တိုက်ချီတို၊ အင်ပီနဲ့ ပါပီ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွေးကလေးတွေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးလောကဓံနှစ်တွေတစ်လျှောက်လုံး အမြဲအနားမှာ ရှိနေခဲ့တဲ့ ခွေးကလေး "တိုက်ချီတို" ဟာ သခင်မဖြစ်သူနဲ့ ပြန်မဆုံရသေးခင်မှာပဲ ထွက်ခွာသွားခဲ့ပါပြီ။

အသက် ၁၆ နှစ်ကျော်ရှိပြီဖြစ်တဲ့ တိုက်ချီတိုဟာ ၂၀၁၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးတဲ့နောက် သူ့ဘဝထဲ ရောက်လာခဲ့တဲ့ တစ်ကောင်တည်းသော အိမ်မွေးတိရစ္ဆာန် အဖော်ဖြစ်ခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လွှတ်တော်အမတ်ဘဝနဲ့ နိုင်ငံတော်အတိုင်ပင်ခံတာဝန် ထမ်းဆောင်ခဲ့ရတဲ့ကာလတွေတစ်လျှောက်မှာ ခရီးထွက်ရတိုင်း တိုက်ချီတိုကို အိမ်မှာ ထားခဲ့ရတာအတွက် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်တတ်တယ်လို့ သူနဲ့ အနီးကပ်နေခဲ့သူတစ်ဦးက ပြောပါတယ်။

တိုက်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ခွေးတစ်ကောင်ထက်ပိုတဲ့ သိတတ်မှုနဲ့ စောင့်ရှောက်မှုတွေရှိတယ်လို့လည်း အနားမှာရှိခဲ့သူတွေက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ချီတို

၂၀၁၀ နိုဝင်ဘာ ၂၇ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆီကို တိုက်ချီတို စရောက်ခဲ့ပါတယ်။ အဲဒီနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ရန်ကုန်မြို့၊ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနေချိန် ဖြစ်ပါတယ်။

တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲကို စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တချို့ရဲ့ မြင်ကွင်းထဲမှာ လသားအရွယ် အညိုရောင်ခွေးလေးတစ်ကောင်ကို ပိုက်ချီပြီး ခြံထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်ကို တွေ့လိုက်ရပါတယ်။

အဲဒီခွေးလေးဟာ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတွဲလျက် မြင်တွေ့ရတဲ့ တိုက်ချီတို ဖြစ်လာပါတယ်။

ကင်မ်ဟာ အဲဒီခွေးလေးကို ရန်ကုန်မြို့ ယုဇနပလာဇာ အနောက်ဘက်တန်းက အိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မိခင်ဖြစ်သူအတွက် သူ့ကိုယ်စား စောင့်ရှောက်ပေးမယ့်အဖော်လေးအဖြစ် ပေးခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာ နေထိုင်ခဲ့သူတချို့က ပြောပါတယ်။

"တိုက်ချီတို" ဆိုတဲ့အမည်ကို ဂျပန်စကားအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး "သားအကြီး" လို့ နားလည်ကြပေမဲ့ အတိအကျ ဘာကို ရည်ညွှန်းတယ်ဆိုတာကိုတော့ မသိကြပါဘူး။

၂၀၁၀ နှောင်းပိုင်းကနေ ၂၀၁၆ ခုနှစ်အထိ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်ချီတိုကို ထိန်းကျောင်းနေတဲ့ဓာတ်ပုံတွေကို မကြာခဏ မြင်တွေ့ရပါတယ်။ ဒါ့အပြင် သူရေးသားခဲ့တဲ့ စာတွေထဲမှာလည်း တိုက်ချီတိုအကြောင်း ထည့်သွင်းရေးသားလေ့ရှိပါတယ်။

၂၀၁၅ ခုနှစ် ထုတ်ဝေခဲ့တဲ့ "မြန်မာပြည်က ရေးတဲ့စာ" စာအုပ်ထဲက "အပန်းဖြေနားရက်များ - ၁" ဆိုတဲ့ အခန်းမှာတော့ ပုဂံခရီးစဉ်အကြောင်း ရေးသားရင်း တိုက်ချီတိုကို မိသားစုဝင်တစ်ဦးလို ထည့်သွင်းဖော်ပြထားပါတယ်။

"ကျွန်မတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ် သွားခြင်း မဟုတ်တာကြောင့် ... အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီတိုရယ် ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့် နေရာတစ်ခုကို ရှာဖို့ပါပဲ" လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီတို လို့ သုံးနှုန်းခဲ့တာဟာ မိသားစုဝင်တစ်ဦးအဖြစ်ထည့်သွင်းသတ်မှတ်ထားတယ်ဆိုတာ မြင်သာပါတယ်။

၂၀၁၆ ခုနှစ်ထုတ် ဒီလှိုင်းစာစောင်မှာလည်း "ခဏခဏ ခရီးသွားရလို့ ကျမအတွက် စိတ်အနှောင့် အယှက် ဖြစ်ရတာကတော့ တိုက်ချီတိုကို ထားခဲ့ရတဲ့ကိစ္စပါပဲ" လို့ ရေးသားခဲ့ဖူးပါတယ်။

