ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - အဆိုးဆုံးအချိန်ကို ကျော်သွားလို့ အမေရိကန်ကို မကြာခင်ပြန်ဖွင့်မယ်လို့ ထရမ့်ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် အမြင့်ဆုံး အချိန်ကို ကျော်လွန်သွားပြီ ဖြစ်ပြီး ပြည်နယ်တချို့ကို လော့ဒေါင်းချ ပိတ်ဆို့ထားတာတွေ ဒီလထဲမှာပဲ ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးပြီးတဲ့အခါ စည်းမျဥ်းအသစ်တွေ ကြေညာမယ်လို့ ထရမ့်က အိမ်ဖြူတော် နေ့စဥ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
"ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။ အားလုံးပါပဲ။ နိုင်ငံကို ပြန်လိုချင်နေပါပြီ"လို့ ထရမ့်က ပြောပါတယ်။
အမေရိကန်မှာ ကူးစက်သူပေါင်း ၆၄၀,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၃၀,၉၀၀ ကျော်သွားပါပြီ။
နယူးယောက်မှာ သေဆုံးသူပေါင်း ၁၀,၃၆၇ ထိရှိသွားပြီးနောက်မှာ အခုလို ထရမ့်ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ဟာ တားမြစ်ပိတ်ပင်ထားတာတွေ ပြန်ဖြေလျှော့ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်မယ်အချိန်နဲ့ ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ သဘောထား ကွဲလွဲနေပါတယ်။ အခုတော့ လမ်းညွှန်ချက်တွေ ချပေးဖို့ သူ့လုပ်ပိုင်ခွင့်အာဏာက အကန့်အသတ် ရှိနေပါတယ်။
သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ထရမ့် ဘာပြောလဲ
"တစ်နိုင်ငံလို့ စာရင်းတွေအရ ကူးစက်မှု အသစ် အများဆုံးအချိန်ကို ကျော်သွားပါပြီ" လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီရက်ပိုင်းတွေမှာ ကူးစက်မှု အမြင့်ဆုံးအခြေအနေကနေ တစ်နိုင်ငံလုံးအတိုင်းအတာအရ နေ့စဥ်ကူးစက်မှုတွေ ကျလာတယ်လို့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။
တစ်ကမ္ဘာလုံး သေဆုံးသူ ၁၃၇,၀၀၀ ကျော်မှာ အမေရိကန်က သေဆုံးသူ အချိုးသိသိသာသာ များခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တခြားနိုင်ငံတွေက သေဆုံးနှုန်းတွေကို လိမ်ညာပြောခဲ့တာလို့ ထရမ့်က စွပ်စွဲလိုက်ပါတယ်။
တချို့နိုင်ငံတွေက ပြောတဲ့ ကိန်းဂဏန်းတွေကို ယုံတဲ့သူရှိသလားလို့ သူက တရုတ်ကို နံမည်တပ်ပြီး ပြောပါတယ်။
ကိုဗစ်-၁၉ နဲ့ ဓာတ်ခွဲခန်းစွပ်စွဲမှု
ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ စျေးက ပြန့်လာတာမဟုတ်ဘဲ ဝူဟန်က ဓာတ်ခွဲခန်းတစ်ခု ထွက်လာလာဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်က စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်စစ်တပ် ညှိနှိုင်းကွပ်ကဲရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လီကတော့ ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း ပြန့်လာနိုင်ခြေရှိတယ်လို့ပဲ အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့က ယူဆထားတယ်လို့ ဆိုပါတယ်။
ကောလာဟလတွေ အများကြီးထွက်နေပေမဲ့ စုံစမ်းစစ်ဆေးလို့ရတဲ့ အချက်တွေက သဘာဝအတိုင်း ပြန့်လာတယ်လို့ပဲ ပြနေတယ်လို့ သူက ပြောပါတယ်။
ဗိုင်းရပ်စ်ထွက်ပေါ်လာရာကို ခြေရာခံလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက တခြားတောရိုင်းကောင်တွေ အဓိကအားဖြင့် လင်းနို့က စပြီး ဗိုင်းရပ်စ်ပြန့်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
အမေရိကန် လော့ဒေါင်း ဘယ်တော့ ပြီးမလဲ
မေလ ၁ ရက်ကို ပြန်ဖွင့်ဖို့ စီစဥ်ထားပေမဲ့ တချို့ပြည်နယ်တွေမှာ ဒီ့ထက်ပိုစောကောင်းစောမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
စောစောပြန်ဖွင့်ရင် ကြုံရနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့တော့ ဆက်ပိတ်ထားရင်လည်း သေဆုံးမှုတွေ ရှိနေနိင်သေးတယ်လို့ ထရမ့်က ပြောပါတယ်။
စီးပွားရေးရပ်ဆိုင်းသွားတာနဲ့အတူ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအကြောင်းကို သူက ထည့်သွင်းပြောခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တားဆီးနှစ်သိမ့်ပေးဖို့ ဖွင့်ထားတဲ့ ဖုန်းလိုင်းတွေကို ခေါ်ဆိုမှုတွေ ပေါက်ကွဲထွက်မတတ် အဆမတန်များပြားလာတယ်လို့ သူက ပြောပါတယ်။
အခုဆိုရင် ပိတ်ဆို့ကန့်သတ် လော့ဒေါင်းလုပ်ထားတာတွေကြောင့် အမေရိကန်နိုင်ငံသား သန်း ၂၀ ကျော် အလုပ်လက်မဲ့ ဖြစ်နေရပြီး အလုပ်လက်မဲ့နှုန်းက မကြုံစဖူး စံချိန်တင် မြင့်တက်နေပါတယ်။
လက်လီအရောင်းဆိုင်တွေရဲ့ ရောင်းအားက မတ်လအတွင်း ၈ ဒဿမ ၇ ရာခိုင်နှုန်း ထပ်ကျခဲ့ပြီး အဲဒါက ၁၉၉၂ နောက်ပိုင်း အများဆုံး ရောင်းအားကျဆင်းတာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ ကွန်နက်တီကပ်၊ မယ်ရီလန်း၊ နယူးယောက်နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ မကြာခင်ရက်တွေ အတွင်း လူတွေကြား သွားလာကြရင် နှာခေါင်းစည်းတွေ တပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။