သီရိလင်္ကာ-ဓာတ်ဆီ တစ်ရက်စာပဲ ရှိတော့တယ်လို့ ဝန်ကြီးချုပ်သစ်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ပီတာ ဟော့စကင်စ်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
- ရေးသားခဲ့သည်။
သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးဝါးဆုံး စီးပွားရေး အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ နောက်နေ့မှာ ဓာတ်ဆီ လုံးဝ မရှိတော့တဲ့ အခြေအနေ ရောက်နေပြီလို့ ဝန်ကြီးချုပ်သစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရုပ်မြင်သံကြားနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်သစ် ရာနီးလ် ဝစ်ကရီမီဆင်ဟီက သီရိလင်္ကာနိုင်ငံဟာ အခြေခံတင်သွင်းကုန်တွေအတွက် ပေးချေဖို့ လာမယ့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေ ဒေါ်လာ ၇၅ သန်း အရေးပေါ် လိုနေတယ်လို့ ပြောသွားပါတယ်။
အစိုးရ လစာငွေတွေ ပေးဖို့ ဗဟိုဘဏ်က ငွေစက္ကူတွေ ရိုက်ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရပိုင် သီရိလင်္ကာ လေကြောင်းလိုင်း ကုမ္ပဏီကိုလည်း ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းရဖွယ် ရှိတယ်လို့လည်း မစ္စတာ ဝစ်ကရီမီဆင်ဟီက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ လောင်စာဆီစျေး မြင့်တက်လာမှု၊ လူအများကြိုက် အခွန်ငွေ ဖြတ်တောက်ခဲ့မှု စတာတွေကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ နိုင်ငံခြားငွေ ကာလတာရှည် ပြတ်တောက်နေမှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာနေမှုတွေကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ တခြား အခြေခံကုန်ပစ္စည်းတွေ အကြီးအကျယ် ရှားပါးပြတ်လပ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ကိုလံဘိုမြို့တော်မှာ နေထိုင်တဲ့ ရာဗင်ဒါ ပီရီရာ က သူနဲ့ သူ့မိသားစု တနင်္လာနေ့ မိုးမလင်းခင်မှာ ဓာတ်ဆီ စလိုက်ရှာကြတယ်လို့ ပြောပြပါတယ်။
"ဓာတ်ဆီဆိုင်တွေ အများကြီးကို သွားခဲ့ပေမဲ့ အများစုက ပိတ်ထားတယ်။ ရလိုရငြား ဓာတ်ဆီလိုက်ရှာမယ် ဆိုပြီး မနက် ၅ နာရီခွဲလောက် အိမ်ကထွက်ခဲ့ရာကနေ အစိုးရယာဉ်တွေပဲ ဝယ်လို့ရတဲ့ မြို့တော်ခန်းမ ဓာတ်ဆီဆိုင်မှာ ဝင်တန်းစီခဲ့တယ်" လို့ သူက ဘီဘီစီကို ပြောပြပါတယ်။
"အဲဒီမှာ အစက လူနည်းနည်း နည်းတယ်၊ ဒါပေမဲ့ တန်းစီနေတဲ့ ကားတန်းကြီးက တဖြည်းဖြည်းနဲ့ ၂ ကီလိုမီတာလောက် ရှည်လာတယ်၊ ကျွန်တော်တို့က ကံကောင်းပြီး မနက် ၉ နာရီလောက်မှာ ဓာတ်ဆီရခဲ့တယ်"
ကိုလံဘိုမြို့အပြင်ဘက်မှာ နေတဲ့ သူ့သူငယ်ချင်းတွေကတော့ ဒါ့ထက် ပိုအကြာကြီး တန်းစီကြရတယ်လို့ သူက ပြောပါတယ်။ "ဓာတ်ဆီ ချွေတာတဲ့အနေနဲ့ ကျွန်တော် အခု အိမ်ကနေ အလုပ်လုပ်တယ်၊ ဘယ်တော့လောက် ဓာတ်ဆီ ဖြည့်နိုင်မလဲဆိုတာ ဘယ်လိုသိနိုင်မလဲ"
ကိုလံဘိုမြို့တော်မှာ လူတွေအကြား ရေပန်းစားနေတဲ့ သယ်ယူပို့ဆောင်မှုက ဆိုက်ကားပါ။ တခြား မော်တော်ယာဉ်တွေကတော့ မြို့တဝိုက် ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီဝယ်ဖို့ တန်းစီနေကြပါတယ်။
"လောလောဆယ် ကျွန်တော်တို့မှာ ဓာတ်ဆီ တစ်ရက်စာပဲ ရှိပါတော့တယ်။ လာမယ့် နှစ်လတာ ကာလဟာ ကျွန်တော်တို့အတွက် အခက်ခဲဆုံးကာလတွေ ဖြစ်လာပါလိမ့်မယ်"လို့ ဝန်ကြီးချုပ်သစ် ဝစ်ကရီမီဆင်ဟီက တနင်္လာနေ့ မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း အကြွေးစနစ်နဲ့ အိန္ဒိယဆီက ဝယ်ထားတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ သင်္ဘောနဲ့ ရောက်လာတော့မှာမို့ လာမယ့် ရက်ပိုင်းအတွင်းမှာ လောင်စာဆီတွေ ဖြည့်ပေးနိုင်ဖွယ် ရှိတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဝစ်ကရီမီဆင်ဟီက အစိုးရဝန်ထမ်းတွေ အတွက် လစာငွေနဲ့ တခြား ပေးစရာရှိတာတွေ ပေးနိုင်ဖို့အတွက် သီရိလင်္ကာ ဗဟိုဘဏ်က ငွေစက္ကူတွေ ရိုက်ထုတ်ရဖို့ ရှိတယ်လို့ ပြောပါတယ်။
