ရုရှားက ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မယ်

စနေနေ့မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို သမ္မတ ပူတင်ကိုယ်တိုင် ဦးဆောင်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စနေနေ့မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို သမ္မတ ပူတင်ကိုယ်တိုင် ဦးဆောင်မယ်
ရေးသားခဲ့သည်။

ရုရှားက လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် မှာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ် ဒုံးကျည်တွေပါ ပစ်လွှတ်တာမျိုးတွေ လုပ်ဖို့ စီစဥ်ထားတဲ့ အကြီးစား စစ်ရေး လေ့ကျင့်မှု တခု လုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာလိုက်ပါတယ်။

Ria Novosti သတင်းဌာနရဲ့ အဆိုအရ ရုရှားရဲ့ ကြည်း၊ ရေ၊ လေ နျူကလီးယား တပ်ဖွဲ့တွေတောင် ပါဝင်လိမ့်မယ်လို သိရပါတယ်။

အဲဒီ စစ်ရေး လေ့ကျင့်မှုတွေကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကိုယ်တိုင် ကြီးကြပ်မှာ ဖြစ်ပြီး ဒီအတွက် အရင်ကတည်းက ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ဘယ်လာရုစ်နဲ့လည်း ပူးတွဲ စစ်ရေးလေ့ကျင့်နေပြီး လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်မှ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ပင်လယ်နက်ထဲမှာ လုပ်နေတဲ့ စစ်ရေး လေ့ကျင့်မှုတွေကတော့ တရက်စောပြီး အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေအတွက် စိုးရိမ်စရာမလိုကြောင်း ရုရှားပြော

ရုရှားအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီလို ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ လုပ်နေကျမို့ ဒါအတွက် ဘာမှ စိုးရိမ်စရာ မလိုကြောင်း ပြောပါတယ်။ ဆက်လက်ပြီး အခု စစ်ရေး လေ့ကျင့်မှုတွေကို သမ္မတ ပူတင်က ကွပ်ကဲရေး စင်တာကနေ ကြီးကြပ်ကွပ်ကဲမှာ ဖြစ်တယ်လို့ပြောပေမယ့် အဲဒီပိုပြီး ဘာမှ အသေးစိတ်မပြောခဲ့ပါဘူး။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီလေ့ကျင့်မှုတွေမှာ လေတပ်၊ တောင်ပိုင်း စစ်ဒေသ၊ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်းနဲ့ ပင်လယ်နက် ရေတပ်တွေက တပ်ဖွဲ့ဝင်တွေ ပါဝင်ကြမှာ ဖြစ်တယ်လို့ ပြောကြောင်း ရုရှားရဲ့ Interfax သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ စစ်ရေး ကွပ်ကဲမှု၊ ဒုံးကျည်တပ်ဖွဲ့တွေ၊ ရေတပ်နဲ့ ဒုံးကျည်တင်ယာဥ်တွေရဲ့ အသင့်ဖြစ်မှုတွေ ဘယ်လောက်ရှိသလဲ သိရှိဖို့အတွက် ဒီစစ်ရေးလေ့ကျင့်မှုကို ကြိုတင်စီစဥ်ထားထဲ့တာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ ပေးအပ်လာတဲ့ တာဝန်ကို ဘယ်လောက်အထိ ထမ်းဆောင်နိုင်ကြသလဲ၊ မဟာဗျူဟာမြောက် နျူကလီးယားနဲ့ သမားရိုးကျ တပ်ဖွဲ့တွေရဲ့ လက်နက်တပ်ဆင်မှုပိုင်းက ဘယ်လောက်အထိ စိတ်ချရသလဲ သိနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စနေနေ့မှာ ဒုံးကျည်စပ်သပ်မှုတွေ လုပ်ဖို့ ရုရှားကြေညာထား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, စနေနေ့မှာ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဖို့ ရုရှားကြေညာထား

ရုရှားစစ်အင်အား ဘယ်လောက် ပို့ထားပြီလဲ

လတ်တလောမှာတော့ ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၁၅၀,၀၀၀ လောက်ရှိတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရော ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနကရော ပြောထားပါတယ်။

အဲဒီအထဲမှာ ဘယ်လာရုစ်မှာ စစ်ရေး လေ့ကျင့်နေကြတဲ့ ရုရှားတပ်ဖွဲ့ဝင် ၃၀,၀၀၀ လည်း ပါဝင်ပြီး တင့်ကားတွေ၊ လက်နက်ကြီးတွေအပြင် လေတပ်နဲ့ ရေတပ်တို့ရဲ့ အထောက်အကူတွေလည်း ပါဝင်ပါတယ်။

