ကိုဗစ် ကင်းတဲ့ နိုင်ငံ ၁၀ နိုင်ငံ

ရေးသားခဲ့သည်။

ကိုရာကျွန်းက ပါလောင်ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, PALAU HOTEL

ဓာတ်ပုံ ပုံစာ, ကိုရာကျွန်းက ပါလောင်ဟိုတယ်

ကမ္ဘာပေါ်က နိုင်ငံအားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရချိန်မှာ နိုင်ငံ ၁၀ နိုင်ငံ ကတော့ ရောဂါ ကူးစက်မခံခဲ့ရပါဘူး။ အခု သူတို့ ဘယ်လို အခြေအနေ ရှိနေပါလဲ။

ဒီဟိုတယ်ကို ပါလောင်ဟိုတယ်လို့ အမည်ပေးထားတာက အရမ်းကို ဆီလျော်ပါတယ်။ ဒီဟိုတယ် ဖွင့်တဲ့ ၁၉၈၂ ခုနှစ်တုန်းက ပါလောင်နိုင်ငံမှာ တခြားဘာဟိုတယ်မှ မရှိသေးပါဘူး။

အပြာရောင်ရေပြင် ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ဝိုင်းနေတဲ့ ပါလောင်နိုင်ငံလေးဟာ အဲဒီ ဟိုတယ် စဖွင့်ချိန်ကစလို့ တစ်ဟုန်ထိုး အောင်မြင်လာတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ ပါလောင်နိုင်ငံကို လာလည်တဲ့ ကမ္ဘာလှည့် ခရီးသွား အရေအတွက်ဟာ နိုင်ငံ လူဦးရေစုစုပေါင်းရဲ့ ၅ ဆလောက် ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ပါလောင်နိုင်ငံရဲ့ GDP ပြည်တွင်းထွက်ကုန် အသားတင် ဝင်ငွေတန်ဘိုးရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ရခဲ့တာ ဖြစ်တယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဒါပေမဲ့ ဒါက ကိုဗစ်-၁၉ ရောဂါ မပေါ်ခင်ကပါ။

ပါလောင်နိုင်ငံရဲ့ နယ်စပ်တွေကို မတ်လကုန်ပိုင်းလောက်ကတည်းက ပိတ်ထားခဲ့ပါတယ်။

ပါလောင်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိတဲ့ ကမ္ဘာ့နိုင်ငံ ၁၀ ခု (မြောက်ကိုရီးယားနဲ့ တူရ်ခမန်နစ္စတန် မပါ) ထဲက တစ်ခု ဖြစ်ပါတယ်။

လူတစ်ယောက်မှ ရောဂါကူးစက် မခံရတာတောင် ကိုရိုနာဗိုင်းရပ်စ်က ပါလောင်နိုင်ငံကို မွှေနှောက်သွားခဲ့ပါတယ်။ မတ်လကတည်းက ပါလောင်ဟိုတယ်ကို ပိတ်ထားခဲ့ရတာပါ။ ဒီဟိုတယ်တစ်ခုတည်းတင် မဟုတ်ပါဘူး။ စားသောက်ဆိုင်တွေမှာ လူတွေ ရှင်းနေသလို အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေလည်း ပိတ်ထားရပါတယ်။

လောလောဆယ် ဟိုတယ်မှာ တည်းနေသူတွေဟာ ပြည်ပက ပြန်လာပြီး ကွာရန်တင်း ဝင်နေကြတဲ့ ဒေသခံတွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ မတွေ့ရတဲ့ နိုင်ငံ ၁၀ နိုင်ငံ