"ကျွန်တော့်အနေနဲ့ မလုပ်ချင်ပေမဲ့လည်း အစိုးရဝန်ထမ်းတွေကို လစာပေးနိုင်ဖို့၊ အခြေခံကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ငွေပေးချေနိုင်ဖို့အတွက် ငွေစက္ကူတွေ ရိုက်ထုတ်ခွင့်ကို ကျွန်တော် သဘောတူလိုက်တာပါ။ ဒါပေမဲ့လည်း ငွေစက္ကူတွေ ရိုက်ထုတ်တာဟာ ရူပီးငွေ တန်ဖိုးကို လျော့ကျစေနိုင်တယ် ဆိုတာကို သိထားကြဖို့ လိုပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် နိုင်ငံရဲ့ ဘဏ္ဍာရေး တည်ငြိမ်အောင် ကြိုးပမ်းတဲ့အနေနဲ့ အစိုးရပိုင် သီရိလင်္ကာလေကြောင်းလိုင်းကို ရောင်းချဖို့ကိုလည်း သူက အဆိုပြုခဲ့ပါတယ်။
သီရိလင်္ကာလေကြောင်းကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တစ်နှစ်တာကာလအတွင်း သီရိလင်္ကာ ရူပီးငွေ ၄၅ သန်း (ဒေါ်လာ ၁၂၉ ဒဿမ ၅ သန်း) အရှုံးပေါ်ခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း သီရိလင်္ကာနိုင်ငံမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာနဲ့ သူ့မိသားစုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုကြီးတွေ ဖြစ်ပွားနေပြီး တချို့နေရာတွေမှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစိုးရ ထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ သမ္မတရဲ့ အစ်ကိုအကြီးဖြစ်သူ မဟင်ဒါ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အကြမ်းဖက် ဆူပူမှုတွေအတွင်း လူ ၉ ဦးသေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
စီးပွားရေး အကျပ်အတည်းက ပြန်ကောင်းလာဖို့ထက် ပိုဆိုးလာနေတယ်လို့ သောကြာနေ့တုန်းက မစ္စတာ ဝစ်ကရီမီဆင်ဟီက ဘီဘီစီကို ပြောပါတယ်။
ဝန်ကြီးချုပ် ရာထူး လက်ခံအပြီး ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြည်သူတွေ တစ်နေ့ကို ထမင်းသုံးနပ် မှန်မှန် စားနိုင်အောင် သူလုပ်ပေးမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံကို နောက်ထပ် ငွေကြေးအကူအညီပေးကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားရင်း မစ္စတာ ဝစ်ကရီမီဆင်ဟီက "အငတ်ဘေးပြဿနာနဲ့ ရင်ဆိုင်ရဖို့ မရှိပါဘူး။ စားနပ်ရိက္ခာ ရှာလို့ ရကိုရမှာပါ" လို့ ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာနိုင်ငံအကြောင်း အခြေခံအချက်အလက်များ
· အိန္ဒိယနိုင်ငံတောင်ပိုင်းက ကျွန်းနိုင်ငံတစ်ခု-သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ လူဦးရေ ၂၂ သန်းရှိတဲ့အထဲမှာ ၉၉ ရာခိုင်နှုန်းဟာ ဆင်ဟာလီ၊ တမီလ်နဲ့ မွတ်ဆလင် စတဲ့ အုပ်စု ၃ စုက လူတွေ ဖြစ်ပါတယ်။
· ညီအစ်ကိုမိသားစုတစ်စုက နိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးထား-သီရိလင်္ကာနိုင်ငံမှာ သွေးချောင်းစီးခဲ့တဲ့ ပြည်တွင်းစစ်ကြီး နှစ်ပေါင်းများစွာ ဖြစ်ခဲ့အပြီး ၂၀၀၉ ခုနှစ်မှာ မဟင်ဒါ ရာဂျာပက်ခ်ရှာရဲ့ အစိုးရအဖွဲ့က တမီလ် ခွဲထွက်ရေးသူပုန်တွေကို အနိုင်ရခဲ့ရာကနေ မဟင်ဒါ ရာဂျာပက်ခ်ရှာ ဟာ လူများစု ဆင်ဟာလီလူမျိုးတွေအကြား သူရဲကောင်းတစ်ဦးအဖြစ် လူကြိုက်များလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ညီဖြစ်သူ ဂိုတာဘာယာ က အခုချိန်မှာ သမ္မတရာထူး ယူထားပါတယ်။
· အခုအခါ စီးပွားရေးအကျပ်အတည်းကနေ လူတွေဒေါသထွက်ပြီး လမ်းမပေါ်ထွက် ဆန္ဒပြကြ-ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတဲ့အတွက် အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ပြတ်လပ်နေပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဆက်တိုက် ဖြစ်လာနေရာမှာ ဒေါသအမျက် ထွက်နေကြတဲ့ ပြည်သူတွေက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ခုလို ဖြစ်လာရတာဟာ ရာဂျာပက်ခ်ရှာ မိသားစုနဲ့ သူတို့ရဲ့ အစိုးရအဖွဲ့ကြောင့် ဖြစ်တယ်လို့ လူအတော်များများက ပြစ်တင် ပြောဆိုနေကြပါတယ်။








