ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မှုထမ်းပို့ခံရတဲ့ ခင်ပွန်းအတွက် အုပ်ချုပ်ရေးမှူးအဖွဲ့ကို အမှုဖွင့်တဲ့ ဇနီး
ဇနီးမောင်နှံချင်း ကတောက်ကဆဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇနီးဖြစ်သူက အကူအညီတောင်းရာကနေ ကိုဖြိုးဝေတစ်ယောက် စစ်မှုထမ်းထဲပါသွားခဲ့ပါတယ်။
အခုတော့ အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အဖွဲ့ကို ဇနီးဖြစ်သူ မမိုးဆမ်းပန်းကတိုင်ကြားလို့ ရဲစခန်းက အမှုဖွင့်ပေးလိုက်ပြီး ရှားရှားပါးပါးဖြစ်ရပ် ဖြစ်ပါတယ်။
စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ ဇာတ်လမ်းတွေ မျိုးစုံရှိနေပေမဲ့ မမိုးဆမ်းပန်းနဲ့ ကိုဖြိုးဝေတို့ဇနီးမောင်နှံရဲ့ ဇာတ်လမ်းကတော့ ရှုပ်ထွေး ဆန်းကြယ်ပါတယ်။
မြောက်ဥက္ကလာမှာနေတဲ့ ကိုဖြိုးဝေ မိန်းမနဲ့စကားများပြီး မြောက်ဒဂုံကို ထွက်သွားရာကနေ မြို့ထဲကဒဂုံမြို့နယ်ရဲ့ အိမ်ထောင်စုစာရင်းနဲ့ စစ်မှုထမ်း စုဆောင်းခံလိုက်ရလို့ပဲဖြစ်ပါတယ်။
စစ်မှုထမ်းစုဆောင်းရေးကို ဘယ်လိုပါသွားသလဲ
ဒီဖြစ်စဉ်အစပြုတာက မနှစ်က မေလဆန်းတုန်းကပါ။
အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်ထက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အခုတော့ အုပ်ချုပ်ရေးမှူးအသစ် ပြောင်းသွားပါပြီ။
မြောက်ဥက္ကလာမှာနေထိုင်တဲ့ ကိုဖြိုးဝေ နဲ့ မမိုးဆမ်းပန်းတို့နှစ်ယောက် စကားများပြီး ကိုဖြိုးဝေ မြောက်ဒဂုံကို ထွက်သွားပါတယ်။
အဲဒါကြောင့် ၂၀၂၅ ခုနှစ်၊ မေ ၈ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူကို ညှိနှိုင်းပေးဖို့ မမိုးဆမ်းပန်း အကူအညီတောင်းခဲ့ပါတယ်။
ကိုဖြိုးဝေရှိတဲ့နေရာကို ရပ်ကွက်ရုံးအဖွဲ့ဝင် ၅ ယောက်ပါ ရောက်ရှိလာခဲ့ပါတယ်။
မမိုးဆမ်းပန်း မျှော်လင့်ထားတာက ခင်ပွန်းဖြစ်သူ ကိုဖြိုးဝေကို ဆုံးမပြောဆိုပြီး သူနဲ့အတူ ပြန်ကြဖို့ပါပဲ။
ဒါပေမဲ့ သူ့ကို သပ်သပ်ပြန်ခိုင်းပြီး ကိုဖြိုးဝေကို ရပ်ကွက်ရုံးကလူတွေ ခေါ်သွားတယ်လို့ သူကပြောပါတယ်။
ည ၈ နာရီလောက်မှာ ဆွေမျိုးနီးစပ်တဲ့ ရပ်ကွက်ရုံးအဖွဲ့ဝင်က ကိုဖြိုးဝေရဲ့ မှတ်ပုံတင်ကို လာတောင်းတဲ့အခါ "မှတ်ပုံတင်က ဘာလုပ်ဖို့လဲ ဦးလေး" လို့ မေးပေမဲ့ မဖြေသွားဘူးလို့ မမိုးဆမ်းပန်းက ပြောပါတယ်။
နောက်နေ့မနက်ပိုင်းမှာ ရပ်ကွက်ရုံးကို လိုက်သွားတဲ့အခါ သူ့ခင်ပွန်း ကိုဖြိုးဝေကို မတွေ့ရဘဲ စစ်မှုထမ်းထဲ ပါသွားပြီလို့ သိလိုက်ရပါတယ်။