အမေရိကန်က ရုရှားဟာ အချိန်မရွေး ယူကရိန်းကို ကျူးကျော်စစ်ပြုလာနိုင်တဲ့ အင်အားမျိုး ချထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားဘက်ကတော့ ဒါကို ငြင်းဆိုပြီး အနောက်အုပ်စုက အစိုးရိမ်လွန်နေတာဖြစ်တယ်လို့ ပြန်စွပ်စွဲပါတယ်။ နောက်ပြီး သူတို့ တပ်ဖွဲ့တွေကို သူ့နယ်နိမိတ်ထဲမှာ ကြိုက်သလို ရွှေ့ခွင့် ရှိတယ်လို့ ပြောပါတယ်။

ရုရှားက နယ်စပ်က တပ်တွေ ရုပ်သိမ်းနေပါတယ်လို့ပြော

ရုရှားဘက်က တပ်တွေ ရုပ်နေတယ်ပြောပေမဲ့ တပ်အင်အား ထပ်တိုးနေပြီး ၁၉၀,၀၀၀ အထိ ရောက်နေနိုင်တယ်လို့ အမေရိကန်ဘက်က ပြောနေ

ဓာတ်ပုံ ရင်းမြစ်, Russian Defence Ministry

ဓာတ်ပုံ ပုံစာ, ရုရှားဘက်က တပ်တွေ ရုပ်နေတယ်ပြောပေမဲ့ တပ်အင်အား ထပ်တိုးနေပြီး ၁၉၀,၀၀၀ အထိ ရောက်နေနိုင်တယ်လို့ အမေရိကန်ဘက်က ပြောနေ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာက ယူကရိန်းရဲ့ နယ်စပ်အနီးက တင့်ကားတွေနဲ့ တခြား သံချပ်ကာယာဥ်တွေကို ထပ်ပြီး ရုပ်သိမ်းနေတယ်လို့ သောကြာနေ့မှာပဲ ထပ်ပြီး ပြောလာပါတယ်။

ယူကရိန်းကနေ ဖဲ့ထုတ်ယူထားတဲ့ ခရိုင်းမီးယား ကျွန်းစွယ်မှာ ရှိနေတဲ့ Su-24 တိုက်လေယာဥ် ၁၀ စင်းကိုလည်း တခြားဒေသတွေက လေတပ်စခန်းတွေကို ပြောင်းရွှေ့ချထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်ရုပ်သိမ်းတာမျိုး မတွေ့ကြောင်း နေတိုးပြော

ဒီသီတင်းပတ်ထဲမှာပဲ ရုရှားဘက်က ဒီလို တပ်တွေ ရုပ်သိမ်းနေတယ်လို့ ကြေညာချက်တွေ ထွက်လာခဲ့တဲ့ နောက်ပိုင်း ယူကရိန်း အရေးအတွက် အနောက်အုပ်စုနဲ့ ရုရှားရဲ့ တင်းမာမှုတွေ လျှော့ချနိုင်တော့မလားဆိုပြီး မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။

ဒါပေမယ့် အနောက်အုပ်စု ခေါင်းဆောင်တွေကတော့ တပ်တွေရုပ်သိမ်းနေတယ်လို့ ပြောနိုင်လောက်တဲ့ အထောက်အထား ဘာမှ မတွေ့ရဘူးလို့ ပြောကြပါတယ်။

ကြာသပတေးနေ့ကပဲ နေတိုးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့ ယန်းစ် စတိုလ်တန်ဘာ့ဂ်က ရုရှားဟာ ယူကရိန်း နယ်စပ်အနီးမှာ တပ်အင်အားတွေ ထပ်တိုးချထားတဲ့အကြောင်းနဲ့ နောက်ထပ် တပ်တွေလည်း ထပ်ပြီး လာနေကြတယ်လို့ ပြောပါတယ်။

နယ်သာလန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပို့ပေးမယ်

မကြာသေးခင် အတောအတွင်းကပဲ နယ်သာလန်နိုင်ငံကလည်း ယူကရိန်းအတွက် ရိုင်ဖယ်သေနတ်တွေ၊ လက်နက် ခဲယမ်းတွေ၊ ရေဒါစနစ်တွေ၊ မိုင်းရှာဖွေရေး စက်ရုပ်တွေ စတဲ့ စစ်လက်ပစ္စည်းတွေ ပို့ပေးသွားဖို့ စီစဥ်နေတယ်လို့ ပြောပါတယ်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးက သူတို့အနေနဲ့ သံတမန်ရေးနဲ့ လည်း ဆက်လက်အဖြေရှာမယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ ရုရှားက ကျူးကျော်လာရင် ယူကရိန်း အနေနဲ့ ခုခံ ကာကွယ်နိုင်စွမ်း ရှိဖို့ လိုအပ်ကြောင်းလည်း သူက ဆိုပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းအရေး ရုရှားရဲ့ တောင်းဆိုချက်ကို အမေရိကန်က ပယ်ချ

