အစ္စရေးက ဂါဇာမှာကလေးတွေကိုပစ်မှတ်ထား လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေ - ကုလစုံစမ်းရေးကော်မရှင်

ဂါဇာမြောက်ပိုင်း ရှတီ ဒုက္ခသည်စခန်းကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရအပြီး ထိခိုက်ပျက်စီးသွားခဲ့တဲ့ သူတို့ရဲ့ အိမ်ထဲကနေ ပါလက်စတိုင်းကလေးငယ်တွေ လှမ်းကြည့်နေကြပုံ (၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်)

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂါဇာစစ်ပွဲမှာ သေဆုံးခဲ့သူတွေထဲက ၃၀ ရာခိုင်နှုန်းဟာ ကလေးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကဆို
    • ရေးသားသူ, ဒေးဗစ် ဂရစ်တန်
    • ရေးသားသူ, စတက်ဖနီ ဟက်ဂါတီ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

အစ္စရေးဟာ ပါလက်စတိုင်း ကလေးငယ်တွေကို တမင် ပစ်မှတ်ထားခဲ့တဲ့အတွက် ဂါဇာဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာ ရောက်သလို ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

သိန်းသောင်းချီတဲ့ ပါလက်စတိုင်း ကလေးငယ်တွေကို သေဆုံးအောင်၊ ခန္ဓာကိုယ် အကြီးအကျယ်ထိခိုက်အောင်၊ စိတ်ဒဏ်ရာရအောင် အစ္စရေး အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တမင် လုပ်ခဲ့ကြပြီး ဂါဇာဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ အပစ်ရပ်ခဲ့ပြီးတာတောင် သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ အဲဒီအစီရင်ခံစာသစ်မှာ စွပ်စွဲဖော်ပြထားပါတယ်။

ကလေးတွေကို ပစ်မှတ်ထားတဲ့ဒီလုပ်ရပ်တွေဟာ ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့ တမင်လုပ် နည်းဗျူဟာတစ်ခုရဲ့ တစ်စိတ်တပိုင်း ဖြစ်ကြောင်း ကောက်ချက်ချဖို့ ခိုင်လုံတဲ့အကြောင်းရင်းခံတွေ ရှာတွေ့ထားတယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကော်မရှင်ရဲ့အစီရင်ခံစာကို လုံးဝ လက်မခံဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအစီရင်ခံစာဟာ အတုအယောင် အသရေဖျက်မှုတစ်ခုဖြစ်ပြီး အရင်ထုတ်ခဲ့တဲ့ အစီရင်ခံစာလိုပဲ မဟုတ်မမှန် ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ် ဦးဆောင်တဲ့ မကြုံစဖူး တိုက်ခိုက်မှုကြီးကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၁ ဦး ပြန်ပေးဆွဲခံခဲ့ရတာကို တုန့်ပြန်တဲ့အနေနဲ့ အစ္စရေး စစ်တပ်က ဂါဇာမှာ စစ်ဆင်တိုက်ခိုက်မှုတစ်ခု စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ ဂါဇာဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း ကလေး ၂၁,၂၈၀ ဦးအပါ အဝင်အနည်းဆုံး လူ ၇၃,၀၃၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသက ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ သူတို့ရဲ့အရေအတွက်က ယုံကြည်ရလောက်တယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။

သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေနဲ့ အစ္စရေးဆိုင်ရာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဒီကော်မရှင်ကို ဖွဲ့ပေးခဲ့တာပါ။

ဒါပေမဲ့ ဒီကော်မရှင်မှာပါဝင်တဲ့ ကျွမ်းကျင်ပညာရှင် ၃ ဦးအဖွဲ့ဟာ ကုလသမဂ္ဂကိုယ်စား တရားဝင် ပြောဆိုတာတော့ မရှိပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကော်မရှင်က ဂါဇာဒေသမှာ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး အစ္စရေးကို စွပ်စွဲထားတဲ့အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဟန့်တားရေးနဲ့ ဒဏ်ခတ်ရေး ၁၉၄၈ ခုနှစ် ပဋိဉာဉ်မှာ သတ်မှတ်ထားတဲ့အက်ဥပဒေ ငါးခုထဲက လေးခုကို အစ္စရေးအာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကျူူးလွန်ခဲ့တယ်ဆိုတာကို ကောက်ချက်ချဖို့ ခိုင်လုံတဲ့အကြောင်းရင်းခံတွေရှိထားတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ အစ္စရေးကတော့ ဒီအစီရင်ခံစာဟာ လုပ်ကြံဖန်တီးထားတဲ့ မဟုတ်မမှန် အစီရင်ခံစာသာ ဖြစ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အုပ်စုတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး တခြားနိုင်ငံတကာဥပဒေကို ဆိုးဆိုးဝါးဝါး ဖောက်ဖျက်ခဲ့ကြောင်းနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ဂါဇာမှာ လူမဆန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ကော်မရှင်က ကနဦးတုန်းက ကောက်ချက်ချခဲ့ပါတယ်။