ခင်ပွန်းဖြစ်သူနဲ့ ဖုန်းအဆက်အသွယ်ရတဲ့အခါ မမိုးဆမ်းပန်း ပိုပြီးအံ့ဩခဲ့စရာတွေကြုံခဲ့ရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်အနေနဲ့ မဟုတ်ဘဲ ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်မှာ နေထိုင်သူအဖြစ် စစ်မှုထမ်းသင်တန်းပါသွားတဲ့အတွက်ပါ။
ခင်ပွန်းဖြစ်သူ ပြောပြချက်အရ မြောက်ဥက္ကလာ၊ င ရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ၄ ယောက်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဆီကို ၂၀၂၅ ခုနှစ် မေ ၉ ရက်မှာ ပို့ဆောင်ခဲ့ပို့ပေးတာလို့ မမိုးဆမ်းပန်း သိလိုက်ရပါတယ်။
အဲဒီကနေမှတဆင့် ယောမင်းကြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က စစ်မှုထမ်းမယ့်လူငယ်တွေကို ယာယီစုပေါင်းထားတဲ့ လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးကို နေ့တွင်းချင်း ပို့လိုက်တာလို့ မမိုးဆမ်းပန်းက ပြောပြပါတယ်။
ကိုဖြိုးဝေကို ပို့ဆောင်တဲ့ င ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်က ယောမင်းကြီး အုပ်ချုပ်ရေးအဖွဲ့ဆီကနေ ငွေကြေးတချို့ ရရှိသွားကြတယ်လို့ မမိုးဆမ်းပန်းက ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မမိုးဆမ်းပန်း အကူအညီတောင်းခဲ့တယ်ဆိုတဲ့ ဆယ်အိမ်မှူးကတော့ "မမိုးဆမ်းပန်းကိုယ်တိုင် သူ့အမျိုးသားဖြစ်သူကို စစ်မှုထမ်းထဲ ထည့်ဖို့ ပြောလာတာ" လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီအချိန်မှာ င ရပ်ကွက်ထဲမှာ သတ်မှတ်လူဦးရေ ပြည့်သွားတာကြောင့် လူလိုအပ်နေတဲ့ ယောမင်းကြီးရပ်ကွက်ကို အုပ်ချုပ်ရေးမှူးဟောင်းနဲ့အတူ သူကိုယ်တိုင် လိုက်ပို့လိုက်တာဖြစ်ပေမဲ့ ငွေကြေးယူတာမျိုး မရှိဘူးလို့ ဆယ်အိမ်မှူးက ပြောပါတယ်။
တစ်ပတ်အကြာ ၂၀၂၅ ခုနှစ် မေ ၁၇ မှာ လှည်းကူးမြို့နယ်က ဖောင်ကြီးသင်တန်းကျောင်းမှာ အပတ်စဉ် ၁၃ သင်တန်းသားအဖြစ် ရောက်ရှိသွားတယ်လို့ ခင်ပွန်းဖြစ်သူ ဆက်သွယ်ပြောပြလို့ မမိုးဆမ်းပန်း သိလိုက်ရပါတယ်။
ခင်ပွန်းဖြစ်သူကို စစ်မှုထမ်းအတွက် တခြားမြို့နယ်အုပ်ချုပ်ရေးရုံးကို လက်လွှဲပို့တာနဲ့ ပတ်သက်ပြီး င ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်မွန်မွန်အောင်ကို ထိပ်တိုက်မေးမြန်း ဆွေးနွေးဖူးတာတော့ မရှိသေးဘူးလို့ မမိုးဆမ်းပန်းက ပြောပါတယ်။
ကိုယ့်မြို့နယ်မဟုတ်ဘဲ တခြားမြို့နယ်ကိုယ်စား အပို့ခံရတဲ့ စစ်မှုထမ်း
ကိုဖြိုးဝေ ပို့ထားတဲ့ စာရွက်စာတမ်းတချို့ကို မမိုးဆမ်းပန်းဆီကတဆင့် ဘီဘီစီက ကြည့်ရှုခဲ့ရပါတယ်။
