အီတလီ ဝန်ကြီးချုပ်သစ် အသက်အငယ်ဆုံး ဖြစ်လာဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty
အီတလီ ဝန်ကြီးချုပ်သစ် အဖြစ် သမ္မတက ဒီကနေ့ အဆိုပြုလိုက်သူ အီတလီရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာမယ့် မက်တီယို ရန်ဇီ Matteo Renzi က ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ရည်မှန်းချက် ကြီးမားတဲ့ အစီအစဉ်တွေကို ချပြခဲ့ပါတယ်။
အသက် ၃၉ နှစ်သာ ရှိသေးပြီး အရင်က ပါလီမန် အမတ် တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ မစ္စတာ ရန်ဇီက သူ့စွမ်းအားကို အတတ်နိုင်ဆုံး အသုံးပြုသွားဖို့ ကတိပေးခဲ့ပြီး အီတလီနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အလုပ်သမား စျေးကွက်၊ ပညာရေး၊ အခွန်စနစ်တွေ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ဖို့ စိတ်ထက်သန်တယ်လို့ ပြောခဲ့ပါတယ်။
ရောမမြို့တော်က ဘီဘီစီ သတင်းထောက်က သူဟာ လက်ရှိ အာဏာရ နိုင်ငံရေး သမားတွေကို စိတ်ဆိုး စိတ်ပျက်နေတဲ့ လူထုရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့တယ်၊ သူ့ပါတီတွင်းက ဝန်ကြီးချုပ်ကို အနိုင်ရခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့် မစ္စတာ ရန်ဇီက ရောမ ပါလီမန်မှာ သူ့ပါတီ တစ်ခုတည်းနဲ့ အစိုးရ ဖွဲ့နိုင်မယ့် အများစု အမတ်ဦးရေတော့ မရှိသေးပါဘူး။




