ရုရှားက ယူကရိန်းကို ဝင်တိုက်ဖို့အလေးအနက်ပြင်နေပြီလို့ ယူကေဝန်ကြီးချုပ်ပြော

စစ်ရေးလေ့ကျင့်ခန်းလုပ်နေတဲ့ ယူကရိန်းစစ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းဘက်ကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အသင့်အနေထားတဲ့ ပြင်ထား
ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားတပ်တွေ ဝင်တိုက်တော့မလား သိမ်းတော့မလားဆိုပြီး စိုးရိမ်မှုတွေက တနေ့တခြားတိုးလာနေလို့ နိုင်ငံခေါင်းဆောင်တွေက သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ အပူတပြင်းကြိုးစားနေကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း စစ်ပွဲဖြစ်လာနိုင်တဲ့ အကျဉ်းအကျပ် အခြေအနေကနေ ရုရှားကို ဆွဲထုတ်နိုင်ဖို့ ဥရောပတလွှားမှာ သံတမန်ရေးရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် ရုရှားဘက်က ယူကရိန်းကို သိမ်းပိုက်ဖို့ စိုးရိမ်စရာကောင်းတဲ့ ပြင်ဆင်မှုတွေရှိနေတဲ့ အထောက်အထားတွေ ရှင်းရှင်းလင်းလင်းတွေ့လာရတဲ့အတွက် အင်္ဂလန်အနောက်က်မြောက်ပိုင်းကို ဒီနေ့ သွားနေတဲ့ သူ့ခရီးစဉ်ကို ချုံ့လိုက်ပြီး လန်ဒန်ကို ပြန်လာနေပါပြီ။

ပြီးတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ယူကေကဘယ်လိုရပ်တည်မလဲဆိုတာကို ဝန်ကြီးချုပ် ဦးဆောင်ဆွေးနွေးမယ့် ကော်ဘရာ အရေးပေါ်လုံခြုံရေးအစည်းအဝေး ကို မနက်ဖြန်မှာခေါ်ထားတယ်လို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။

ရုရှားနဲ့ တွေ့ဖို့ ယူကရိန်းကြိုးစား

တစ်ချိန်တည်းမှာပဲ ယူကရိန်းကလည်း တင်းမာမှုတွေကို ဖြေလျှော့ဖို့ ၄၈ နာရီအတွင်း ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေပါတယ်။

ယူကရိန်းက သူ့နိုင်ငံနယ်စပ်မှာ ရုရှားနဲ့စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာတွေကိုဖြေရှင်းနိုင်ဖို့ ရုရှားနဲ့ အတူ အရေးပါတဲ့ ဥရောပလုံခြုံရေးအဖွဲ့ဝင်နိုင်ငံတွေပါတဲ့ တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ တောင်းဆိုနေပါတယ်။

သူတို့ နိုင်ငံနယ်စပ်ကို တပ်တွေ တိုးချဲ့ချချထားနေရတဲ့ အကြောင်းပြချက်ကို ရှင်းပြပေးဖို့ တရားဝင်တောင်းဆိုမှုကိုလည်း ရုရှားဘက်ကဘာမှအကြောင်းမပြန်ဘဲ လျစ်လျူရှုထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ ပြောပါတယ်။

အခု နောက်တဆင့်အနေနဲ့ ရုရှားလုပ်နေတဲ့ အစီအစဉ်တွေ ပွင့်လင်းမြင်သာမှုရှိရှိသိစေဖို့ လာမယ့်၄၈ နာရီအတွင်း တွေ့ဆုံဖို့ တောင်းဆိုထားတာလို့သူက ထပ်ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ သူတို့စစ်သား တစ်သိန်းလောက် လာချထားတာရှိနေပေမဲ့ ယူကရိန်းကို ကျူးကျော်ဖို့ သူတို့မှာ အစီအစဉ်မရှိဘူးလို့ ရုရှားဘက်က အခုထိ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် မော်စကိုဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ အချိန်မရွေးစလုပ်လာနိုင်တယ်လို့ အမေရိကန်က ပြောခဲ့တဲ့အတွက် နိုင်ငံဒါဇင်ကျော်ဟာ သူတို့ နိုင်ငံသားတွေ ယူကရိန်းနိုင်ငံထဲကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။

ယူကရိန်းနဲ့လည်း နယ်စပ်ချင်းထိနေတဲ့ ဘယ်လာရုစ်မှာ ရုရှားတပ်တွေ စစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ယူကရိန်းနဲ့လည်း နယ်စပ်ချင်းထိနေတဲ့ ဘယ်လာရုစ်မှာ ရုရှားတပ်တွေ စစ်ရေးလေ့ကျင့်

ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားဘက်က အဓိကစိုးရိမ်မှုတွေရှိနေတဲ့ နေတိုးအဖွဲ့ထဲဝင်မယ့်ကိစ္စ ပြေလည်မှုရရှိအောင် ယူကရိန်းဘက်က လိုက်လျောညီထွေမှုတွေလုပ်သွားဖို့ ဆန္ဒရှိတယ်လို့ လန်ဒန်အခြေစိုက် ယူကရိန်းသံအမတ် ဗာဒန်ပရိုင်စတစ်ကိုက ဘီဘီစီကို ပြောကြားထားတဲ့ အချက်ကို အခုတော့ သူက ပြန်ရုပ်သိမ်းသွားပါတယ်။

ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ထဲကိုဝင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကတိကဝတ်တွေ ချထားတာရှိသလို၊ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံ မခံဆိုတာက နေတိုးအဖွဲ့ ကိုယ်တိုင်ရဲ့ အဆင်သင့်ဖြစ်နေမှု အပေါ်မှာသာမူ တည်တယ်လို့ နောက်အင်တာဗျူးတစ်ခုမှာ သူကပြောပါတယ်။

ယူကရိန်းနိုင်ငံ အနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲချချ ဗြိတိန်က ထောက်ခံသွားမယ်လို့ ဗြိတိန် လက်နက်ကိုင်တပ်များ ဝန်ကြီး ဂျိမ်းစ်ဟီပေးကလည်း ပြောထားပါတယ်။

သူတို့နယ်စပ်တလျှောက်မှာ တပ်တွေလာစုနေတာနဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) က တစ်ဆင့် ရုရှားကို ယူကရိန်းက တောင်းဆိုထားပါတယ်။ ရုရှားက လက်မှတ်ထိုးထားတဲ့ ဗီယင်နာသဘောတူညီမှုစာချုပ်အရဆိုရင် OSCE အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့ အချက်အလက်တွေကို မေးမြန်းခွင့်ရှိပါတယ်။

"OSCE နိုင်ငံတွေကြားမှာ လုံခြုံရေးဟာ ခွဲခြားလို့မရတဲ့ ကိစ္စလို့ ရုရှားဘက်က အလေးအနက်ရှိတယ်ဆိုရင်အားလုံး စိုးရိမ်နေကြတဲ့ တင်းမာမှုတွေလျော့ကြသွားစေဖို့ စစ်ရေးအပိုင်း ပွင့်လင်းမြင်သာမှု ရှိဖို့ ကတိကဝတ်ကို လိုက်နာ ဖြည့်ဆည်း ပေးရပါမယ်"လို့ မစ္စတာ ကူလီဘာက ပြောပါတယ်။

စိုးရိမ်မှုတွေမြင့်တက်ပြီး ထိတ်လန့်နေကြတဲ့အပေါ် ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်စကီးက ရက်ပိုင်းအတွင်း ရုရှားက သူတို့နိုင်ငံထဲကို ဝင်သိမ်းမယ်ဆိုတဲ့ ဘယ်လိုအထောက်အထားမျိုးမှ မတွေ့ရသေးဘူးလို့ ထောက်ပြဝေဖန်ထားပါတယ်။

ဘိုင်ဒန်လည်း ပြောဆိုဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း သူနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တစ်နာရီနီးပါးကြာ ဖုန်းနဲ့ စကားပြောဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဘိုင်ဒန်က ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး သံတမန်ရေးလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ တားဆီး ဟန့်တားရေးတွေလုပ်ဖို့အတွက် အရေးကြီးပုံကို ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြောပါတယ်။

ဒီဖုန်းပြောကြားမှုနဲ့ပတ်သက်ပြီး ယူကရိန်းက ထုတ်တဲ့ ကြေညာချက်ထဲမှာ အမေရိကန်နိုင်ငံရဲ့ “ခိုင်မာတဲ့ ပံ့ပိုးကူညီမှု” အတွက် ကျေးဇူးတင်ကြောင်း၊ ယူကရိန်း သမ္မတ ဇာလန်စကီးက အမေရိကန်သမ္မတကို ယူကရိန်းနိုင်ငံလာလည်ဖို့ ဖိတ်ထားတဲ့ အကြောင်း ရေးထားပါတယ်။ ယူကရိန်းဘက်က ဖိတ်ကြားမှုနဲ့ပတ်သက်လို့ အခုအချိန် အထိတော့ အိမ်ဖြူတော်ဘက်က ဘာမှ မှတ်ချက်မပေသေးပါဘူး။