ကိုဖြိုးဝေနဲ့ မမိုးဆမ်းပန်းတို့ရဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းမှာပါတဲ့ လိပ်စာကတော့ မြောက်ဥက္ကလာပမြို့နယ် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒဂုံမြို့နယ် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် မေ ၉ ရက်စွဲပါ အမိန့်စာနဲ့ ဆေးစစ်ဖို့ အမိန့်စာတွေမှာတော့ ကိုဖြိုးဝေရဲ့ နေရပ်လိပ်စာကို ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်လို့ ရေးထားပြီး ဒဂုံမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူးက လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။
ဒါဟာ နေထိုင်ရာမြို့နယ်၊ ရပ်ကွက်ကနေ မဟုတ်ဘဲ တခြားမြို့နယ်မှာနေထိုင်သူအဖြစ် စစ်မှုထမ်း လိုက်ပါရတယ်ဆိုတဲ့ အချက်အလက်တစ်ခု ဖြစ်ပါတယ်။
မြို့နယ်မတူဘဲ စစ်မှုထမ်းထည့်ခံရတာနဲ့ ပတ်သက်လို့ ယောမင်းကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြို့နယ်ကို ပေးပို့ဖို့ လျာထားတဲ့ စစ်မှုထမ်းအရေအတွက် လိုအပ်ချက်ကြောင့် တခြားမြို့နယ်တွေကနေ လွှဲယူတာ ရှိတယ်လို့ သိရပါတယ်။
ဒဂုံမြို့နယ်က မဟုတ်ဘဲ တခြားမြို့နယ်က လွှဲပြောင်းလာတဲ့ လူငယ် ၇ ယောက်ကို သူ့သန်းခေါင်စာရင်းထဲ ထည့်ပြီး စစ်သင်တန်းပို့ခဲ့တယ်လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။
"မြောက်ဥက္ကလာကနေ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ လာပို့တယ်။ ကိုဖြိုးဝေကိုတော့ မသိဘူးဗျ၊ ဘယ်သန်းခေါင်စာရင်းထဲ ဝင်လဲမသိဘူး။ ငွေပေးငွေယူကိစ္စလည်း မရှိပါဘူး"လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေကို စစ်မှုထမ်းသင်တန်းပို့မယ့် လုပ်ငန်းစဉ်တွေကို ဦးမောင်မောင်လွင်က လုပ်ပေးခဲ့တဲ့အကြောင်း ခင်ပွန်းဖြစ်သူ ပြောပြချက်ကို အခြေခံပြီး မမိုးဆမ်းပန်းက ပြောပါတယ်။
မမိုးဆမ်းပန်းရဲ့ ခင်ပွန်းဖြစ်သူ ကိုဖြိုးဝေလိုမျိုး ကာယကံရှင် သဘောတူညီချက် မပါဘဲ စစ်မှုထမ်းပို့ဆောင်ခံရတာတွေကို မြို့နယ်တော်တော်များများမှာ ကြုံတွေ့နေရပါတယ်။
"ဒီလိုဖြစ်တာတွေ အများကြီးပဲ၊ ကော့မှူးက လူငယ်တစ်ယောက်ဆိုရင် အလုပ်ရှာပေးမယ်လို့ ခေါ်သွားပြီး ဆားလင်းကြီးလိပ်စာနဲ့ စစ်မှုထမ်းထဲ ရောက်သွားတာလည်းရှိတယ်"လို့ ကိုဖြိုးဝေလို ဖြစ်စဉ်မျိုး ကြုံခဲ့ရတဲ့လူငယ်တွေ ရှိနေတဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း မစုစုနွေးက ပြောပါတယ်။