* ပါလောင်

* မိုင်ခရိုနီးရှား

* မာရှယ်ကျွန်းစု

* နောင်ရူ

* ကီရီဘာတီ

* ဆော်လ်မွန်ကျွန်းစု

* တူဗာလူ

* ဆာမိုးဝါး

* ဗာနူအာတူ

* တွန်ဂါ

"ဒီပစိဖိတ် သမုဒ္ဒရာဟာ ကမ္ဘာပေါ်က တခြားနေရာတွေထက် အများကြီး ပိုလှတယ်" လို့ ပါလောင်ဟိုတယ်ရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်၊ မန်နေဂျာလည်း ဖြစ်တဲ့ ဘရိုင်ယန် လီးက ပြောပါတယ်။

ပြာလဲ့နေတဲ့ ဒီသမုဒ္ဒရာကြောင့် ဘရိုင်ယန် လီးရဲ့ ဟိုတယ်မှာ လာတည်းတဲ့သူတွေ များခဲ့တာပါ။ ကိုဗစ်-19 မဖြစ်ခင်အချိန်က အခန်း ၅၄ ရှိတဲ့ သူ့ဟိုတယ်မှာ ၇၀-၈၀ ရာခိုင်နှုန်း လူပြည့်လေ့ ရှိပါတယ်။ ဒါပေမဲ့ နယ်စပ်တွေ ပိတ်လိုက်ချိန်မှာတော့ လာတည်းမယ့်သူ မရှိတော့ပါဘူး။

"ဒီနိုင်ငံက သေးသေးလေး ဆိုတော့ ဒေသခံတွေ ပါလောင်ဟိုတယ်မှာ လာတည်းကြလေ့ မရှိပါဘူး" လို့ ဘရိုင်ယန်က ပြောပြပါတယ်။

သူ့မှာ ဟိုတယ်ဝန်ထမ်း ၂၀ လောက် ရှိပါတယ်။ သူတို့ကို ဆက်အလုပ်ခန့်ထားပေမဲ့ အလုပ်ချိန်တွေကိုတော့ လျှော့ခဲ့ရပါတယ်။

"ဟိုတယ် ထိန်းသိမ်းရေး၊ ပြုပြင်ရေး အလုပ်တွေ ရှာကြံပြီး သူတို့ကို ခိုင်းနေရပါတယ်။ ဒါပေမဲ့ လူမရှိဘဲ လွတ်နေတဲ့ ဟိုတယ်တွေကို အမြဲပြုပြင်၊ ထိန်းသိမ်းပြီး ဆက်ထားထားဖို့က သိပ်မလွယ်ပါဘူး။ နောက် ၆ လလောက်တော့ ကျွန်တော် တောင့်ခံထားနိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဟိုတယ် ပိတ်ပစ်ကောင်း ပိတ်ပစ်လိုက်ရမယ့် အခြေအနေ ရှိနေပါတယ်" လို့ သူက ပြောပါတယ်။

အစိုးရကိုတော့ ဘရိုင်ယန်က အပြစ်မတင်ပါဘူး။ အစိုးရဟာ ဒေသခံတွေအတွက် ငွေကြေးအကူအညီတွေ ထောက်ပံ့ပေးခဲ့သလို ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင်လည်း ထိန်းချုပ်နိုင်ခဲ့လို့ပါ။

"အစိုးရ ဆောင်ရွက်ခဲ့ပုံတွေက အတော်လေး ကောင်းပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ပါလောင်နိုင်ငံရဲ့ ပထမဆုံး ဟိုတယ် ဖြစ်ခဲ့တဲ့ ဒီဟိုတယ်ကို ဆက်ဖွင့်ထားနိုင်ဖို့ဆိုရင် တစ်ခုခုတော့ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။

မသွားမဖြစ် သွားဖို့ လိုအပ်တဲ့ လေကြောင်းခရီးစဉ်တွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပြန်စကောင်း ပြန်စမယ်လို့ သမ္မတက မကြာသေးခင်ကပဲ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, BBC

ဒီအတောအတွင်းမှာပဲ ပါလောင်နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ခွင့်ပြုမယ့် လေကြောင်းခရီးစဉ်တစ်ခုကို ထိုင်ဝမ်နဲ့ သီးသန့်ပြေးဆွဲဖို့ ရှိတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ပေါ်ထွက်နေပါတယ်။

