ယူကရိန်းအရှေ့ဖျားမှာ ယူကရိန်းနဲ့ ရုရှားထောက်ပံ့တဲ့ သူပုန်တွေကြား တိုက်ခိုက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းကို ရုရှားက တိုက်ခိုက်နိုင်ခြေရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ယူကရိန်း အရှေ့ဖျားက အရှေ့ ဒွန်ဘတ်စ် ဒေသထဲမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ယူကရိန်းဘက်နဲ့ ရုရှားက ထောက်ပံ့ထားတဲ့ သူပုန်တွေဘက်အကြား တဖက်နဲ့ တဖက် အပစ်ရပ် သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြတယ်လို့ စွပ်စွဲနေကြပါတယ်။
သူပုန်တွေဘက်က ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ သူ့တို့ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ယူကရိန်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ဒါဟာ အခြေအနေတွေ ပိုဆိုးလာအောင် လုပ်ယူတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
နောက်ထပ် သိရတဲ့ သတင်းတွေမှာ စတန်နစ်ဆယား လူဟန်စကာမြို့မှာ ရှိတဲ့ ကလေးမူကြိုကျောင်းကို သူပုန်တွေဘက်က ပစ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ထိမှန် ပျက်စီးခဲ့ရတယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။
နောက်ပြီး မြို့ရဲ့ အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့လို့ မြို့ရဲ့ ထက်ဝက်လောက် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေတဲ့အကြောင်း ပြောပါတယ်။
ယူကရိန်းတပ်တွေက သူတို့ဘက်က သဘောတူညီချက်တွေကို လိုက်နာနေခဲ့ကြောင်း၊ သူပုန်တွေဘက်ကသာ စတန်နစ်ဆယား လူဟန်စကာမြို့ကို အဆိုးမြင်စိတ်တွေ အထူးများပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ပြောပါတယ်။
နှစ်ဖက်စလုံးရဲ့ ပြောဆိုချက်တွေကို လွတ်လပ်တဲ့ အတည်ပြုချက်ပေးနိုင်တာမျိုးတော့ မရှိသေးပါဘူး။
ဒီဒေသမှာ အဲဒီလို တိုက်ခိုက်မှုတွေက အခုမှ ဖြစ်တာတော့ မဟုတ်ပါဘူး။
သူပုန်တွေက ဒွန်ဘတ်စ်ထဲက နေရာတော်တော်များများကို ခွဲထွက်ရေး တိုက်ပွဲတွေ စခဲ့တဲ့ ၂၀၁၄ ကတည်းက ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်း အရပ်သားတွေအပါအဝင် လူပေါင်း ၁၄,၀၀၀ လောက် သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။
ရုရှားက တပ်တွေ ထပ်လွှတ်နေတယ်လို့ အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, EPA/Russia Defense Ministry
အမေရိကန် အကြီးတန်း အရာရှိကြီးတဦးက မော်စကိုက ယူကရိန်း နယ်စပ်က တပ်တွေ ရုပ်သိမ်းနေတယ်ဆိုတာ လိမ်ညာ နေတာသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အဲဒီအရာရှိကြီးက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတင် ရုရှား တပ်ဖွဲ့ဝင် ၇,၀၀၀ လောက်ကို ယူကရိန်းနယ်စပ်ကို ထပ်ပြီး ပို့ခဲ့တယ်၊ ဗုဒ္ဓဟူးနေ့အထိ တပ်တွေ ထပ်ရောက်လာနေတယ်ဆိုပြီး အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရုရှားက သူတို့ ကျူးကျော်မှုကို တရားမျှတကြောင်းပြနိုင်ဖို့ အတွက် မူမမှန်တဲ့ အကြောင်းပြချက်တွေသုံးလာနိုင်တယ်လို့ ဘိုင်ဒန်အစိုးရရဲ့ အကြီးတန်း အရာရှိကြီးက ပြောလိုက်တာ ဖြစ်ပါတယ်။
ဒွန်ဘတ်စ်မှာ လာရန်စလို့၊ နေတိုးဘက်က မြေပြင်၊ ရေပြင် နဲ့ ဝေဟင်တွေမှာ လှုပ်ရှားမှုတွေရှိလို့၊ ရုရှား နယ်နိမိတ်ထဲ ဝင်လာလို့ စသည်ဖြင့် ယိုးမယ်ဖွဲ့ အကြောင်းပြချက်တွေ ပေးလာနိုင်တယ်လို့ ဆိုပါတယ်။
သူတို့ ဘာနဲ့ အကြောင်းပြမလဲတော့ မသိပေမယ့် ဒီ့အတွက် ကမ္ဘာကြီးက အသင့်ဖြစ်နေပြီလို့တော့ မျှော်လင့်ထားပါတယ်လို့ သူကဆိုပါတယ်။
ရုရှားတပ်တွေ ဆုတ်နေပြီလို့ ဆက်ပြောနေ
ကြာသပတေးနေ့ မနက်ပိုင်းမှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အနောက်ပိုင်း စစ်ဒေသထဲက တင့်ကားတပ်တွေဟာ သူတို့ရဲ့ လေ့ကျင့်မှုတွေ ပြီးဆုံးလို့ အခြေစိုက် စခန်းတွေဆီပြန်နေကြပြီ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တင့်ကားနဲ့ သံချပ်ကာယာဥ် တွေကို ရထားပေါ်တင်ပြီး ကီလိုမီတာ ၁,၀၀၀ လောက်ခရီးအကွာအဝေးကို ပြန်ပို့ပေးနေကြောင်း ပြောပါတယ်။
ဘယ်နေရာမှာ လေ့ကျင့်ခဲ့တယ်၊ အဲဒီ တပ်တွေကို ဘယ်ကို ပြန်နေတယ်ဆိုတာတော့ အသေးစိတ်မပြောပါဘူး။ ရုရှားဟာ အစောပိုင်းကလည်း တောင်ပိုင်းနဲ့ အနောက်ပိုင်း စစ်ဒေသတွေက တပ်ဖွဲ့တချို့ဟာ အခြေစိုက် စခန်းတွေဆီပြန်ဖို့ ပစ္စည်းတွေကို ရထားတွေ ကားတွေပေါ် စတင်နေကြပြီ ဖြစ်ကြောင်း ပြောထားပါတယ်။
ရုရှားထင်တာထက် အနောက်နိုင်ငံတွေ ပိုသိထားတယ်
တခါ ယူကေက တော်ဝင်ရေတပ်ရဲ့ အကြီးအကဲဟောင်းက ယူကေနဲ့ အမေရိကန်ဟာ ယူကရိန်းနယ်စပ်က တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ရုရှားဘက်က ထင်ထားတာထက် ပိုပြီး တိတိကျကျ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး လော့ဒ် ဝက်စ်က တော်ဝင်ရေတပ်နဲ့ အမေရိကန်မှာ ဂြိုဟ်တုတွေ ထောက်လှမ်းရေး ဌာနတွေက သတင်းအချက်အလက်တွေနဲ့ အဲဒီမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျ သိနိုင်ကြတယ်၊ တခါတလေမှာ ရုရှားဘက်က ထင်ထားတာထက်တောင် ပိုသိနေသေးတယ်လို့ တိုင်းမ်စ် ရေဒီယိုကို ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေတွေဖြစ်နေပေမဲ့ ရုရှားနဲ့အနောက်နိုင်ငံတွေကြား သံတမန်ရေး ဆွေးနွေးမှုတွေက ဆက်ရှိနေပါသေးတယ်။









