စင်ကာပူ City Harvest အသင်းတော် ခေါင်းဆောင်တွေ ငွေအလွဲသုံးမှု အပြစ်ရှိ

သက်သေခံ အထောက်အထားတွေ အရ ခေါင်းဆောင် ၆ ဦးဟာ မရိုးမသား ပြုမူခဲ့ကြောင်း ထင်ရှားတယ်လို့ တရားရုံး ဆုံးဖြတ်။
ဓာတ်ပုံ ပုံစာ, သက်သေခံ အထောက်အထားတွေ အရ ခေါင်းဆောင် ၆ ဦးဟာ မရိုးမသား ပြုမူခဲ့ကြောင်း ထင်ရှားတယ်လို့ တရားရုံး ဆုံးဖြတ်။
ရေးသားခဲ့သည်။

စင်ကာပူ နိုင်ငံမှာ ပရိုတက်စတင့် အသင်းတော်ကြီး တစ်ခုရဲ့ ဦးဆောင်သူ ၆ ယောက်ကို စင်ကာပူ ဒေါ်လာ သန်း ၅၀ (အမေရိကန် ဒေါ်လာ ၃၅ သန်း) အလွဲသုံးစားမှု အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။

City Harvest Church ရဲ့ ထူထောင်သူ ဖြစ်တဲ့ ကောင်ဟီး Kong Hee ဟာ ပေါ့ပ်အဆိုတော် ဖြစ်ဖို့ ကြိုးစားတဲ့ သူ့အမျိုးသမီး ဆန်းဟို Sun Ho ကို ထောက်ပံ့ဖို့အတွက် ဘုရားကျောင်းရဲ့ ရန်ပုံငွေတွေကို တခြား ၅ ယောက်နဲ့ အတူ အလွဲသုံးစား လုပ်ခဲ့ပြီး စာရင်းလိမ်ခဲ့ကြတယ်လို့ တရားသူကြီးက ဆုံးဖြတ် ခဲ့တာပါ။

သူတို့ကတော့ မစ္စက် ဆန်းဟိုရဲ့ သီချင်း သီဆိုမှုဟာ ခရစ်ယာန် မဟုတ်သူတွေဆီ ထိတွေ့ ရောက်ရှိဖို့ ကြိုးစားခဲ့တဲ့ နည်းလမ်း ဖြစ်တယ်လို့ ခုခံ ချေပ ခဲ့ကြပေမယ့် တရားရုံးက ပယ်ချ ခဲ့ပါတယ်။

သူတို့ ၆ ယောက်ကို ပြစ်ဒဏ် မချမီအထိ အာမခံနဲ့ လွှတ်ထားပေမယ့် ထောင်ဒဏ် တစ်သက် အထိ ကျခံရနိုင်ဖွယ် ရှိနေပါတယ်။ မစ္စက် ဆန်းဟို ကိုတော့ တစုံတရာ စွဲချက် တင်ခဲ့ခြင်း မရှိပါဘူး။

City Harvest အသင်းတော်ကြီးဟာ စင်ကာပူရဲ့ အကြွယ်ဝဆုံး ပရိုတက်စတင့် အသင်းတော်ကြီး တစ်ခု ဖြစ်ပြီး စင်ကာပူ နိုင်ငံသား အသင်းဝင် ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တိုင်ဝမ်၊ ဘရူနိုင်းနဲ့ သြစတြေးလျ နိုင်ငံတွေ အပါအဝင် တခြား နိုင်ငံတွေမှာလည်း အသင်းခွဲပေါင်း ၄၈ ခု ရှိတယ်လို့ ဆိုပါတယ်။