အစားအစာထုပ်ပိုးတဲ့ ဘူးတွေကနေ ကိုရိုနာဗိုင်းရပ်စ် ကူးနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အမေရိကတိုက်ကနေ အေးခဲထားတဲ့ ပုစွန်တွေ၊ ကြက်တောင်ပံဘူးတွေ တရုတ်နိုင်ငံဆီပို့တော့ အဲဒီဘူးတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးပါလာတဲ့အဖြစ် တချို့တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။
ဒီတော့ အစားအစာထုပ်ပိုးတဲ့ ဘူးတွေကနေ တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်သလားဆိုတဲ့ အမေးတွေက ထပ်ပြီးပေါ်လာပါတယ်။
ဒီနည်းနဲ့ ကူးစက်နိုင်တဲ့အလားအလာ ဘယ်လောက်ရှိပါသလဲ
သီအိုရီ အရတော့ အထုပ်တွေ၊ ဘူးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပါလာပြီး အဲဒီ့ပိုးတွေက ကိုယ့် နှာခေါင်းထဲ (ဒါမှမဟုတ်) ပါးစပ်ထဲ (ဒါမှမဟုတ်) မျက်လုံးတွေထဲကို ဝင်သွားမယ်ဆိုရင် ဗိုင်းရပ်စ်ကိုယ့်ဆီကို ကူးစက်နိုင်ပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဗိုင်းရပ်စ်ဟာ အထုပ်အပိုးထုပ်တဲ့ ပစ္စည်းတွေ - ဥပမာ - ကတ်ထူပြား၊ ပလပ်စတစ် စတဲ့ အပေါ်တွေမှာ နာရီအတော်ကြာကြာ ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ ရက်တွေအများကြီးတော့ မရှင်သန်နိုင်ပါဘူး။
နောက်ပြီးတော့ အစားအစာအထုပ်တွေကို တစ်နေရာကတစ်နေရာကို ပို့တဲ့အခါ အပူချိန်အတော်နိမ့်ပြီး အေးတဲ့ဝန်းကျင်အောက်မှာထားကာ ပို့ဆောင်ကြတာမို့လို့ အဲဒီ အခြေအနေကလည်း ဗိုင်းရပ်စ် ရှင်သန်စေဖို့ အားပေးပါတယ်။
ဒါပေမဲ့ သိပ္ပံပညာရှင်တချို့က ဒီနည်းနဲ့ကူးနိုင်တယ် ဆိုတဲ့အပေါ်မှာ သိပ်လက်မခံကြပါဘူး။
လက်စတာ တက္ကသိုလ် University of Leicester က အသက်ရှူလမ်းကြောင်းဆိုင်ရာ သိပ္ပံဘာသာရပ် တွဲဘက် ပါမောက္ခ ဒေါက်တာ ဂျူလီယံ တန်က ဝန်းကျင်အခြေအနေတွေ အမြန် ပြောင်းလဲသွားတာနဲ့အတူ ဗိုင်းရပ်စ်ဟာ သိပ်ကြာကြာမရှင်သန်နိုင်ပါဘူးလို့ ဆိုပါတယ်။
ရတ်ဂါစ် တက္ကသိုလ် (Rutgers University) အဏုဇီဝဗေဒ ပါမောက္ခ အီမန်နျူရယ် ဂိုးလ်မန်းက နှာချေချလိုက်လို့ တံတွေးစက်အမှုန်လေးတွေမှာ ပါသွားတဲ့ ဗိုင်းရပ်စ်က အပြင်မှာ အသက်ရှင်တာ သိပ်မကြာပါဘူးလို့ မြင်ပါတယ်။
