ဒုက္ခသည်စခန်းက မြန်မာတွေအတွက် ထိုင်းအစိုးရ အထောက်အထားကတ် ထုတ်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေအတွက် ထိုင်းအစိုးရက အထောက်အထားကတ်တွေကို ဇွန်လ ၁၇ ရက်မှာ စထုတ်ပေးနေပြီလို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကနေ ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအပြင် လူဦးရေစာရင်းအလိုက် ကိုယ်ရေးအချက်အလက် စိစစ်မှုတွေ လုပ်ဖို့လိုလာတာကြောင့် အထောက်အထားကတ် ထုတ်ပေးစနစ်ကို ကျင့်သုံးလိုက်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအထောက်အထားကတ်တွေကို ထိုင်းအစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာလည်း အစိုးရထုတ်ပေးထားတဲ့ တခြားခွင့်ပြုစာရွက်တွေနဲ့ တွဲဖက်အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
အခုလို ကတ်ထုတ်ပေးလိုက်တာဟာ မြန်မာဒုက္ခသည်တွေအတွက် အထောက်အထားတစ်ခုဆိုတာထက်ပိုသလို ဘဝတည်ငြိမ်မှုနဲ့ အခွင့်အလမ်းတွေအတွက် တံခါးပေါက်ဖြစ်တယ်လို့ UNHCR ရဲ့လက်ထောက်မဟာမင်းကြီး Raouf Mazou က ပြောပါတယ်။
“ဒုက္ခသည်တွေအတွက် အနာဂတ်တည်ဆောက်ဖို့ လမ်းစဖြစ်တယ်”လို့ သူက ထပ်ပြောပါတယ်။
ဒီအထောက်အထားကတ်မှာ ဇီဝအချက်အလက် မှတ်ပုံတင်စနစ်အပြင် QR ဖတ်တဲ့ စနစ်ကိုလည်း ထည့်သွင်းထားတယ်လို့ UNHCR က ဖော်ပြပါတယ်။
ဒီလိုစနစ်တွေကြောင့် ကိုယ်ရေးအချက်အလက် လိမ်လည်ခံရတာအပြင် လူကုန်ကူးမှုနဲ့ လိင်အမြတ်ထုတ်မှုအန္တရာယ်တွေကို လျှော့ချနိုင်မှာဖြစ်သလို ဘဏ်လုပ်ငန်း၊ တယ်လီဖုန်းဆင်းကတ် ဝယ်ယူမှုတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။














