြင်းအား ၇ မဂ္ဂနီကျုအထက်ရှိတဲ့ငလျင်ကြီး ၂ ကြိမ်လှုပ်

    ကာရာကတ်မြို့က ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အဦ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကာရာကတ်မြို့က ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အဦ

    ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာ ပြင်းအား ၇.၂ နဲ့ ၇.၅ မဂ္ဂနီကျုရှိတဲ့အားပြင်းငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့လို့ မြို့က တိုက်တာအိုးအိမ်တွေ ပြိုကျကုန်ပါတယ်။

    အဆောက်အဦတွေ ပြိုကျလို့ မြို့ခံတွေ လမ်းပေါ်ကို ထွက်ပြေးတာ မြင်တွေ့ရပြီး ပြည်ထဲရေးဝန်ကြီးကလည်း လူထုကို အိမ်ထဲမှာ မနေကြတော့ဖို့ ပြောထားပါတယ်။

    ဒီငလျင်ကြီးတွေကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု အတိုင်းအဆ ကြီးမားနိုင်ခြေရှိပြီး ငလျင်စောင့်ကြည့်တဲ့ အမေရိကန်ဘူမိလေ့လာရေးဌာန (USGS)ကတော့ သေဆုံးအရေအတွက် လူပေါင်း ၁ သောင်းကျော်နိုင်ခြေဟာ ၄၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

    ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားမှာ မနေ့က အမျိုးသားနေ့ ပိတ်ရက်ဖြစ်လို့ မိသားစုတွေ အိမ်မှာ စုဝေးနေကြချိန်လည်းဖြစ်ပါတယ်။

    ငလျင်ဟာ မြို့တော် ကာရာကတ်စ်အနောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်အရှိန်ကို တစ်နိုင်ငံလုံး ခံစားခဲ့ရသလို အဝေးက ကိုလံဘီယာနိုင်ငံ၊ ဘိုကိုတာမြို့အထိ ငလျင်အရှိန်ရောက်ခဲ့ပါတယ်။

  6. ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းစစ်ရေးလုံခြုံမှု အာမခံချက်ကို စစ်တပ်ဒုချုပ်ပြော

    မြန်မာစစ်တပ်ရဲ့ ဒုချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့ ဒုချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်း

    ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းတွေ စစ်ရေးလုံခြုံမှုအာမခံချက်ကို မြန်မာစစ်တပ်ရဲ့ ဒုချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်း က ပြောလာပါတယ်။

    ဇွန် ၂၄ ရက်က တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုတပ်နယ်က စစ်တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန် သူကအဲဒီလိုထည့်ပြောခဲ့တာပါ။

    သူ့အ‌ပြောအရ ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းကို နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိထိရောက်ရောက် ချေမှုန်းဖို့လို့ဆိုပါတယ်။

    ၁၈ နှစ်နီးပါး ရုပ်လုံးမပေါ် နိုင်သေးတဲ့ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်ထဲက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအားကောင်းတဲ့ ရုရှားနိုင်ငံက လုပ်ဆောင်ဖို့ ၂၀၂၆ ဇွန်လ ပထမပတ်ထဲမှာ MoU အဆင့် လက်မှတ်ထိုးထားပါတယ်။

    မြန်မာစစ်တပ်ဒုချုပ်ရဲ့ရုရှားစီမံကိန်းကို ကာကွယ်ဖို့ ပြောဆိုချက်ကြောင့် စီမံကိန်းဒေသထဲမှာ စစ်ရေးဖိအားပေးတာတွေ ပိုလုပ်လာနိုင်တယ်လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

    ''သူတို့(စစ်တပ်)ဘက်က ဒီလိုပြောလာလို့ ဆိုတာအပြင် မူလကတည်းက စီမံကိန်းဒေသထဲမှာ စစ်တပ်ဘက်က တပ်အင်အားကောင်းကောင်းနဲ့ တပ်စွဲထားတယ်။ နောက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း လွှမ်းမိုးထိန်းချုပ်ထားတဲ့အပိုင်းတွေလည်းရှိတယ်။ ရုရှားစီမံကိန်းဖြစ်တော့ စစ်တပ်ဘက်က မဖြစ်ဖြစ်အောင်ဒါကို တွန်းလုပ်လာမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်'' လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူက ဆိုပါတယ်။

    တဆက်တည်းမှာပဲ စစ်ရေးတင်းမာမှုတွေကြောင့် စီမံကိန်းဒေသ၊ ရေဖြူမြို့နယ်နဲ့ စီမံကိန်းဒေသနဲ့ဆက်နွယ်ဖြတ်သန်းသွားတဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းမှာလည်း စစ်ရေးဖိအားပေးတာတွေပိုလုပ်လာနိုင်တယ်လို့ နောက်ထပ်ထားဝယ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဇွန်ပထမပတ်က စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ရုရှားရဲ့ Inter RAO ကုမ္ပဏီနဲ့ မြန်မာဘက်က လောင်းလုံးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ရုရှားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တာပါ။

    စီမံကိန်းဒေသဖြစ်တဲ့ ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်နဲ့ စီမံကိန်းဧရိယာထဲမှာ မြန်မာစစ်တပ်ရဲ့ တပ်ရင်း ၄ ဖွဲ့လောက်က အင်အားအများအပြားနဲ့ ဖြန့်ကြက်တပ်စွဲထားသလို စီမံကိန်းနေရာနဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်နဲ့လည်း ၁၀ မိုင်ခန့်ပဲဝေးတယ်လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူကပြောပါတယ်။

    တဖက်မှာတော့ စီမံကိန်းကို အလုံးစုံအကောင်အထည်ဖော်နေတာမရှိသေးပေမဲ့ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရတာတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ မြေယာသိမ်းဆည်းခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်တာဝန်ရှိသူက ဒေသတွင်းသတင်း Dawei Watch ရဲ့ သတင်းမှာ ပြောထားပါတယ်။

    ရေနက်ဆိပ်ကမ်းစီမံကိန်းရှိတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတပ်တွေဘက်က ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ဗထူးတပ်မတော်(BHA)က နေရာယူထားသလို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပါအဝင် အခြားဒေသကာကွယ်ရေးတပ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

  7. မင်္ဂလာပါ။ ဇွန်လ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။