မစုစုနွေးဟာ စစ်မှုထမ်း ခေါ်ဆောင်ခံရသူတွေရဲ့ မိသားစု ၅ ခုထက်မနည်းကို ကူညီပေးနေတဲ့သူဖြစ်ပြီး အခုမမိုးဆမ်းပန်း အမှုဖွင့်ဖို့အတွက်လည်း ကူညီပေးနေသူ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကစပြီး လက်ရှိအချိန်အထိ စစ်မှုထမ်းခေါ်ယူခဲ့တဲ့ ၂ နှစ်ကျော်မှာ အပတ်စဥ် ၂၅ ကို ရောက်ရှိနေပါပြီ။
ဒါကြောင့် အပတ်စဥ်တစ်ခုကို စစ်သားဦးရေ အယောက် ၅ထောင်နဲ့ အကြမ်းဖျဉ်း တွက်မယ်ဆိုရင် စုစုပေါင်းအယောက် တစ်သိန်းနှစ်သောင်း ငါးထောင်အထိ ခေါ်ယူပြီး ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီလိုများပြားတဲ့ စစ်မှုထမ်းခေါ်ယူမှုတွေကြားမှာ နည်းဥပဒေနဲ့ မကိုက်ညီဘဲ စစ်မှုထမ်းခေါ်တဲ့ ဖြစ်စဉ်တွေဟာ နေရာတချို့မှာ ကြုံတွေ့နေရတယ်လို့ ပြောကြသလို၊ အဲဒီလို အခြေအနေတွေအတွင်းမှာ မမိုးဆမ်းပန်းရဲ့ အမှုဖွင့်တိုင်ကြားမှုဟာ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ စစ်မှုထမ်းစုဆောင်းခံရတာကို လူကုန်ကူးမှုနဲ့ အမှုဖွင့်ခဲ့ပေမဲ့ ရဲစခန်းကလက်မခံဘဲ တခြားပုဒ်မတွေနဲ့ပဲ ဖွင့်ပေးခဲ့ပါတယ်။
အမှုဖွင့်ဖို့ ဘာတွေကြုံတွေ့ခဲ့ရလဲ
"ကျွန်မယောက်ျား စစ်မှုထမ်းထဲပါသွားတော့ ရင်တွေလည်းပူပြီး အကုန်လိုက် အကူအညီတောင်းရတာပါ၊ အဲဒီကြားက နင့်ခင်ပွန်းကို စစ်ကြောရေးမှာရှိတုန်း ထုတ်ပေးမယ်ဆိုပြီး ၄၅ သိန်း အလိမ်ခံရတယ်"လို့ သူ့ခင်ပွန်း စစ်မှုထမ်းထဲမပါအောင် ကြိုးစားခဲ့ရတာတွေ ပြန်ပြောင်းပြောဆိုရင်း မိနစ်ပိုင်းကြာအောင် မမိုးဆမ်းပန်း ငိုနေပါတယ်။
ကိုယ့်မြို့နယ်မဟုတ်ဘဲ တခြားမြို့နယ်ကနေ စစ်မှုထမ်းပါသွားတာကြောင့် လပိုင်းအတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို)၊ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးတို့ကို အသနားခံစာ တင်ခဲ့ပါတယ်။
စာတင်ပြီးနောက် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ လှိုင်မြို့နယ်၊ ရဲစခန်းက ဆက်သွယ်လာတာကြောင့် ဖြစ်စဉ်တွေကို မမိုးဆမ်းပန်း ရှင်းပြခဲ့ပါတယ်။
အဲဒီလိုရှင်းပြပြီး ၅ လအကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ မြောက်ဥက္ကလာ၊ အမှတ် ၉ ရဲစခန်းက ဆက်သွယ်လာပြီး ဖြစ်စဉ်တွေကို ထပ်မေးပါတယ်။ ပြီးတော့ ငွေလိမ်လည်ခံရတာကို အမှုဖွင့်ခွင့်ပေးခဲ့ပြီး လူကုန်ကူးမှုကိုတော့ ရဲစခန်းက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
"ကျွန်မအသနားခံစာတွေကြောင့် စာကျလာလို့ လှိုင်ရဲစခန်းက ခေါ်စစ်တာထင်တယ်၊ လှိုင်မှာ ကျွန်မငွေလိမ်ခံရတာတွေကိုပါ ပြောပြလိုက်တော့ မြောက်ဥက္ကလာရဲစခန်းကနေ အမှုဖွင့်ဖို့ဆို ထပ်ခေါ်တာ၊ ဒါပေမဲ့ ကျွန်မအမှုဖွင့်ချင်တာက လူကုန်ကူးမှုလေ"လို့ မမိုးဆမ်းပန်းက သူ့ဆန္ဒကို ပြောပြပါတယ်။
