ကောလိပ်ကျောင်းအုပ်တယောက်ကို ဓားစာခံဖမ်းထားတဲ့ တရုတ်ကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, Chinese Social Media
သူတို့ရမယ့် ကောလိပ်ဒဂရီဘွဲ့ရဲ့ တန်ဖိုးလျော့သွားမှာကို ကြောက်လန့်စိုးရိမ်တဲ့အတွက် ဆန္ဒပြကျောင်းသားတွေက ကျောင်းအုပ်တယောက်ကို တန်ဆာခံ ဖမ်းဆီးထားတယ်လို့ တရုတ်ရဲတွေက အင်္ဂါနေ့တုန်းက ပြောပါတယ်။
ကျန်စုပြည်နယ်ထဲမှာရှိတဲ့ နန်ကျင်းတက္ကသိုလ်လက်အောက်က ကောလိပ်တခုကို အဲဒီကောလိပ်ထက် ဂုဏ်အရည်အသွေးနိမ့်တယ်လို့ သတ်မှတ်ကြတဲ့ အသက်မွေးမှု အတတ်ပညာ ကျောင်းတကျောင်း (Vocational School)နဲ့ ပူးပေါင်းမယ့်အစီအစဉ် အပေါ်မှာ ဆန္ဒပြပွဲကထွက်ပေါ်လာတာပါ။
ရဲတွေက ဆန္ဒပြကျောင်းသားတွေကို လက်ကိုင်တုတ်တွေနဲ့ရိုက်၊ ငရုတ်ကောင်းအငွေ့တွေနဲ့ ဖြန်းကာ ဖြိုခွဲခဲ့ပြီး ကျောင်းသား တချို့ ဒဏ်ရာတွေရခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
လူထုလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ တရုတ်မှာ ဒီလို ဆန္ဒပြပွဲမျိုးက ရှားရှားပါးပါး အဖြစ်တခုပါ။
ကျန်စုပြည်နယ်မှာရှိတဲ့ နန်ကျင်းပုံမှန်တက္ကသိုလ်ရဲ့ ကျုံ့ပေကောလိပ်က ကျောင်းသားတွေဟာ တနင်္ဂနွေနေ့က ကျောင်းဝင်းအတွင်းမှာ စုရုံးစုဝေးလာခဲ့ကြပြီး၊ အသက် ၅၅ နှစ်အရွယ် ကျောင်းအုပ်ကို နာရီ ၃၀ ကျော်ကြာ ဖမ်းဆီးထားတယ်လို့ တန့်ယောင်စီးတီး ရဲတပ်ဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။
အာဏာပိုင်တွေက ဒီလို ကျောင်းပေါင်းစည်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပါတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း ကျောင်းသားတွေက "ရဲတွေကို ပိတ်ဆို့တာတွေ၊ နှုတ်နဲ့ စော်ကားတာတွေ လုပ်ခဲ့တယ်"၊ ကျောင်းအုပ်ကို လွှတ်မပေးဘူးလို့လည်း အဲဒီကြေညာချက် ထဲမှာ တွေ့ရပါတယ်။
အေအက်ဖ်ပီသတင်းရဲ့ အဆိုအရ ရဲတွေက လက်ကိုင်တုတ်တွေ၊ ငရုတ်ကောင်း အငွေ့တွေ သုံးပြီး ကျောင်းသားတွေကို ဖြိုခွဲတဲ့ပုံတွေ၊ ကျောင်းသူ တယောက် ခေါင်းကနေ သွေးတွေစီးကျနေတဲ့ပုံတွေကို လူမှုမီဒီယာတွေထဲမှာ တွေ့ရတယ်လို့ သိရပါတယ်။
ရဲတွေရဲ့ သဘောထားကြေညာချက်မှာတော့ "ဖမ်းခံထားရတဲ့သူ လွတ်လာအောင်နဲ့ ကျောင်းဝင်းအတွင်း တည်ငြိမ်မှုကို ပြန်လည်ရရှိဖို့အတွက် လုံခြုံရေးအဖွဲ့တွေ အနေနဲ့ ဥပဒေနဲ့အညီ လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်မယ်" ဆိုတာပါဝင်သလို၊ ဒဏ်ရာရထားတဲ့ သူတွေကို ဆေးရုံကို အမြန်ဆုံးပို့လိုက်ပြီလို့ဆိုပါတယ်။
"ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသွားတဲ့ နန်ကျင်း ပုံမှန်တက္ကသိုလ်၊ ကျုံ့ပေကောလိပ်က ကျောင်းသူကျောင်းသားတွေ"လို့ ဟတ်ရှ်တက်ဂ် လုပ်ပြီး လူမှုမီဒီယာမှာ ဖြန့်ဝေတာကို ဝေဘို ဝက်ဆိုဒ်ပလက်ဖောင်းက အင်္ဂါနေ့က စပြီး တားမြစ်ထားတယ်ဆိုတဲ့ သတင်းလည်းရပါတယ်။
ဒါပေမယ့် တွစ်တာမှာ ထွက်လာတဲ့ ဗီဒီယို တခုထဲမှာတော့ ထောင်နဲ့ချီတဲ့ကျောင်းသားတွေ ကြွေးကြော်သံတွေ အော်နေကြတာ၊ ရဲတွေက သူတို့ကို ဝိုင်းထားတာ၊ ရဲတွေက သူတို့ကို လိုက်ဖမ်းနေပြီး တချို့ကို လူအုပ်ကနေ ဆွဲခေါ်ထုတ်သွားတာတွေပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NANJING NORMAL UNIVERSITY ZHONGBEI
မတ်လအတွင်းက စတင်ကြေညာခဲ့တဲ့ သူတို့ကျောင်းတွေပေါင်းမယ့်အစီအစဉ်တွေကို ကျန်စုပြည်နယ်အတွင်းမှာရှိတဲ့ ကောလိပ် ၆ ခုစလုံးက ရွှေ့ဆိုင်းလိုက်ပါပြီလို့ အဲဒီ ဆန္ဒပြပွဲ တွေဖြစ်လာပြီး နောက်ပိုင်းမှာ ကြေညာခဲ့ကြပါတယ်။
သီးခြားလွတ်လပ်နေတဲ့ ကောလိပ်တွေ အသက်မွေးမှု အတတ်ပညာကျောင်းတွေအဖြစ်ကို ပြောင်းလဲပါဆိုတဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့အညီလုပ်ဆောင်ဖို့အတွက် ကျောင်းပေါင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလုပ်တာလို့ ကျန်စု ပညာရေးဌာနက ပြောခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်က ပြည်နယ်တွင်းက ကောလိပ် ၄ ခုမှာ အလားတူ စိုးရိမ်မှုတွေဖြစ်လာပြီး ဆန္ဒပြတာတွေဖြစ်လာခဲ့တယ်၊ တချို့ဆန္ဒပြပွဲကနေ ထိပ်တိုက်ရင်ဆိုင်တာတွေဖြစ်လာနေခဲ့တယ် လို့ ဂလိုဘယ်တိုင်းမ် သတင်းစာက ရေးပါတယ်။
အဲဒီ ကောလိပ်တွေဟာ တက္ကသိုလ်တွေ၊ လူမှုရေးအဖွဲ့တွေ၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေကြတာပါ။ တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ လုံလောက်တဲ့ အမှတ်မရတဲ့ ကျောင်းသားတွေအနေနဲ့ အဲဒီ ကောလိပ်တွေမှာ ဝင်ခွင့်လျှောက်ထားနိုင်သလို၊ တက္ကသိုလ်ဘွဲ့တခုကိုလည်းရနိုင်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ဘွဲ့ရဖို့အတွက် ကျောင်းလခ ကတော့ နှိုင်းယှဉ်ချက်အရ ပိုပြီးပေးရပါတယ်။
ဒီလိုဘွဲ့က အသက်မွေးမှုအတတ်ပညာကျောင်းမှာ ရတဲ့ ဒီဂရီဘွဲ့ထက်ပို တန်ဖိုးရှိတယ်လို့ မှတ်ယူကြပြီး တရုတ်နိုင်ငံမှာ အသည်းအသန်ယှဥ်ပြိုင်ရတဲ့ အလုပ်စျေးကွက်မှာ အလုပ်ပိုရ လွယ်တယ်လို့ ယုံကြည်ထားကြတာပါ။
တရုတ်မှာ ဒီနှစ်အတွင်း တက္ကသိုလ်ဘွဲ့ရ ၉ သန်း ထွက်ပေါ်လာနိုင်မယ်လို့ မှန်းနေကြပြီး ဒီအရေအတွက်ဟာ စံချိန်တင် ပမာဏဖြစ်လာမှာပါ။