ဘရိုင်ယန်ကတော့ ဒီလို ပြင်ဆင်ဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဖို့ လိုနေတယ်လို့ ယူဆနေပါတယ်။

"နယူးဇီလန် ဒါမှမဟုတ် တခြားနိုင်ငံတွေနဲ့ သီးသန့် လေယာဉ်ခရီးစဉ် ပြေးဆွဲတာမျိုးလို လမ်းတွေ ပြန်ဖွင့်တာမျိုး အမြန်ဆုံး လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီအကြပ်အတည်းကြီးကနေ ဘယ်သူမှ လွတ်မယ့်ပုံ မရှိပါဘူး" လို့ သူက ပြောပါတယ်။

ကျယ်ပြန့်တဲ့ ပစိဖိတ်သမုဒ္ဒရာပြင်ရဲ့ အရှေ့ဘက် မိုင် ၂၅၀၀ အကွာမှာ ရှိတဲ့ မာရှယ်ကျွန်းစုနိုင်ငံမှာလည်း ကိုဗစ်ရောဂါ ကင်းစင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပါလောင်နိုင်ငံမှာလိုပဲ ရောဂါကူးစက်မှုမရှိပေမဲ့ ရိုက်ခတ်မှုဒဏ်တွေနဲ့ ရင်ဆိုင်နေရတာပါ။

မာဂျူရိုမြို့တော်မှာ ရှိတဲ့ Robert Reimers ဟိုတယ်ဟာ တစ်ဘက်မှာ လှပတဲ့ ရေအိုင်ကြီး ရှိပြီး တစ်ဘက်မှာ သမုဒ္ဒရာပြင်ကြီး ရှိပါတယ်။

ကိုဗစ်ရောဂါ စမပေါ်ခင်က ဟိုတယ်အခန်း ၃၇ ခန်းရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၈ ရာခိုင်နှုန်းက လူပြည့်နေလေ့ ရှိပြီး အများစုဟာ အာရှ၊ ပစိဖိတ်ဒေသနဲ့ အမေရိကန်နိုင်ငံကနေ လာကြသူတွေပါ။

မတ်လဆန်းပိုင်းမှာ နယ်စပ်တွေ ပိတ်လိုက်ပြီးကတည်းက ဟိုတယ်ခန်း ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းကြားပဲ လူရှိပါတော့တယ်။

မာရှယ်ကျွန်းစုနိုင်ငံတစ်ခုလုံးမှာ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းမှုအတွင်း လူ ၇၀၀ကျော် အလုပ်လက်မဲ့ ဖြစ်မယ်လို့ မျှော်လင့်ရပြီး ဒါဟာ ၁၉၉၇ ခုနှစ်ကတည်းက ဆိုရင် အများဆုံး ဖြစ်ပါတယ်။ အဲဒီထဲက ၂၅၈ ဦးဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းက ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံနဲ့ကိုယ် သီးသန့်ခွဲနေနေတာဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းထက် နိုင်ငံ့စီးပွားရေးကို ပိုအထိနာစေပါတယ်။

မာရှယ်ကျွန်းစုနိုင်ငံဟာ ပါလောင်နိုင်ငံလောက် အပန်းဖြေခရီးသည်တွေကို မမှီခိုအားထားပါဘူး။

ပိုကြီးတဲ့ပြဿနာက ငါးဖမ်းလုပ်ငန်း ဖြစ်ပါတယ်။ နိုင်ငံကို ကိုဗစ် ဆက်ကင်းစင်နေစေဖို့အတွက် ရောဂါဖြစ်နေတဲ့ နိုင်ငံတွေက ငါးဖမ်းလှေတွေကို မာရှယ်ကျွန်းစုနိုင်ငံ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့် ပိတ်ပင်ထားပါတယ်။ ရေနံတင်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ အပါအဝင် တခြားသင်္ဘောတွေကတော့ ဆိပ်ကမ်း မကပ်ခင် ပင်လယ်ပြင်မှာ ၁၄ ရက်ကြာပြီးမှသာ ဆိပ်ကမ်းကပ်ခွင့် ရှိမှာ ဖြစ်ပါတယ်။ အခုအခါ ငါးဖမ်းလိုင်စင်တွေ မရောင်းရတော့ဘဲ ကုန်တင်လေယာဉ် ခရီးစဉ်တွေလည်း လျှော့လိုက်ပါပြီ။

