အာဖဂန် ငလျင်၊ နေရာအနှံ့ လူ ၁၅၀ ကျော် သေဆုံး

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်းကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ် ခဲ့တဲ့ အတွက် အာဖဂန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ မြောက်ပိုင်း ဒေသတွေ အထိ ငလျင် လှုပ်မှုကို ခံစား ခဲ့ကြရကာ လူ အနည်းဆုံး ၁၅၀ သေဆုံး ခဲ့ပါတယ်။
ပါကစ္စတန် မြောက်ပိုင်းမှာ ၁၂၀ ကျော် သေဆုံးတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
အာဖဂန် နစ္စတန် ဘက်က ဂျက်ခါး ပြည်နယ်မှာတော့ ကျောင်းအဆောက်အအုံ ပြိုကျလို့ ကျောင်းသူ ၁၂ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာ ရခဲ့ကြပါတယ်။
အာဖဂန် အရှေ့ပိုင်းက နန်ဂါဟာ၊ ဘက်ဒက်ရှန်နဲ့ ကူနာ ပြည်နယ်တွေမှာလည်း အနည်းဆုံး ၃၅ ယောက် သေဆုံးခဲ့ပါတယ်။
ပြင်းအား ၇.၅ ရှိတဲ့ ငလျင်ဟာ အာဖဂန် အရှေ့မြောက်ပိုင်းက တောင်ထူထပ်ရာ ဟိန္ဒူကက်ရှ် ဒေသကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က ပြောပါတယ်။
အာဖဂန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံတို့ရဲ့ မြို့တော် ၃ ခုက အဆောက်အအုံတွေကနေ လူတွေ စွန့်ခွာခဲ့ကြပြီး ဒေသ အတော်များများမှာ ဆက်သွယ်ရေးတွေ ဖရိုဖရဲ ဖြစ်ခဲ့ပါတယ်။




