Solar Impulse 2 လေယာဉ် တရုတ်ပြည် ရောက်

impulse

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ ကနေ ထွက်သွားတဲ့ Solar လေယာဉ်
ရေးသားခဲ့သည်။

နေရောင်ခြည် စွမ်းအင်သုံး Solar Impulse 2 လေယာဉ် ဟာ မြန်မာနိုင်ငံ ကနေ အခုအခါ တရုတ် နိုင်ငံ Chongqing မြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မန္တလေးမြို့ ကနေ မနက်လင်းအားကြီး တနာရီလောက်မှာ စထွက် လာတဲ့Solar Impulse 2 လေယာဉ် ဟာ Chongqing မြို့မှာ ခဏလေး နားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းက နန်ဂျင်းမြို့ဆီ သွားဖို့ စီစဉ် ထားတာပါ။ ဒါပေမယ့် ရာသီ ဥတု အခြေအနေ သိပ်မကောင်း တာကြောင့် မနေ့ညက Chongqing မြို့မှာပဲ ခရီးတထောက် နားဖို့ ဖြစ်သွား ခဲ့ရပါတယ်။

မြန်မာနိုင်ငံ မှာလည်း ရာသီဥတု အခြေအနေ ကြောင့် သီတင်း တပတ်ကျော် နားခဲ့ရပါတယ်။

Solar Impulse 2 လေယာဉ် ကို မြန်မာနိုင်ငံမှာ လက်ခံ နေရာ ချထားဖို့ စီစဉ် ဆောင်ရွက် ပေးခဲ့တဲ့ FMI နဲ့ Yoma Strategic Holdings ကုမ္ပဏီ က Project Manager Arne Lugeon က ဒီလေယာဉ် မြန်မာ နိုင်ငံမှာ ဆိုက်နားခွင့် ရခဲ့တဲ့ အချိန် ကာလ အတွင်း မြန်မာ ပြည်သူ တွေအတွက် အသိပညာတွေ ဝေမျှပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ FMI နဲ့ Yoma Strategic Holdings ကုမ္ပဏီရဲ့ အစီအစဉ် နဲ့ မန္တလေးမြို့နဲ့ အနီးတဝိုက် မြို့တွေက တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေကို ဖိတ်ကြားပြီး Solar Impulse 2 လေယာဉ်နဲ့ ပတ်သက်လို့ စီမံကိန်းရဲ့ ရည်ရွယ်ချက်တွေကို လေယာဉ်မှူးတွေက ရှင်းလင်း ပြောပြတာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဓိကကတော့ လောင်စာဆီ မသုံးပဲ လေယာဉ်ပျံသန်းနိုင်တယ် ဆိုတဲ့အကြောင်း ဆန်းသစ်တီထွင်မှုကို ပြချင်တာရယ်၊ နောက်တခုက ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထပ်ခါတလဲလဲ ပြန်အသုံးပြုနိုင်တဲ့ နေရောင်ခြည်လို စွမ်းအင်တွေကို အသုံးပြုခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာတွေကို ရှင်းလင်း ပြောပြနိုင်ခဲ့ပါတယ်လို့ ပြောပါတယ်။

အခုအခါ Solar Impulse 2 လေယာဉ် မြန်မာနိုင်ငံကနေ ထွက်ခွာ သွားပြီ ဖြစ်ပေမယ့် နေရောင်ခြည် အသုံးပြုပြီး လျှပ်စစ်မီး တွေ ရနိုင်မယ့် စီမံကိန်းတခုကို JJ Pun ကုမ္ပဏီ ကနေ တံတားဦးမြို့နယ်က ငါးဇင်ရိုင်း ရွာလေးမှာ မေလပိုင်း လောက်မှာ စတင် အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ရှိတယ် လို့လည်း သူက ပြောပါတယ်။

Solar Impulse 2 လေယာဉ် ဟာ အခုဆိုရင် ခရီးအစ အဘူ ဒါဘီ မြို့ကနေ စထွက်လာတာ ဆိုရင် ရက်ပေါင်း ၂၀ ရှိသွားပါပြီ။ ကမ္ဘာကို တပတ် ပတ်ပြီးတဲ့ ၅လကြာ အချိန် အတွင်း ကျန်တဲ့ ခရီးတထောက် နိုင်ငံ တွေမှာလည်း အခုလို အသိ ပညာတွေ ဝေမျှပေးနိုင်မယ်လို့ လေယာဉ်မှူးတွေက မျှော်လင့်နေပါတယ်။