ရိုက်ခတ်မှုတွေက အရမ်းကို သိသာ ထင်ရှားလှပါတယ်။

မာရှယ်ကျွန်းစုနိုင်ငံဟာ အလှမွေးငါးတွေကို အထူးပြု တင်ပို့ ရောင်းချတဲ့ နိုင်ငံ ဖြစ်ပေမဲ့ အခုတော့ တင်ပို့မှု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အမေရိကန် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဆာရှီမီ တူးနားငါး တင်ပို့မှုလည်း အလားတူ ၅၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ တခြားငါးလုပ်ငန်းတွေလည်း အခုနှစ်အတွင်း ၃၀ ရာခိုင်နူန်း လျော့ကျနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အတိုချုံးပြောရရင် ဗိုင်းရပ်စ် မကူးစက်အောင် လုပ်နိုင်မှာ ဖြစ်ပေမဲ့ ဗိုင်းရပ်စ်ကိုတော့ အနိုင် ယူနိုင်မှာ မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဗာနူအာတူနိုင်ငံကို ဆိုက်ကပ်လာမယ့် ဇိမ်ခံသင်္ဘောတစင်းကို စောင့်ဆိုင်းနေကြတဲ့ ဒေသခံ အလုပ်သမားတွေကို တွေ့ရပုံ၊

ဓာတ်ပုံ ရင်းမြစ်, MARIO TAMA/GETTY IMAGES

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဗာနူအာတူနိုင်ငံကို ဆိုက်ကပ်လာမယ့် ဇိမ်ခံသင်္ဘောတစင်းကို စောင့်ဆိုင်းနေကြတဲ့ ဒေသခံ အလုပ်သမားတွေကို တွေ့ရပုံ၊

ဒါပေမဲ့ နယ်စပ်တွေ ပိတ်လိုက်တာဟာ ကိုဗစ် ကင်းစင်တဲ့ နိုင်ငံတွေကိုလည်း ပိုဆင်းရဲသွားစေမှာ ဖြစ်ပေမဲ့ နယ်စပ်တွေ ပြန်ဖွင့်ဖို့ကိုတော့ လူတိုင်းက မလိုလားကြပါဘူး။

ဒေါက်တာ လန် တာရီဗွန်ဒါ ဟာ လူဦးရေ ၃ သိန်း နေထိုင်နေတဲ့ ဗာနူအာတူနိုင်ငံရဲ့ လူထုကျန်းမာရေးဌာန ညွှန်ကြားရေးမှူးပါ။

ပို့တ် ဗီလာမြို့တော်မှာ အလုပ်လုပ်နေပေမဲ့ သူဟာ နိုင်ငံမြောက်ပိုင်း မိုင် ၁၇၀ အကွာက လူဦးရေ တစ်သောင်းလောက် နေထိုင်တဲ့ အမ်ဘေးမြို့လေးက ဖြစ်ပါတယ်။

"အမ်ဘေးမြို့က လူတွေနဲ့ စကားပြောကြည့်ရင် အများစုက တတ်နိုင်သမျှ ခပ်ကြာကြာ နယ်စပ်တွေ ပိတ်ထားဖို့ ပြောကြမှာပါ။ သူတို့က ရောဂါကူးစက် ဖျားနာတာမျိုး မဖြစ်ချင်ဘူး၊ အဲဒါဆိုရင် အားလုံး ဒုက္ခရောက်ကုန်မယ် လို့ ပြောနေကြပါတယ်"