"ကျွန်တော့ အမြင်အရတော့ သက်မဲ့အရာဝတ္တုမျက်နှာပြင်ကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ဖို့ ဖြစ်နိုင်ခြေက အနည်းအကျဉ်းသာရှိတာပါ၊ ဥပမာ -ရောဂါပိုးရှိတဲ့သူကနေ ချောင်းဆိုး၊ နှာချေချလိုက်တာမျိုး ကနေ ရောဂါပိုးပါတဲ့ တံတွေးအစက်အမှုန်လေးတွေက မျက်နှာပြင်တွေပေါ် ကျသွားနိုင်တယ်၊ ချောင်းဆိုး၊ နှာချေ ချပြီး ၁နာရီ ၂ နာရီအတွင်းလောက်မှာပဲ ပိုးက ရှင်နိုင်တာဆိုတော့ အဲဒီအပေါ်ကို တယောက်ယောက်က ကိုင်မိတာက တစ်ဆင့် ကူးတာမျိုးက အခွင့်အလမ်းနည်းပါတယ်" လို့ ဒေါက်တာ ဂိုလ်းမန်းက သည် လန်းဆက် (The Lancet) ဂျာနယ်မှာရေးပါတယ်။
အစားအသောက်ထုပ်တဲ့ အိပ်တွေ၊ ဘူးတွေဆီက ဘယ်လိုကူးနိုင်လဲ
ဒီနည်းနဲ့ကူးနိုင်တယ်ဆိုတာက ဘယ်လို အခြေခံကနေစအတွေးရတာလဲဆိုတော့ အစားအသောက်ထုပ်ပိုးတဲ့ အလုပ်ရုံတွေက အလုပ်သမားတွေက ပိုးတွေရှိနေတဲ့ အရာဝတ္တု မျက်နှာပြင်တွေကို လက်နဲ့ကိုင်မိကြမယ်၊ နောက်တော့ သူတို့ မျက်စေ့တို့၊ နှာခေါင်းတို့၊ ပါးစပ်တို့ စတဲ့ တစ်ခုခုကို အဲဒီလက်နဲ့ ပွတ်မိကြရင် ရောဂါပိုးကူးစက်သွားနိုင်တယ်ဆိုတာပါ။
ကျန်းမာရေးပညာရှင်တွေကတော့ ကိုဗစ် - ၁၉ အများဆုံးကူးစက်တဲ့ လမ်းကြောင်းက အဲဒီလို မဟုတ်ဘူးလို့ အခုအချိန်မှာ သူတို့ မြင်ပါသတဲ့။
အမေရိကန် ကျန်းမာရေးဌာနအောက်က ရောဂါထိန်းချုပ်မှု ဌာန (CDC)က "ကိုဗစ်-၁၉ ရှိနေတဲ့ မျက်နှာပြင်ပေါ် (ဒါမှမဟုတ်) အရာဝတ္တုကို ကိုင်တွယ်မိရာကနေတစ်ဆင့် လူတွေဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ အဓိကလမ်းကြောင်းလို့တော့ မမှတ်ယူနိုင်ပါဘူး" လို့ သူတို့ရဲ့ ဝက်ဆိုဒ်မှာရေးထားပါတယ်။
လူတစ်ယောက်ကနေ တစ်ယောက်ဆီကို တိုက်ရိုက်ကူးစက်သွားတာမျိုးက အဓိကဖြစ်နေတာလို့ သူတို့က မြင်ပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် (၂ မီတာ - ၆ ပေ) အတွင်းနီးကပ်စွာနေမိရာကနေ ရောဂါပိုးရှိတဲ့သူက ချောင်းဆိုးတာ၊ နှာချေတာ၊ စကားပြောတာကနေ ထွက်လာတဲ့ တံတွေးမှုန်လေးတွေကအနီးအနားကလူတွေရဲ့ ပါးစပ် (ဒါမှမဟုတ်) နှာခေါင်းထဲကို ဝင်သွားတာ (ဒါမှမဟုတ် အသက်ရှူတဲ့အထဲပါသွားပြီး အဆုပ်ထဲရောက်သွားတာ)ကနေ အဓိက ကူးတာလို့ သူတို့က မှတ်ယူပါတယ်။