လူတစ်ယောက်ကို စည်းရုံးသိမ်းသွင်း၊ သယ်ယူ၊ လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူ စတဲ့ အချက်တွေဟာ လူကုန်ကူးမှုမြောက်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် ကိုဖြိုးဝေ စစ်မှုထမ်းခေါ်ခံရပြီးနောက် တစ်နှစ်ကျော်အကြာမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖို့ မမိုးဆမ်းပန်း ထပ်ကြိုးစားတာဖြစ်သလို နိုင်ငံရေးအကျဉ်းသူဟောင်း မစုစုနွေးကလည်း ဝင်ရောက်ကူညီပေးလာတာပါ။
ကိုဖြိုးဝေ လူကုန်ကူးခံရတယ်ဆိုပြီး မြောက်ဥက္ကလာ အမှတ် ၉ ရဲစခန်းမှာ အမှုဖွင့်ဖို့ မစုစုနွေးနဲ့ မမိုးဆမ်းပန်းတို့ မေ ၂၈ ရက်မှာ သွားရောက် ကြိုးစားခဲ့ပေမဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ နောက်မှလာခဲ့ပါဆိုပြီး ပြန်လွှတ်တယ်လို့ ပြောကြပါတယ်။
မေ ၂၉ ရက်မှာ ထပ်သွားခဲ့ကြပေမဲ့ မမိုးဆမ်းပန်း အဓိက တိုင်ကြားချင်တဲ့ လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ အချက်တွေကို ရဲစခန်းက လက်မခံဘဲ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၄၂ (မတရားဖမ်းဆီးချုပ်နှောင်ခြင်း)၊ ၃၇၄ (အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း)၊ ၁၁၄ ( ပြစ်မှုကျူးလွန်ရန် အားပေးကူညီခြင်း) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ပေးလိုက်တာလို့ သူတို့နှစ်ယောက်က ပြောပါတယ်။
"ကျွန်မတို့ကို ထိုင်စောင့်ခိုင်းထားတာ ၂ နာရီကျော်ကြာတယ်။ ပြီးတော့ သူတို့က လူကုန်ကူးမှုနဲ့ အဖွင့်မခံဘူး။ နိုင်ငံခြားကို ရောင်းစားမှ လူကုန်ကူးမှုမြောက်တာလို့ ရဲစခန်းက ပြောတယ်၊ အဲဒီပုဒ်မတွေလည်း သူတို့ဘာသာ တပ်လိုက်တာ"လို့ မစုစုနွေးက ပြောပါတယ်။
မမိုးဆမ်းပန်း အမှုဖွင့်ခဲ့တာက ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ ကိုဖြိုးဝေကို မြို့နယ်ပြောင်းပြီး စစ်မှုထမ်းပို့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၅ ယောက်ဖြစ်ပါတယ်။
ဥပဒေအရ စစ်မှုထမ်း ဆင့်ခေါ်မယ်ဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်စာရင်းတွေကို ပြုစုပြီး မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့ကို ပို့ရပါတယ်။
စာရင်းဝင်သူတွေကို မြို့နယ်အဖွဲ့က ဆင့်ခေါ်ပြီး မှတ်ပုံတင်စာရင်းသွင်းရပါတယ်။ မှတ်ပုံတင်ပြီးတဲ့နောက် စစ်မှုထမ်းရမယ့်သူ၊ ကင်းလွတ်နိုင်သူ၊ ယာယီရွှေ့ဆိုင်းနိုင်သူတို့ကို ခွဲခြားသတ်မှတ်ပြီး ဆေးစစ်ဆေးမှုလည်း ပြုလုပ်ပါတယ်။