စစ်ပွဲအဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့အစီအစဉ်တစ်စိတ်တပိုင်းအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီအချိန်ကစလို့ တစ်ဘက်နဲ့တစ်ဘက် အပစ်ရပ်သဘောတူချက်ကို ဖောက်ဖျက်တယ်ဆိုပြီး နှစ်ဘက်စလုံးက အကြိမ်ကြိမ် စွပ်စွဲခဲ့ကြပါတယ်။ ပါလက်စတိုင်းလူမျိုး ၁၀၂၀ ဦးကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၂၆၅ ဦး ပါတယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးစစ်တပ်ကလည်း သူတို့ရဲ့စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့တုန်းက စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာနဲ့ အတူပူးတွဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဂါဇာဒေသမှာ အစ္စရေး စစ်တပ်က "ပြင်းထန်တဲ့အားနဲ့ စနစ်တကျ လုပ်ဆောင်တဲ့" စစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့အတွက် "ပါလက်စတိုင်း ကလေးငယ်တွေမှာ မကြုံစဖူးများပြားတဲ့ သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ စိတ်ဒဏ်ရာရမှုတွေ ကြုံတွေ့နေရတယ်"လို့ ဖော်ပြထားပါတယ်။

"၂၀၂၅ ခုနှစ် အောက်တိုဘာလ အပစ်ရပ်အပြီးမှာတောင် အစ္စရေးက အပစ်ရပ်သဘောတူမှုနဲ့ နိုင်ငံတကာဥပဒေအရ ပါလက်စတိုင်းကလေးငယ်တွေအပေါ် ထားရှိတဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ဆက်လစ်လျူရှုနေတာကြောင့် ကလေးငယ်တွေ ဆက်လက် အသတ်ခံနေရဆဲ၊ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရနေကြဆဲပဲ" လို့ ကော်မရှင်ကို ဦးဆောင်တဲ့ အိန္ဒိယ ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဆရီနီဗာဆန် မူရာလီဒါ က ပြောပါတယ်။

"ပါလက်စတိုင်း ကလေးငယ်တွေကို အကာအကွယ်ပေးမှု၊ စောင့်ရှောက်မှု၊ ရှင်သန်လွတ်မြောက်မှုတွေကို ပါလက်စတိုင်းလူမျိုးတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကနေ ခွဲထုတ်လို့ရမှာ မဟုတ်ဘူး"လို့ သူက ဖြည့်စွက်ပြောပါတယ်။ "ကလေးတွေကို ပစ်မှတ်ထားခြင်းအားဖြင့် အစ္စရေးဟာ ပါလက်စတိုင်းလူမျိုး တည်ရှိမှုနဲ့ သူတို့ရဲ့အနာဂတ်ကို တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။"