ဗာနူအာတူနိုင်ငံက လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ မြို့ပြင်တွေမှာ နေထိုင်ကြပြီး ပုံမှန် သမားရိုးကျအလုပ်မျိုး လုပ်နေကြသူတွေ ဖြစ်တယ်လို့ ဒေါက်တာ တာရီဗွန်ဒါက ပြောပါတယ်။

"ဒီလူတွေက ကိုဗစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို မခံစားမိကြသေးဘူးလို့ ထင်ပါတယ်။ သူတို့က ကိုယ့်အစားအစာ ကိုယ်စိုက်ပျိုး ထုတ်လုပ်ပြီး ဒေသခံတွေကိုပဲ အဓိက မှီခို ရောင်းချကြတဲ့ သမားရိုးကျ လယ်သမားတွေပါ"

ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံအနေနဲ့တော့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗာနူအာတူနိုင်ငံရဲ့ ပြည်တွင်း ထုတ်လုပ်မှု အသားတင်တန်ဘိုး ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်တယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။ ဒါဟာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၈၀ ခုနှစ်ကတည်းကဆိုရင် အကြီးဆုံး ကျဆင်းမှု ဖြစ်ပါလိမ့်မယ်။

ဒါဟာ ကိုဗစ်ကြောင့် နယ်စပ်တွေ ပိတ်ထားရတဲ့အတွက်ကြောင့် မဟုတ်ပါဘူး။ ဧပြီလတုန်းက Harold အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံရဲ့နေရာအတော်များများ ထိခိုက် ပျက်စီးခဲ့ရပါတယ်။ လူ ၃ ဦး သေဆုံးခဲ့ပြီး လူဦးရေ တစ်ဝက်လောက်အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပါတယ်။

"ကျွန်တော်တို့ မနက်တိုင်း အရေးပေါ် ကျန်းမာရေး စီမံကိန်းအစည်းအဝေး လုပ်ပါတယ်။ အဲဒီမှာ ကိုဗစ်ကိစ္စ ဆွေးနွေးပါတယ်။ ပြီးရင် Harold အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကိစ္စ ဆွေးနွေးရပါတယ်။တစ်ချိန်တည်းမှာ ကပ်ဘေးနှစ်ခုကြုံနေရတာပါ" လို့ သူက ပြောပြပါတယ်။

ဒါပေမဲ့ ကိုဗစ်ကတော့ ရေရှည် ရိုက်ခတ်မှုတွေ ရှိလာမှာပါ။

တခြား စိတ်ချရတဲ့ နိုင်ငံတွေနဲ့ နယ်စပ်တွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ အစိုးရက ဇူလိုင်လတုန်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ သြစတြေးလျနဲ့ နယူးဇီလန်မှာ ရောဂါကူးစက်မှုတွေ ထပ်တိုးလာတဲ့အတွက် အဲဒီအစီအစဉ်ကို နောက်ဆုတ်လိုက်ရပါတယ်။

အစိုးရ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ လေကြောင်းဌာနက တာဝန်ရှိသူတွေနဲ့ အတူ နယ်စပ်စီမံကိန်း ချမှတ် ဆွေးနွေးသူ ဒေါက်တာ တာရီဗွန်ဒါ က အခုအခါ နယ်စပ်တွေ ပြန်ဖွင့်ရေး နေ့ရက် အတိအကျ မချမှတ်နိုင်တော့ဘဲ အရင်လိုပိတ်ထားမြဲ ပိတ်ထားရမယ့်အခြေအနေ ပြန်ရောက်သွားပြီ လို့ ပြောပါတယ်။

သီးသန့် ခွင့်ပြုထားတဲ့ နယ်စပ်ဖြတ်ကျော်မှုငယ်လေးတွေကနေတော့ ဗာနူအာတူနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ အစိုးရက အလုပ်သမား ၁၇၂ ဦးကို သရက်သီးတွေ ခူးဖို့ သြစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကို မကြာသေးခင်က သွားခွင့်ပြုခဲ့ပါတယ်။

