တိုက်ရိုက်ထုတ်လွှင့်မှု, မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်

မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ့် သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတလွှားက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ရုရှားနိုင်ငံ၊ မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နေပြည်တော်နဲ့ ရုရှားကို ဘာကပေါင်းစည်းပေးနေတာလဲ

    ၂၀၂၅ ခုနှစ် မတ်လက စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ သမ္မတပူတင်နဲ့ အတူတွေ့ရပုံ

    ဓာတ်ပုံ ရင်းမြစ်, AFP Via Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မတ်လက စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ သမ္မတပူတင်နဲ့ အတူတွေ့ရပုံ

    သမ္မတရာထူးရယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံကြား ရှိပြီးသား စစ်ရေးဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရေးထက် ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။

    စီးပွားရေးအကျပ်အတည်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ နေပြည်တော်အတွက် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ပံ့ပိုးမှုတွေ ရရှိရေးက အရေးပါနေပါတယ်။

    တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ရုရှားဟာ စွမ်းအင်ဈေးကွက်နဲ့ ကုန်သွယ်ဖက်အသစ်တွေ ရှာဖွေနေရပါတယ်။

    နေပြည်တော်နဲ့ မော်စကိုကြားက စစ်ရေးမဟာမိတ်ဆက်ဆံရေးကနေ စီးပွားရေးနဲ့ စွမ်းအင်အကျိုးစီးပွားတွေထိ ဘယ်လောက်အထိ ချဲ့ထွင်လာမလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  2. မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်

    သမ္မတရာထူးယူပြီး ပထမဆုံးရုရှားခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, PPIB

    ဓာတ်ပုံ ပုံစာ, သမ္မတရာထူးယူပြီး ပထမဆုံးရုရှားခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင်

    ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူပြီး ပထမဆုံး ရုရှားခရီးစဉ်အဖြစ် မော်စကိုမြို့ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

    မော်စကိုမြို့ကို ရောက်ရှိလာတဲ့ ဦးမင်းအောင်လှိုင်ကို ရုရှားစီးပွားရေးဖွံဖြိုးတိုးတက်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်ရှိသူတွေက လာရောက် ကြိုဆိုခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။

    ဒီနေ့ မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ရုရှားနိုင်ငံသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

    နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ရဲ့ အဆိုအရ ဦးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာစွမ်းအင်၊ စစ်ဘက်မဟုတ်တဲ့ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။

    ဦးမင်းအောင်လှိုင် ခရီးစဉ်မှာ ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်းတို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၅ ဦးထက်မနည်းလိုက်ပါသွားပါတယ်။

    ဒီခရီးစဉ်မှာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦး လည်းလိုက်ပါသွားပြီး နေပြည်တော်က အမြန်ပြန်စချင်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    အာကာသထဲကို မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးတွေကို စေလွှတ်မယ်လို့ ပြောဆိုဖူးတဲ့ ဦးမင်းအောင်လှိုင်ဟာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ‌ဒေါက်တာစိုးမြင့်မောင် ကိုလည်း ဒီခရီးစဉ်မှာ ခေါ်ဆောင်လာပါတယ်။

    မြန်မာ နဲ့ ရုရှားအကြား အာကာသနည်းပညာ နဲ့ မြန်မာအာကာသယာဉ်မှူးတွေ လေ့ကျင့်သင်ကြားရေး အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ရင် ဩဂုတ် ၁၉ ရက် မှာ ကျင်းပမယ့် ရုရှား–မြန်မာ စီးပွားရေးဖိုရမ်ကိုတက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖိုရမ်ကို သမ္မတပူတင်တက်ရောက်ဖို့ရှိတယ်လို့တော့ ကရင်မလင်က မပြောထားပါဘူး။

  3. မင်္ဂလာပါ။ ဩဂုတ် ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။