လူဦးရေ ၇ သန်းနီးပါးနေထိုင်ပြီး မြန်မာမှာ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်က အဆောက်အဦတွေရဲ့ ငလျင်ဒဏ်ကြံ့ခိုင်မှုကို လာမယ့်ဇူလိုင် ၁ ရက်နေ့မှာ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ ငလျင်ကော်မတီတို့ ပူးပေါင်းပြီး စတင်စစ်ဆေးမယ်လို့
နေပြည်တော်က ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ရန်ကုန်မှာ လူနေထိုင်ဖို့ မသင့်တဲ့အဆောက်အဦတွေကို
ပြုပြင်ဖယ်ရှားဖို့ရှိ၊ မရှိဆိုပြီး ဇွန်လ ၂၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ကျောက်တံတားမြို့နယ်အမှတ် ၂ ကိုယ်စားလှယ် ဦးကျော်မင်းထက်က မေးမြန်းခဲ့တာပါ။
အဲဒီမေးမြန်းမှုအပြီးမှာ
ရန်ကုန်က အဆောက်အဦတွေရဲ့ငလျင်ဒဏ်ကြံ့ခိုင်မှုကို စစ်ဆေးသွားဖို့ရှိတယ်လို့ ရန်ကုန်မြို့၊
စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က တုံံ့ပြန်ဖြေဆိုခဲ့ပါတယ်။
ကနဦးအဆင့်အနေနဲ့
ရပ်ကွက် တစ်ခုစာလောက်ကို မျက်မြင်အကဲဖြတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒီစစ်ဆေးမှုကို
ပြုလုပ်မယ့် မြန်မာနိုင်ငံငလျင်ကော်မတီရဲ့ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
“အခုကတော့
ရပ်ကွက်တစ်ခုစာ၊ နှစ်ခုစာလောက်ကို ကနဦးစီမံကိန်း ပုံစံမျိုးလေးလုပ်သွားဖို့ လျာထားပါတယ်။ အဲဒီပြီးရင် ရပ်ကွက်
ဒါမှမဟုတ် မြို့နယ်မှာရှိတဲ့အဆောက်အဦတိုင်းကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဲဒီတော့ လူနေအဆောက်အဦတွေလည်းပါမယ်၊
ကျောင်းတွေ၊ ဆေးရုံတွေလည်းပါတယ်”
ဒီလို စစ်ဆေးတဲ့အခါ
အဆင့်သုံးဆင့် ခွဲထားတယ်လို့ သူက ပြောပါတယ်။ ပထမအဆင့်က အကဲဖြတ်စစ်ဆေးတာ၊ ဒုတိယအဆင့်က
အသေးစိတ်စစ်ဆေးတာ၊ တတိယအဆင့်က အဆောက်အဦ ကြံ့ခိုင်မှုရှိအောင်လုပ်မယ့်အဆင့်ဖြစ်တယ်လို့
သူကပြောပါတယ်။
ပြုပြင်လို့မရတဲ့အဆောက်အဦတွေကိုတော့ ဘယ်လိုဆက်လုပ်မလဲဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်ပြီးတိုင်ပင်ရမှာဖြစ်တယ်လို့
ဦးစောထွေးဇော်က ပြောပါတယ်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဌေးကတော့ ငလျင်ဒဏ်အတွက် အန္တရာယ်ရှိတဲ့ အဆောက်အဦတွေကို ဖြိုဖို့လိုရင်လည်း
ဖြိုသွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
“ကြံ့ခိုင်မှုမရှိရင်
အဆင့်အတန်းခွဲမှာပေါ့။ အန္တရာယ်ရှိတယ်၊ ဆိုးရွားတယ် ဆိုရင် ဖြိုပစ်ရင်လည်း ဖြိုရမှာတွေ
ရှိတာပေါ့”
ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပဲ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ငလျင်ငယ်လှုပ်ခတ်မှုတွေကို ခပ်စိပ်စိပ်
ကြုံလာနေရတာပါ။
ရန်ကုန်မြို့ဟာ ငလျင်ပြတ်ရွေ့ကြောပေါ်မှာ မရှိပေမဲ့ ငလျင်ပြတ်ရွေ့တွေရဲ့ဘေးအနီးမှာရှိနေပါတယ်။
ငလျင်လှုပ်ခတ်မှုတွေနဲ့အတူ လူနေထူထပ်လှတဲ့ ရန်ကုန်မြို့ရဲ့တိုက်တာ၊ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကလည်း
မေးခွန်းထုတ်စရာဖြစ်နေပါတယ်။