သူတို့တွေ အလုပ်လုပ်ပြီး ငွေပြန်ပို့တာက အထောက်အကူ ပြုမှာ ဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ နိုင်ငံ ပြည်တွင်းထုတ်ကုန် ဝင်ငွေ အသားတင်တန်ဘိုးရဲ့ ၃၅ ရာခိုင်နှုန်း ရနေတဲ့ ဗာနူအာတူနိုင်ငံအတွက်တော့ မလုံလောက်ပါဘူး။

ဒါပေမဲ့ နယ်စပ်တွေ ပြန်ဖွင့်ဖို့ လိုနေပေမဲ့လည်း ဗာနူအာတူနိုင်ငံကတော့ တက်သုတ်ရိုက် ပြန်ဖွင့်မှာ မဟုတ်သေးပါဘူး။ ကိုဗစ် ကင်းစင်လုနီးပါးအခြေအနေကနေ ဇူလိုင်လကုန်ပိုင်းမှာ ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာခဲ့တဲ့ ပါပူအာ နယူးဂီနီနိုင်ငံလို ဖြစ်လာမှာကို ဒေါက်တာ တာရီဗွန်ဒါက စိုးရိမ်နေပါတယ်။

"တကယ်လို့ ရောဂါပိုး ကူးစက်ခဲ့ရင် တောမီးလို ပျံ့သွားနိုင်ပါတယ်။ ပါပူအာ နယူးဂီနီမှာ ဖြစ်နေတာက ကျွန်တော်တို့ စိုးရိမ်ခဲ့သလိုမျိုး ထပ်တူပါပဲ" လို့ သူက ပြောပါတယ်။

"ကျန်းမာရေး စောင့်ရှောက်ဝန်ဆောင်မှုကို အကန့်အသတ်နဲ့ပဲ လုပ်နိုင်တဲ့ နိုင်ငံငယ်လေးမှာ အကောင်းဆုံးက ဗိုင်းရပ်စ်ပိုး အကူးမခံရအောင် အချိန်ကြာနိုင်သမျှ ကြာအောင် တားထားဖို့ ဖြစ်ပါတယ်"

no caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

၂၀၂၀ခုနှစ် ပြည်တွင်းထုတ်ကုန် အသားတင်တန်ဘိုး ကျဆင်းမှု ခန့်မှန်းချက်

ပါလောင် - ၉.၅ ရာခိုင်နှုန်း

ဆော်လမွန်ကျွန်းစု - ၆.၀ ရာခိုင်နှုန်း

မာရှယ်ကျွန်းစု - ၅.၅ ရာခိုင်နှုန်း

ဆာမိုအာ - ၅.၀ ရာခိုင်နှုန်း

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ပစိဖိတ်ဒေသ စီးပွားရေး စောင့်ကြည့်လေ့လာချက်၊ ဇူလိုင်လ ၃၀ ရက်

ဒီတော့ ကိုဗစ်ကင်းစင်တဲ့ နိုင်ငံတွေမှာ ဘာတွေ ဆောင်ရွက်နိုင်သလဲ

အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ငွေကြေး ထောက်ပံ့တာလိုမျိုး ရေတိုဆောင်ရွက်မှုတွေ လုပ်နိုင်ပါတယ်။ ရေရှည်ဆောင်ရွက်မှုတစ်ခုကတော့ ကာကွယ်ဆေး ပေါ်လာတဲ့အထိ စောင့်ဖို့ပါ။

အဲဒီမတိုင်ခင်အထိတော့ ခရီးသွားလာမှုတွေကို အကန့်အသတ်နဲ့ပဲ ဆက်ချမှတ်ထားဖို့ကသာ အကောင်းဆုံးမျှော်လင့်ချက် ဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့က အလုပ်ထက် အပြောက ပိုလွယ်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ရောမယ်လ် ရာဘာနာလ် က ထောက်ပြပါတယ်။