အထုပ်တွေမှာ ကပ်ပါလာတဲ့ ဗိုင်းရပ်စ်က တဆင့် တစ်စုံတစ်ယောက်ရောဂါရသွားတာကို သက်သေပြဖို့က အတော့်ကို ခက်ခဲကြောင်း ဒေါက်တာ တန်က ပြောပါတယ်။
''တခြားကူးစက်နိုင်တဲ့ အခြေအနေအားလုံးမရှိဘူး။ ဆိုပါတော့ ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေခဲ့ဘူး၊ ဒီ အစားအသာက်ဘူးကိုပဲ ထိတွေ့မိပြီး အဲဒီ တစ်ခုထဲက ကူးခဲ့တယ်ဆိုတာကို သက်သေပြဖို့ရာက အတော့ကို သေချာဖို့လိုပါတယ်။''

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကူးစက်မခံရရေး လုံခြုံစိတ်ချရအောင် ဘယ်လိုနေထိုင်မလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က "အခုအချိန်ထိ အစားအသောက်ကူးစက်တာ၊ အစားအစာထုပ်ပိုးတဲ့ ဘူးတွေ၊ အိတ်တွေကနေ ကိုဗစ်-၁၉ ကူးစက်ထားတယ်ဆိုတဲ့ အတည်ပြုလူနာ တစ်ယောက်မှ မရှိပါဘူး" လို့ ပြောပါတယ်။
ဒါပေမဲ့ မသန့်ရှင်းတဲ့ ပစ္စည်းတွေကနေ တစ်ဆင့် လူတွေဆီမကူးစက်အောင် သတိထား ရှောင်ကျဉ်ရမှာတွေကို သူတို့က ပြောပြထားပါတယ်။
WHO ပြောတာက အစားအသောက်အထုပ်တွေကို ပိုးသတ်ဆေးတွေနဲ့ ပိုးသတ်စရာ မလိုပါဘူးတဲ့။ ဒါပေမဲ့ အစားအသောက် အထုပ်တွေ ကိုကိုင်တွယ်ပြီးရင် ကိုယ့်လက်ကိုဆေးပါ၊ အစားအစာ မစားခင် ကိုယ့်လက်ကို ဆေးပါလို့ သူတို့က ပြောပါတယ်။
တကယ်လို့ ဈေးဆိုင်ကို သွားဈေးဝယ်မယ်ဆိုရင်၊ ဈေးဆိုင်ထဲ မဝင်ခင် ကိုယ့်လက်ကို လက်သန့်ရှင်းရည်နဲ့ ဆေးပါ၊ ဈေးဝယ်ပြီး ပြန်လာရင်လည်း လက်ကိုဆေးပါ၊ ဝယ်လာတဲ့ အစားအစာတွေ သိမ်းဆည်းတာ၊ ကိုင်တွယ်တာ လုပ်ပြီးရင်လည်း လက်ဆေးကြပါတဲ့။
အစားအသောက်ဆိုင်ကနေ အိမ်အရောက်ပို့ပေးရင်လည်း ပို့ဆောင်သူ အလုပ်သမားတွေ အနေနဲ့ သူ့တစ်ကိုယ်ရည်နဲ့ အစားအစာ သန့်ရှင်းမှုဆိုင်ရာ အလေ့အထတွေကို လိုက်နာဖို့ လိုပါတယ်၊ ဒါမှလည်း စိတ်ချရမှာပါ။
အဲဒီ ပို့လာတဲ့ အစားအစာအထုပ်တွေကို ကိုယ့်လက်ထဲ ရောက်လို့ လက်ခံပြီးတဲ့နောက်မှာလည်း ကိုယ့်လက်ကို ဆေးကြောပါ။ တချို့ ကျန်းမာရေး ပညာရှင်တွေကတော့ ပလပ်စတစ် အိပ်တွေကို တစ်ခါသာ အသုံးပြုပါလို့ ဆိုပါတယ်။







