ကိုဗစ်ကြောင့် ဘာလီကျွန်းကို နိုင်ငံခြားသားခရီးသွားခွင့် နှစ်ကုန်တဲ့အထိပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အန္တရာယ်ကြောင့် အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းကို နိုင်ငံခြား ခရီးသွားတွေ လာရောက်လည်ပတ်ခွင့် ဒီနှစ်အတွင်း ပြန်လည် ဖွင့်ပေးတော့မှာ မဟုတ်ပါဘူး။
အားလပ်ရက် အပန်းဖြေစရာ နေရာတခုအဖြစ် နာမည်ကြီး လူကြိုက်များတဲ့ ဒီကျွန်းကို နောက်လကစပြီး နိုင်ငံခြားခရီးသွားတွေ ပြန်လည် လည်ပတ်ခွင့်ပြုတော့မယ်လို့ အာဏာပိုင်တွေက အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတာကြောင့် ဒီအစီအစဉ်ကို အခုတော့ ဖျက်သိမ်းလိုက်ပါပြီ။
ဒါကြောင့် ခရီးသွားလုပ်ငန်းအပေါ် အဓိက မှီခိုနေတဲ့ စီးပွားရေးလောကက ဒေသခံတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အကြောင်း စိုးရိမ်မှုတွေ ပိုတိုးလာခဲ့ပါတယ်။
ဘာလီမှာရှိတဲ့ လူသူသိပ်မထူထပ်တဲ့ ကမ်းခြေတွေ၊ လှေကားထစ် စပါးစိုက်ခင်းတွေနဲ့ ဟိန္ဒူဘုရားကျောင်း အများအပြားကို နိုင်ငံခြားသား သန်းနဲ့ချီ နှစ်စဉ် လာရောက်လေ့ရှိပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့နိုင်ငံသား မဟုတ်သူတွေကို နိုင်ငံတွင်း ပေးမဝင်တော့တာကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
ယိုင်နဲ့နေတဲ့ ခရီးသွားလုပ်ငန်းကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် ဇူလိုင်လကုန်ပိုင်းမှာ ဒေသတွင်း ခရီးသွားဧည့်သည်တွေအပေါ် မှီခိုခဲ့ရပြီး အဲဒီက ကမ်းခြေတွေ၊ ဘုရားကျောင်းတွေနဲ့ တခြား အထင်ကရနေရာတွေကိုလည်း ဒေသတွင်း ခရီးသွားဧည့်သည်တွေအတွက် ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
အဲဒီ အပန်ဖြေစခန်းတွေမှာ အလုပ်လုပ်ကိုင်နေသူ အများအပြားဟာလည်း ဝင်ငွေရှာဖို့ သူတို့မွေးရပ်မြေ မြို့ ရွာတွေကို ပြန်သွားခဲ့ကြပါတယ်။
"အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေအနေဟာ ဘာလီကျွန်းအပါအဝင် နိုင်ငံတွင်းကို ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ခွင့်မပြုနိုင်သေးဘူး"လို့ ဘာလီကျွန်း အုပ်ချုပ်ရေးမှူး ဝရန် ကိုစတာ (Wayan Koster) က မကြာသေးခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တခုမှာ ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံခြား ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်နိုင်ဖို့ ဘာလီကျွန်းကို ဘယ်တော့ ပြန်ဖွင့်ပေးမလဲဆိုတာနဲ့ ပတ်သက်လို့တော့ ဒီထုတ်ပြန်ချက်ထဲမှာ ရေးမထားပါဘူး။ ဒါပေမဲ့ "၂၀၂၀ နှစ်ကုန်ပိုင်းထိ" အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်ခွင့် ဖွင့်ပေးဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုင်ငံခြား ခရီးသွားတွေ ပြန်လည်ဖွင့်ပေးဖို့ဆိုရင် ဂရုတစိုက် သေသေချာချာ ပြင်ဆင်မှုတွေ၊ "ရေရှည်အတွက် ချင့်ချိန်စဉ်းစားမှုတွေ" လိုအပ်တယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် ဘာလီကျွန်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့အရေး အခက်ကြုံရနိုင်သလို ကျွန်းရဲ့ ဂုဏ်သတင်း ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဘာလီကျွန်းမှာ တနင်္လာနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄,၅၇၆ ဦး ရှိသွားပြီး သေဆုံးသူ ၅၂ ဦး ရှိပါတယ်။
တနိုင်ငံလုံးအတိုင်းအတာအရဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံသူပေါင်း ၁၅၅,၀၀၀ ကျော် ရှိသွားပြီး သေဆုံးသူ ၆,၇၅၉ ဦး ထက်မနည်း ရှိပါတယ်။ ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ ဒီထက် ပိုလုပ်ရင် ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
ခရီးသွားလုပ်ငန်း ဆိုးဆိုးဝါးဝါး ထိခိုက်မှု
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေနဲ့ ခရီးသွားလာခွင့် ကန့်သတ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် "အကြီးအကျယ် သက်ရောက်မှုတွေ" ရှိနေခဲ့တယ်လို့ ဘာလီကျွန်းမြို့တော် ဒမ့်ပဇာ မြို့ ရဲ့ ဟိုတယ်မန်နေဂျာ ပူတု ဂီဒီ ဘူဒီအာတာက ပြောပါတယ်။
"ကျွန်တော်တို့ ဒေသခံအများစုက ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြပြီး ကျွန်တော်တို့ ဧည့်သည်အများစုကလည်း နိုင်ငံခြားသားတွေပါ။ ဒီအခြေအနေက ခက်ခဲရုန်းကန်နေရတဲ့ အချိန်ပါ။ ဝင်ငွေတွေလည်း ထိခိုက်ခဲ့ပါတယ်" လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
သူ အလုပ်လုပ်နေတဲ့ ဟိုတယ်က ဒေသတွင်း ခရီးသွားဧည့်သည်တွေကို ကြိုးစား ဖိတ်ခေါ်နေတာကြောင့် ဟိုတယ်အခန်းထက်ဝက် အောက်တော့ လူပြည့်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျေးလက်ဒေသမှာ သူဖွင့်ထားတဲ့ တခြား တည်းခိုခန်းမှာတော့ ဧည့်သည်တယောက်မှ မလာတာ လနဲ့ချီ ရှိနေပါပြီ။