အဲဒီအဆင့်တွေပြီးမှ တရားဝင် ဆင့်ခေါ်စာထုတ်ပြီး စစ်မှုထမ်းဖို့ ခေါ်ယူတာဖြစ်ပါတယ်။
"သူတရားစွဲတာကို ကျွန်တော်တို့လည်း သိပါတယ်။ ကျွန်တော်တို့ဘက်လည်း ရှိထားတဲ့ သက်သေတွေနဲ့ ပြန်ဖြေရှင်းသွားမှာပါ" လို့ တရားစွဲခံရတဲ့အထဲမှာ ပါဝင်တဲ့ ဆယ်အိမ်မှူးက ပြောပါတယ်။
လူကုန်ကူးမှုနဲ့ ရဲစခန်းက လက်မခံတာဟာ စွပ်စွဲချက်တွေအတွက် တိကျခိုင်လုံတဲ့ သက်သေတွေ လိုအပ်တာကြောင့်ဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက မှတ်ချက်ပေးပါတယ်။
တဖက်မှာလည်း စစ်မှုထမ်းခေါ်ယူတာနဲ့ ပတ်သက်ပြီး အောက်ခြေအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေဟာ လူကုန်ကူးမှုလိုမျိုး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေသလားဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေတာကြောင့် စုံစမ်းစစ်ဆေးရေး ယန္တရားတွေက ပိုသတိထားတာမျိုး ဖြစ်နိုင်ခြေတွေကိုလည်း ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောပါတယ်။
ရဲစခန်းက လက်ခံ အမှုဖွင့် လိုက်တဲ့ ပုဒ်မ ၃၄၂၊ ၃၇၄၊ ၁၁၄ တွေကလည်း ထောင်ဒဏ် တစ်နှစ် ဒါမှမဟုတ် ငွေဒဏ် သိန်းဂဏန်းသာ ပေးဆောင်ရနိုင်တဲ့ ပြစ်ဒဏ်တွေဖြစ်တာကို ရာဇသတ်ကြီး ဥပဒေမှာ တွေ့ရပါတယ်။
ဒါပေမဲ့ စစ်မှုထမ်းရမှာကို ဆင့်ခေါ်ချိန်မှာ သတင်းပို့ဖို့ ပျက်ကွက်ရင် သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်၊ တိမ်းရှောင်ရင်တော့ ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို ကျခံရမယ်လို့ စစ်မှုထမ်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဘေးတွဲဆိုင်ကယ်မောင်းသူဖြစ်သွားတဲ့ ဇနီး၊ ကလေးမိခင်
အိမ်ထောင်ဦးစီး ကိုဖြိုးဝေ စစ်မှုထမ်းထဲ မပါခင်တုန်းက ဘေးတွဲဆိုင်ကယ်မောင်းပြီး မိသားစုကို ဦးဆောင်ခဲ့သလို ဇနီးဖြစ်သူ မမိုးဆမ်းပန်းကိုလည်း မောင်းနည်းသင်ပေးခဲ့ပါတယ်။
ကိုဖြိုးဝေ မရှိတဲ့အချိန်မှာ အသက် ၃၀ အရွယ် မမိုးဆမ်းပန်းက ဘေးတွဲဆိုင်ကယ်မောင်းပြီး ၄ နှစ်အရွယ် သားလေးကို တစ်ယောက်တည်း စောင့်ရှောက်နေရပါတယ်။
"ဘေးတွဲထွက်မောင်းချိန်မှာ ကလေးတွေကို အမျိုးတွေဆီ အပ်ထားရတာပေါ့၊ မိန်းမသားဆိုတော့ မျက်နှာစိမ်းဆိုလည်း လိုက်မပို့ရဲဘူး၊ ကိုယ်မသိတဲ့နေရာလည်း မပို့ရဲဘူး။ ညဘက်လည်း မောင်းဖို့ အဆင်မပြေဘူး"လို့ မမိုးဆမ်းပန်းက ပြောပါတယ်။
ဒါ့ကြောင့် သူရှာဖွေရတဲ့ လုပ်အားခဟာ သူတို့ သားအမိ စားသောက်နိုင်ရုံသာရှိနေတာပါ။