ကော်မရှင်ရဲ့အစီရင်ခံစာသစ်ထဲမှာ အစ္စရေးဟာ တောင်ပံလေးခုတပ် ဒရုန်းတွေ၊ စနိုက်ပါသေနတ်တွေလို အတိအကျ ပစ်နိုင်တဲ့လက်နက်တွေ သုံးတာမျိုး၊ လူနေအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ကလေးတွေ ပြည့်နှက်နေတဲ့ စစ်ရှောင်စခန်းတွေအပေါ် လေကြောင်းကနေတိုက်ခိုက်ရာမှာ သက်ရောက်မှုမြင့်တဲ့လက်နက်တွေ သုံးတာမျိုးတွေ လုပ်ပြီး ဂါဇာဒေသက ပါလက်စတိုင်း ကလေးငယ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂါဇာဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်ရွယ် ယောက်ျားလေးတွေကို ဖမ်းဆီး၊ အစ္စရေးအကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ညှင်းပမ်းနှိပ်စက်တာမျိုးတွေလည်း ရှိကြောင်းနဲ့ မကြာခဏဆိုသလို ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ပါလက်စတိုင်း ကလေးငယ်တွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေခံတဲ့အကြမ်းဖက်မှုဖြစ်ရပ်တွေရှိခဲ့တယ်ဆိုတာကို အထောက်အထား တွေ့ရှိရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဂါဇာဒေသက မွေးကင်းစနဲ့ ကလေးဆေးရုံတွေအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေရဲ့အသက်ဘေး စောင့်ရှောက်မှုရခွင့်ကို စနစ်ကျကျ ဖျက်ဆီးစေပြီး အကာအကွယ်ပေးရမယ့်အုပ်စုတစ်စုဖြစ်တဲ့ ကလေးငယ်တွေရဲ့ ရှင်သန်မှုကို ထိခိုက်စေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် စစ်ပွဲလက်နက်တစ်ခုအဖြစ် အစာငတ်အောင် ထားတဲ့နည်းကို အစ္စရေးက သုံးနေတယ်လို့လည်း အစီရင်ခံစာထဲမှာ စွပ်စွဲထားပြီး ဂါဇာဒေသထဲ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ သွင်းခွင့် ပိတ်ပင် ကန့်သတ်ထားခြင်းအားဖြင့် ဂါဇာဒေသက ကလေးငယ်တွေအကြား ပြင်းထန်ဆိုးဝါးတဲ့နာတာရှည် အာဟာရချို့တဲ့မှုတွေ ဖြစ်လာစေပြီး သူတို့အသက်ရှင်သန်ရေးမှာ လိုအပ်တဲ့အခြေခံအခြေအနေတွေ ပပျောက်သွားစေတယ်လို့ သတိပေး ရေးသားထားပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းကြီးတွေအပေါ် တိုက်ခိုက်မှုတွေ၊ အတင်းအကျပ် ပိတ်ဆို့ထားမှုတွေ လုပ်ခြင်းအားဖြင့် အစ္စရေးအာဏာပိုင်တွေဟာ ကလေးငယ်တွေ စာပေသင်ကြားနိုင်စွမ်းကို ထိခိုက်လာစေအောင် အကွက်ကျကျ လုပ်ခဲ့ကြကြောင်း၊ အဲဒီအတွက် ပါလက်စတိုင်း လူမှုအသိုင်းအဝိုင်းကိုယ်တိုင်ရဲ့ဉာဏ်ပညာနဲ့ သင်ယူနိုင်စွမ်းတွေကို ပျက်စီးသွားစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအစီရင်ခံစာကို ဝေဖန်ရှုတ်ချလိုက်ပြီး ကော်မရှင်အဖွဲ့ဟာ အမှန်တရားကို ရှာဖွေရမယ့်အစား အစ္စရေးကို တမင်ခွဲထုတ်ပြီး အသရေဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ယန္တရားအခြေခံအားဖြင့် ချို့ယွင်းမှုတွေ ရှိနေတဲ့ ယန္တရားအဖွဲ့ကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာထဲမှာ ဟားမတ်စ်အဖွဲ့ရဲ့ပစ်မှတ်ထားခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်၊ ပြန်ပေးဆွဲခံခဲ့ရသူ အစ္စရေးကလေးငယ်တွေအကြောင်းကိုတော့ လုံးဝဖော်ပြတာမျိုး မရှိခဲ့သလို ပါလက်စတိုင်း ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် ဟားမတ်စ်အဖွဲ့က အသုံးပြုနေတာတွေကိုလည်း မသိသလို လုပ်နေတယ်လို့ အစ္စရေးက ဖြည့်စွက်ပြောသွားခဲ့ပါတယ်။ "ဒီကော်မရှင်ဟာ သူတို့ရဲ့ပြောဆိုချက်တွေကို အတည်ပြုဖို့ ယုံကြည်စိတ်ချရတဲ့ယန္တရားမျိုးလည်း မရှိခဲ့ပါဘူး။"

လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို အစ္စရေးခေါင်းဆောင်တွေက အစဉ်တစိုက်ငြင်းဆိုနေခဲ့ပြီး ဂါဇာဒေသမှာ သူတို့ရဲ့စစ်ရေးတိုက်ခိုက်မှုတွေဟာ ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်းဖို့နဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွတ်လာဖို့အတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစ္စရေးတပ်ဖွဲ့တွေဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေနဲ့အညီ စစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားတွေအပေါ် ထိခိုက်မှုလျှော့ချဖို့ ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်လို့လည်း အခိုင်အမာ ပြောသွားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တောင်အာဖရိကက တင်သွင်းတဲ့ အမှုတစ်ခုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က လောလောဆယ် ကြားနာနေပါတယ်။ ဒါပေမဲ့ စီရင်ချက်ချဖို့ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ အစ္စရေးက ဒီအမှုဟာ လုံး၀ အခြေအမြစ်မရှိဘဲ ဘက်လိုက်ပြီး မဟုတ်မမှန်စွပ်စွဲချက်တွေကို အခြေခံထားတယ်လို့ ပြောပါတယ်။