ယူကရိန်း လူ့အခွင့်အရေး ချိုးဖောက်လို့ ပူတင်စွပ်စွဲ

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းအရှေ့ဖျားက အခြေအနေတွေ ပိုဆိုးရွားလာနေတယ်လို့ ပြောလိုက်ပါတယ်။

လူ့အခွင့်ရေး ကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေ ရှိကြောင်းနဲ့ အဲဒီမှာ နေထိုင်ကြတဲ့ ရုရှား ဘာသာစကားပြောသူတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေကြောင်း ကရင်မလင်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ပူတင်က စွပ်စွဲပြောဆို ခဲ့ပြောပါတယ်။

ဆက်လက်ပြီး ယူကရိန်းက အာဏာပိုင်တွေကိုလည်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြဖို့ အတွက် တိုက်တွန်းလိုက်ပါတယ်။

အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ပူတင်က သူ့အနေနဲ့ ယူကရိန်း အရေးအတွက် အနောက်အုပ်စု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုလားဆဲ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ရုရှားရဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကို လစ်လျူရှုနေကြတယ်လို့လည်း စွပ်စွဲပါတယ်။ နောက်ပြီး ဘယ်လို သဘောတူညီချက်မျိုးပဲ ရရ နေတိုးအဖွဲ့ဟာ အရှေ့ဘက်ကို ထပ်ပြီး တိုးချဲ့မလာပါဘူးဆိုတဲ့ အချက်ကို ဥပဒေကြောင်းအရ ကတိကဝတ်တခုအဖြစ် ထည့်သွင်း ချုပ်ဆိုရမယ်လို့ ဆိုပါတယ်။

အနောက်အုပ်စုက ချမှတ်မယ်လို့ ဆိုထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်လို့တော့ မစ္စတာ ပူတင်က အမေရိကန်နဲ့ သူတို့မဟာမိတ်တွေဟာ သူ့အစိုးရကို ဘဏ္ဍာရေး ပိတ်ဆို့အရေးယူနိုင်ဖို့ အမြဲ ယိုးမယ်ဖွဲ့ အကြောင်းရှာနေတာပါလို့ ဆိုပါတယ်။

သူပုန်ထိန်းချုပ်တဲ့ ဒေါန်းညက်စ်ခ် မြို့နေလူထုကို ဘေးလွတ်ရာကို ရွှေ့ပြောင်းမယ်

ယူကရိန်း အရှေ့ဖျားက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါန်းညက်စ်ခ် မြို့နေလူထုကို ရုရှားထဲကို ရွှေ့ပြောင်းမယ်လို့ အဲဒီ ဒေသရဲ့ ခေါင်းဆောင်က ပြောလိုက်ပါတယ်။

ဒန်းနစ္စ ပွတ်ရှီလင်ဟာ သူတို့ဘာသာ ဒေါန်းညက်စ်ခ် ပြည်သူ့ သမ္မတ နိုင်ငံ (DNR) လို့ အမည်ပေးထားတဲ့ ဒေသခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူက လူမှု ကွန်ရက်ပေါ်မှာ အခုလို ကြေညာခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့လာသူတွေ နေဖို့ ထိုင်ဖို့အတွက်လည်း ရုရှားဘက်က ကူညီပေးဖို့ သဘောတူထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အရင်ဆုံး ရွှေ့ပြောင်းပေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ သူတို့ရဲ့ (DNR) ကို ပြင်ပကမ္ဘာက အသိအမှတ်ပြုထားတာမျိုး မရှိပါဘူး။

တဖက်မှာတော့ အမေရိကန်နဲ့ မဟာမိတ်တွေက အရှေ့ဖျား ဒွန်းဘတ်စ် ဒေသထဲမှာ အခြေအနေတွေ ပိုဆိုးလာနေတာကြောင့် ဒါကို ယိုးမယ်ဖွဲ့ပြီး ရုရှားက ယူကရိန်းထဲကို ကျူးကျော်လာမှာကို စိုးရိမ်နေကြပါတယ်။

ရုရှားကတော့ ကျူးကျော်ဖို့ အစီအစဥ်မရှိဘူးလို့ ငြင်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သောကြာနေ့ အစောပိုင်းမှာပဲ အဲဒီ ဒေသအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပိုတိုးလာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောပါတယ်။