အလိမ်ခံလိုက်ရတဲ့ ငွေ ၄၅ သိန်းကလည်း ခင်ပွန်းဖြစ်သူ လွတ်အောင်လုပ်ပေးမယ်ဆိုသူကို ပေးဖို့ အသိမိတ်ဆွေတချို့ဆီကနေ လိုက်ချေးထားရတာပါ။
တစ်နှစ်ကျော်ကြာတဲ့အထိ အကြွေးတွေ မဆပ်နိုင်သေးတာကြောင့် အတိုးတက်လာသလို ပြန်တောင်းနေတဲ့ အကြွေးရှင်တွေကြားမှာ သူ ရင်ဆိုင်နေရသည့် ဖိအားလည်း ပိုများလာနေပါတယ်။
ဒါပေမဲ့ အဲဒီလို အကျပ်အတည်းကြားကနေပဲ ခင်ပွန်းဖြစ်သူ တရားမျှတမှုရဖို့အတွက် အမှုဖွင့်ပြီး သူတတ်နိုင်တဲ့ အားနဲ့ ရုန်းကန်နေတုန်းပါ။
ဒီလိုအခြေအနေတွေကြောင့် တခြားမိသားစုတွေလည်း သူ့ခင်ပွန်းလို့ မကြုံစေချင်တာက သူ့ဆန္ဒပါ။
စစ်မှုထမ်းဥပဒေနဲ့ လက်တွေ့
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီကအသက်သွင်းခဲ့ပြီးနောက် နည်းဥပဒေအတိုင်း စာရင်းပြုစုတာ၊ ဆင့်ခေါ်စာပေးပို့တာ၊ ဆေးစစ်တာစတဲ့ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ကြတာလည်း ရှိပါတယ်။
တဖက်မှာလဲ ငွေကြေးနဲ့ လူစားထိုးတာ၊ အဓမ္မ ခေါ်ဆောင်(ပေါ်တာဆွဲ)တာ၊ အဖမ်းခံရသူတွေဆီက ငွေကြေးတောင်းပြီး ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်မှုထမ်းလူစားလဲဖို့ဆိုပြီး ငွေသိန်း ၁၀၀ ကျော် ယူခဲ့တဲ့ ရွှေဘိုမြို့နယ် ရဲမှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက စာရေး ၂ ယောက်တို့ကို အရေးယူခဲ့တဲ့အကြောင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရေးတွေမှာ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အဆင့်တွေက ငွေကြေးမသမာတာတွေ မရှိအောင်၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်အောင် တာဝန်ရှိသူတွေအဆင့်ဆင့်က ကြပ်မတ်ပေးဖို့ဆိုပြီး အဲဒီအချိန်ကပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ မှာ ပြောခဲ့ပါတယ်။
ဘီဘီစီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) ကို လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ သတ်မှတ်ထားတာထက် ကျော်လွန် လုပ်ဆောင်တာမရှိဘဲ တိုင်ကြားတာရှိရင်လည်း ဖြေရှင်းပေးနေတယ်လို့ ဇွန် ၁၈ မှာ ပြောပါတယ်။
သတ်မှတ်ချက်တွေထက် ကျော်လွန်ပြီး စစ်မှုထမ်းခေါ်ခံရရင် မိသားစုဝင်တွေအနေနဲ့ ဥပဒေအရ အကာအကွယ် ရမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဥပဒေကျွမ်းကျင်သူတွေရဲ့ ရှင်းပြချက်အရ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုကို သတင်းပို့တိုင်ကြားတာတွေ လုပ်လို့ရသလို ရဲစခန်းမှာ အမှုဖွင့်ခွင့်ရှိတယ်လို့လည်း သိရပါတယ်။
