ဆိုလာလေယာဉ် မမျှော်လင့်ဘဲ ဂျပန်မှာ ဆင်းသက်ရ

ဓာတ်ပုံ ရင်းမြစ်, epa
နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နဲ့ ကမ္ဘာတစ်ပတ် ပျံသန်းတဲ့ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ကနေ အမေရိကန် နိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်ကို ရာသီဥတု အခြေအနေကြောင့် ယာယီ ရက်ရွှေ့ဆိုင်း လိုက်ရပါတယ်။
တရုတ် နိုင်ငံကနေ ဟာဝိုင်ယီ ကျွန်း အထိ စံချိန်တင် ၆ ရက်ကြာ ပစ္စိဖိတ် သမုဒ္ဒရာကို ဖြတ်ပျံရမယ့် ခရီးစဉ် အတွင်းမှာ ရာသီဥတု အခြေအနေ ဆိုးရွား လာတဲ့အတွက် ဆက်လက် မပျံသန်း နိုင်တော့ဘဲ ဂျပန်နိုင်ငံမှာ ဆင်းသက် ခဲ့ရတာ ဖြစ်ပါတယ်။
၆ ရက်ကြာ တောက်လျှောက် ပျံသန်းရမယ့် ခရီးပိုင်းမှာ ၃၆ နာရီကြာ ပျံသန်းခဲ့ပြီးမှ ဂျပန်နိုင်ငံမှာ ခုလို ဆင်းသက် ခဲ့ရတာပါ။
ဂျက်လေယာဉ်တွေရဲ့ တောင်ပံ အရွယ်အစား ရှိပြီး အိမ်သုံးကား တစ်စီးစာလောက် လေးတဲ့ Solar Impulse လေယာဉ်အတွက် သူ့ခရီးစဉ် အဆင့်ဆင့်ကို စီစဉ်ထားတဲ့ အတိုင်း ပျံသန်းနိုင်ဖို့အတွက် တိမ်ကင်းစင်တဲ့ ကောင်းကင်နဲ့ မျှော်လင့်ထားတဲ့ လေတိုက်နှုန်းတွေ လိုအပ်ပါတယ်။
အခုတော့ ဟာဝိုင်ယီကျွန်း အထိ ပျံသန်းရမယ့် ခရီးကို ဆက်ပျံနိုင်ဖို့ ဆိုလာလေယာဉ် အဖွဲ့သားတွေ ဂျပန်နိုင်ငံမှာ ရာသီဥတု အခြေအနေကို စောင့်ကြည့် နေကြပါတယ်။