"တကယ်လို့များ ရောဂါကူးစက်လာမယ် ဆိုရင် ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ၊ ရောဂါရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံ ရှာဖွေမှုတွေ၊ ကွာရန်တင်းဆောင်တွေ ထားရှိရေးတွေ လို အစီအစဉ်တွေ ကြိုတင် ချမှတ်ထားဖို့ လိုပါတယ်။ ဒါတွေ လုပ်ဖို့ စတင်ဆွေးနွေးနေပါပြီ။ ဒါပေမဲ့ တိုးတက်ဖြစ်ထွန်းမှုက အရမ်းကို နှေးနေပါသေးတယ်။ ဒါမှမဟုတ် သတိကြီးတဲ့ တိုးတက်ဖြစ်ထွန်းမှုလို့ ဆိုကောင်း ဆိုနိုင်ပါတယ်"

တစ်ခါ နိုင်ငံတချို့နဲ့ သီးသန့် ခရီးအသွားအလာ လုပ်ရေး စီမံကိန်းမျိုးကလည်း ဗာနူအာတူနိုင်ငံရဲ့ စက်တင်ဘာလစီမံကိန်းလိုပဲ လွယ်လွယ်နဲ့ ပျက်ပြယ်သွားနိုင်ပါတယ်။

"သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေကတော့ ဒီစီမံကိန်းကို သူတို့အချင်းချင်းအကြား အရင်ဆုံး စမ်းလုပ်ကြည့်မယ်လို့ ပြောပါတယ်။ ဒီလို မလုပ်နိုင်ခင်မှာ ပြည်တွင်းကူးစက်မှုတွေကို အရင်ဆုံး ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒီတော့ ဒီလို နိုင်ငံတချို့အချင်းချင်း အကြား သီးသန့် ခရီးသွားလာမှုတွေကို ဒီနှစ်အတွင်းတော့ လုပ်နိုင်ဦးမှာ မဟုတ်သေးပါဘူး" လို့ သြစတြေးလျအခြေစိုက် Lowy Institute အကြံပေးအဖွဲ့ရဲ့ ပစိဖိတ်ဒေသကျွန်းစုနိုင်ငံများ စီမံကိန်း ဒါရိုက်တာဂျော်နသန် ပရိုက် ကပြောပါတယ်။

လတွေ ကြာလာတာနဲ့အမျှ နယ်စပ်တွေ ပိတ်ထားတဲ့ ပစိဖိတ်ကျွန်းစုနိုင်ငံတွေမှာ အခက်အခဲတွေ ပိုကြုံလာနေရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီနိုင်ငံတွေအနေနဲ့ နိုင်ငံတကာ အလယ်မှာ ကိုယ့်ဟာကိုယ် သီးခြားခွဲနေနေဖို့က လွဲလို့ တခြား ရွေးစရာလမ်း မရှိဘူးလို့ သူက ယူဆထားပါတယ်။

"တကယ်လို့ ဒီနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေ ဖွင့်ထားမယ် ဆိုရင်တောင် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့နယ်စပ်တွေမှာ လော့ခ်ဒေါင်း ချထားတဲ့အတွက် သူတို့ရဲ့ အဓိက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဈေးကွက်တွေကတော့ ပွင့်ဦးမှာ မဟုတ်သေးပါဘူး"

"ဒီတော့ ကျန်းမာရေး၊ စီးပွားရေး အကြပ်အတည်းကြီး နှစ်ခုလုံးနဲ့ ကြုံလာရမှာပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ လေ့လာသုံးသပ်ကြရဖို့ ရှိပါတယ်။ ဒါပေမဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ လော့ခ်ဒေါင်း ချတာဟာ ဒီပစိဖိတ်ကျွန်းစုနိုင်ငံတွေအတွက် မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ် ဆိုတာကို သံသယ ဖြစ်ကြမှာ မဟုတ်ပါဘူး"