ခြိမ်းခြောက်ငွေတောင်းခံရတာနဲ့ တရားမဝင် ဖမ်းဆီးမှုကလည်း ပြန်ပေးဆွဲတဲ့အထဲ အကျုံးဝင်တာကြောင့် ရာဇသတ်ကြီး ဥပဒေနဲ့ တရားစွဲနိုင်တယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။
ဒါ့အပြင် အတင်းအဓမ္မခိုင်းစေဖို့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီး၊ လွှဲပြောင်း၊ လက်ခံရင် လူကုန်ကူးမှုဥပဒေ စတာတွေနဲ့ တရားစွဲဆိုလို့ရတဲ့ အကြောင်းလည်း ထပ်ပြောပါတယ်။
နောက်တစ်ခုက စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်သွားခံရသူဟာ ဘယ်မှာရှိနေတယ်၊ ဘယ်အဖွဲ့အစည်းက ဘာ့ကြောင့် ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း သိခွင့်ရှိပါတယ်။
မိသားစုဝင်တွေအနေနဲ့ ရှေ့နေငှားရမ်းခွင့်၊ တရားရုံးကို တင်ပြခွင့်၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများအပေါ် ကန့်ကွက်ခွင့်တွေလည်း ရှိသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
တဖက်မှာလည်း မိသားစုဝင် အများစုက ဌာနဆိုင်ရာတွေဆီ သွားလာရမှာကို တွန့်ဆုတ်ကြသလို ခြိမ်းခြောက်လာမှာကို ကြောက်ရွံ့တာအပြင် အမှုကိစ္စတွေအတွက် သုံးစွဲရမယ့် ငွေကြေးကုန်ကျစရိတ်ကို မတတ်နိုင်တာတွေကြောင့် ရှေ့မဆက်ရဲကြပါဘူး။
"ဒါတင်မကဘူး၊ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ကျဆင်းနေတာလည်းပါတယ်" လို့ ဒေါ်ဇာလီအေးက ပြောပါတယ်။
မမိုးဆမ်းပန်းလို တရားစွဲဖို့ ကြိုးစားတဲ့ မိသားစုဝင်တွေဆိုရင်လည်း ပြန်ပြီး ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ အမှုကို မစစ်ဆေးပေးတာ စတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဒေါ်ဇာလီအေးက သတိပေးပါတယ်။
အဲဒီလို စိန်ခေါ်မှုတွေကြားကပဲ မမိုးဆန်းပန်း အမှုဖွင့် တိုင်ကြားလာတာဟာ ဇနီးတစ်ယောက်ရဲ့ ရင်ဆိုင်မှုသာမက စစ်မှုထမ်းစနစ်အောက်က ကြုံတွေ့နေရတဲ့ မိသားစုပေါင်းများစွာရဲ့ စိန်ခေါ်မှုတွေကို ထင်ဟပ်စေတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေပါတယ်။
ဒါပေမဲ့ ဥပဒေအရ ရရှိသင့်တဲ့ အကာအကွယ်တွေက လက်တွေ့မှာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကတော့ မေးခွန်းအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဖြိုးဝေတစ်ယောက် စစ်သင်တန်းကနေ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် အချုပ်ကျခံနေရသလို ဇနီးဖြစ်သူ မမိုးဆမ်းပန်းကလည်း အကြွေးတွေဆပ်ဖို့နဲ့ နေ့စဉ်စရိတ်တွေအတွက် ဘေးတွဲဆိုင်ကယ်မောင်းနေရပါတယ်။