ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT ဖြေဆိုသူ ၉ သောင်းဝန်းကျင်ရှိ

ဓာတ်ပုံ ရင်းမြစ်, GNLM
မြန်မာမှာ ဇူလိုင် ၅ ရက်က ဒီနှစ်အတွက် ကျင်းပခဲ့တဲ့ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT)ကို ဖြေဆိုသူ ၉ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဂျပန်စာ မိခင်ဘာသာစကား မဟုတ်တဲ့ နိုင်ငံခြားသားတွေအတွက် ဂျပန်စာ အရည်ချင်း အသိမှတ်ပြုနိုင်ဖို့ ကျင်းပတဲ့ဒီစာမေးပွဲကို မြန်မာကနေ အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ ဖြေဆိုကြတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း JLPT ဖြေဆိုသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာတာကို JLPT ဝက်ဘ်ဆိုက်ရဲ့စာရင်းတွေအရ သိရပါတယ်။
၂၀၂၁ မတိုင်ခင်မှာ ဒီစာမေးပွဲတစ်ကြိမ်စစ်ဆေးရင် ဖြေဆိုသူ ပျမ်းမျှ ၂ သောင်းဝန်းကျင်သာ ရှိရာကနေ ဒီနောက်ပိုင်းမှာ ၁ သိန်းဝန်းကျင်အထိ ရှိလာတာပါ။
ဒါပေမဲ့ အလုပ်အကိုင်အပိုင်းမှာတော့ မြန်မာဘက်က အလုပ်အကိုင်အေဂျင်စီတစ်ခုအနေနဲ့ တစ်လမှာ အလုပ်သမား ၁၅ ဦးသာ ဂျပန်ကို ပို့ဆောင်ခွင့်ရှိတာဖြစ်ပါတယ်။
“တစ်လကို ဂျပန်က အလုပ်ခေါ်စာအများရရင်လည်း ဒီဘက်က လွှတ်နိုင်တဲ့အပေါ်မူတည်နေတယ်။ ဒီတစ်လ နှစ်လအတွင်းတော့ စေလွှတ်တဲ့လုပ်ငန်းစဥ်မြန်လာတာတော့ရှိတယ်” လို့ အလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူက ပြောပါတယ်။
ပြည်ပအလုပ်အကိုင် OWIC ရတာနဲ့ ထွက်ခွာခွင့် ထပ်တင်စရာမလိုတော့တာကြောင့်လို့ သူက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ ဒီအရည်အချင်းစစ်စာမေးပွဲကို ဇူလိုင်နဲ့ ဒီဇင်ဘာလတွေမှာ တစ်နှစ်နှစ်ကြိမ်စစ်ဆေးနေတာဖြစ်ပါတယ်။
စာမေးပွဲကြေးအနေနဲ့ N1၊ N2၊ N3 အတွက် ၅၇,၀၀၀ ကျပ်နဲ့ N4၊ N5 အတွက် ၅၂,၀၀၀ ကျပ် ပေးသွင်းရတာဖြစ်ပါတယ်။






