၂ ရက်အတွင်း ဒုက္ခသည် ၄ ထောင် အီတလီ ကယ်တင်

ဓာတ်ပုံ ရင်းမြစ်, AP
အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင် လိုက်နိုင်တယ် လို့ အီတလီ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေး ဝန်ကြီး အိန်ဂျယ်လီနို အယ်လ်ဖန်နို က ပြောပါတယ်။
သူ့အခေါ်အရ သေမင်း ကုန်သည်တွေ လို့ ဆိုတဲ့ လူကုန်ကူး သမားတွေဟာ နွေဦးရာသီ ရောက်လာချိန်မှာ အာဖရိကက လူတွေကို ဥရောပကို သယ်တာတွေ ပိုလုပ်လာနေတယ်လို့ သူက ပြောပြီး ဒီအရေး အတွက် ဥရောပ နိုင်ငံတွေကလည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ကယ်ခဲ့တဲ့ သူတွေထဲမှာ လူ တစ်ထောင် နီးပါး ပါဝင်တဲ့ လှေအုပ်စု တစ်ခု စစ္စလီ နားမှာ ဒုက္ခရောက်နေတုန်း တွေ့လို့ ကယ်ခဲ့ရတာ လည်း ပါ၀င်ပါတယ်။ အဲဒီ လူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ လည်း အများအပြား ပါဝင်ပါတယ်။