စနေနေ့ကလည်း သမ္မတဘိုင်ဒင်နဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့အကြား တစ်နာရီကြာ ဖုန်းခေါ်ဆိုစကားပြောမှုတွေရှိခဲ့ပေမယ့် ဘာသဘောတူညီချက်မှ အတိအကျမရခဲ့ဘူးလို့ သိရပါတယ်။

ယူကရိန်းရောက်နေတဲ့ ဂျာမန်ဝန်ကြီးချုပ်

ဂျာမန်ဝန်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတတို့ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျာမန်ဝန်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတတို့ ဆွေးနွေး

သံတမန်နည်းလမ်းအရ အဖြေရှာဖို့ ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ်ကလည်း တနင်္လာနေ့နှောင်းပိုင်းက ကိယက်ဗ်မြို့မှာ သမ္မတဇာလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အင်္ဂါနေ့ရောက်ရင် မော်စကိုမှာ သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီဇင်ဘာလကမှ ရာထူးစယူခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ်က ရုရှားနိုင်ငံအနေနဲ့ ကျူးကျော်မှုတစ်ခုခုကို လုပ်ဆောင်ခဲ့ရင် စီးပွားရေးအကျိုးဆက်တွေ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်လာနိုင်တယ်လို့ တခြား အနောက်နိုင်ငံတွေနဲ့ နေတိုးစစ် မဟာမိတ်အဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပဲ့တင်ထပ်ပြီး သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန်အစိုးရတာဝန်ရှိသူတွေကတော့ ဒီခရီးစဉ်ကနေ ထူးခြားတဲ့ ရလဒ်ကြီးတွေ ရလိမ့်မယ်လို့တော့ မျှော်လင့်ချက် သိပ်ထားကြပုံမပေါ်ပါဘူး။

ဝါရှင်တန်က သမ္မတဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗင်ကတော့ ရုရှား ကျူးကျော်မှုဟာ အခုကစလို့ "ဘယ်နေ့မှာမဆို" ဖြစ်လာနိုင်တယ်လို့ သတိပေးထား ပါတယ်။

ရုရှားက အယောင်ပြသဘောမျိုး စစ်ဆင်ရေးတွေလုပ်လာပြီး ယူကရိန်းဘက်က တုံ့ပြန်မှုတွေကြာင့် နယ်မြေ အပြည့်အဝသိမ်းပိုက်မှုတွေအထိ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း အမေရိကန်ဘက်က အနီးကပ်စောင့်ကြည့်နေတယ်လို့ မစ္စတာဆူလီဗင်က ထပ်ပြောပါတယ်။

ယူကရိန်းနယ်စပ်တလျှောက်မှာ ရုရှားတပ်တွေ တိုးချဲ့ချထားတာဟာ သူတို့ပိုင်နက်နယ် မြေကို ကာကွယ်ဖို့ သူတိုနိုင်ငံနယ်မြေထဲမှာ ချတာလို့ ရုရှားနိုင်ငံဘက်က အခိုင်အမာပြောနေပါတယ်။

ဆွေးနွေးအဖြေရှာဖို့ အခွင့်အလမ်းရှိပါသေးတယ်

ရုရှားဘက်က ကျူးကျော်မှုတွေဖြစ်လာတော့မယ်လို့ အမေရိကန်ရဲ့ သတိပေးပြောကြားချက်ကို "ရူးသွပ်မှု အထွတ်အထိပ်ရောက်သွားပြီ" လို့ နိုင်ငံခြားရေးမူဝါဒ အကြီးတန်း အရာရှိ ယူရီယူရှာကော့ဗ်က တနင်္ဂနွေနေ့တုန်းက တုံ့ပြန်ထားပါတယ်။

ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂေလက်ဗ‌ရော့ကလည်း အနောက်နိုင်ငံတွေနဲ့ လုံခြုံရေးအရ သဘောတူညီချက်ရဖို့ "အခွင့်အရေး အမြဲတမ်း ရှိနေတယ်လို့ " သမ္မတ ဗလာဒီမာပူတင်ကို ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားဆွေးနွေးခန်းတစ်ခုမှာ ပြောပါတယ်။

ကြိုတင်ဇာတ်တိုက်စီစဉ်ထားတဲ့ အဲဒီဆွေးနွေးခန်းမှာ သမ္မတပူတင်က ဝန်ကြီး လက်ဗရော့ကို တခြားနိုင်ငံတွေနဲ့ သဘောတူညီမှုရနိုင်ဖို့ အခြေအနေရှိနိုင်သေးလား၊ ဒါမှ မဟုတ် မပြီးစီးနိုင်မယ့် ဆွေးနွေးပွဲတွေထဲ ရုရှားကို ဆွဲသွင်းနေကြတာလားလို့ မေးခဲ့တာကို ပြန်ဖြေခဲ့တာဖြစ်ပါတယ်။