"အတိုင်ပင်ခံဖြစ်တော့ ခရီးခဏခဏ သွားရတယ်။ တိုက်ချီတို ကလည်း အဲဒီအချိန်ဆို အိမ်ကလူတွေနဲ့ အဆင်ပြေပြေနေတယ်။ ဒါပေမဲ့ သူ့အမေ ပြန်ရောက်လာပြီဆိုတာနဲ့ အိမ်ကလူတွေကို ရန်လုပ်ချင်တော့တာ (ရယ်လျက်)။ အိမ်မှာဝေယျာဝစ္စကူညီပေးတဲ့ မဝေရဲ့ သားအငယ်လေးက သူ့အရုပ်တွေ ယူဆော့ထားရင်လည်း သူ့အမေ ပြန်လာတာနဲ့ အရုပ်ခြင်းကို မှောက်ပြပြီး တိုင်တတ်သေးတယ်။ အဲဒါဆို အမေက သဘောကျနေတာပေါ့" လို့ နေပြည်တော် မြနန်းဘုံသာလမ်း အမှတ် (၃၃-အေ) နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်ခဲ့သူတစ်ဦးက ပြန်ပြောပြပါတယ်။

သားဖြစ်သူ ကင်မ်အဲရစ် ပေးခဲ့တဲ့ လက်ဆောင်ဖြစ်သလို နှစ်များစွာ အနားမှာရှိနေခဲ့တဲ့ အဖော်လေးလည်း ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က တိုက်ချီတို ကို သွားလေရာနေရာတိုင်းခေါ်သွားချင်ခဲ့ပြီး ခေါ်သွားလို့ရတဲ့နေရာမှန်သမျှ ခေါ်ဆောင်သွားတတ်သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ တာဝန်ထမ်းဆောင်ခဲ့ချိန် နေပြည်တော်မှာ နေထိုင်တဲ့ ကာလတွေမှာ သင်္ကြန်ရောက်တိုင်း "တိုက်ချီတိုတို့ မဏ္ဍပ်" လို့ အမည်ပေးထားတဲ့ မဏ္ဍပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေကစားလေ့ရှိပါတယ်။

တိုက်ချီတိုကို အစားအသောက်ကျွေးမွေးတာ၊ အားဆေးတိုက်တာတွေကိုလည်း စနစ်တကျလုပ်ဆောင်လေ့ရှိပြီးရဲ့ ခွေးကလေးရဲ့ ကျန်းမာရေးကို ဒေါ်အောင်ဆန်းစုကြည်က အထူးအလေးထားခဲ့တယ်လို့ အနီးကပ်နေခဲ့သူတွေက ပြောကြပါတယ်။

''သားက ပေးထားတော့ ပိုတန်ဖိုးထားချစ်တယ်ဆိုတာထက် အမေ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်ကလည်း ခွေးအရမ်းချစ်တတ်တာပါ။ ဘယ်ခွေးမဆို သူချစ်တယ်'' လို့ အနီးကပ်နေခဲ့သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့ကြသူ သုံးဦးထက်မနည်းရဲ့အပြောအရ တိုက်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်စရာ ကောင်းသူတွေဆိုရင် ပထမဆုံးအကြိမ် စတွေ့ချိန်မှာကတည်းက သည်းသည်းမည်းမည်း ထိုးဟောင်တတ်တယ်လို့ ပြောကြပါတယ်။

''ခြံထဲကို လူ သုံးယောက်ဝင်လာရင် တစ်ယောက်ကိုပဲ သူဟောင်တယ်။ သူဟောင်တဲ့ အဲဒီတစ်ယောက်က ချက်ချင်းမဟုတ်တောင် နောက်ပိုင်းဒုက္ခပေးတဲ့သူပဲ ဆိုတာမျိုးလည်း တွေ့ခဲ့ရတယ်'' လို့ အနီးကပ်နေခဲ့သူ တစ်ဦးက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွေးကလေးတွေ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးချစ်တတ်ပုံကို သမ္မတအိုဘားမားကတောင် သတိထားမိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေက ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်ကို သွားရောက်ချိန်မှာ သမ္မတအိုဘားမားက သူတို့မိသားစုရဲ့ အချစ်တော်ခွေးလေး ဘိုနဲ့ ဆန်နီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးတလည် တွေ့ဆုံပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ဘဝမှာ ပထမဆုံးသိခဲ့၊ ထိတွေ့ခဲ့ဖူးတဲ့ ခွေးကလေးတွေအကြောင်းကို "မြန်မာပြည်က ရေးတဲ့စာ" စာအုပ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထည့်ရေးထားပါတယ်။

ပထမဆုံးခွေး ဆိုတာကို သူသိခဲ့တာက လမ်းပေါ်က ဝဲစားနေတဲ့ ခွေးလေခွေးလွင့်တွေ၊ ဒါမှမဟုတ် ခြံထဲကို ဝင်လာမှာစိုးလို့ လူကြီးတွေ အမြဲမောင်းထုတ်နေတဲ့ ခွေးတွေဖြစ်တယ်လို့ သူက ထည့်ပြောထားပါတယ်။

"မထုံတက်တေးရှိတဲ့ ခွေးမတစ်ကောင်ကတော့ အားလုံးက မီးဖိုဆောင်နားကို မလာအောင် မောင်းထုတ်နေတဲ့ကြားက ခွေးလေးတွေကို ရအောင် ဝင်မွေးသွားခဲ့ပါတယ်။ တိုးဝှေ့နေတဲ့ ခွေးပေါက်စလေးတွေ တစ်ထွေးကြီးကို ကျွန်မ ဘယ်လောက်စွဲလမ်းခဲ့သလဲဆိုရင် ကျွန်မရဲ့ ပထမဆုံးမက်တဲ့ အိပ်မက်က သူတို့အကြောင်း ဖြစ်နေခဲ့တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ခွေးကလေးတွေကို ခင်တွယ်ခဲ့ပုံကို မှတ်မှတ်ရရ ရေးထားပါတယ်။

တက္ကသိုလ်ကျောင်းသူဘဝနဲ့ အင်္ဂလန်ကို ရောက်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ခွေးချစ်သူတို့ရဲ့ ကမ္ဘာထဲကို ဝင်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ကျောင်းပိတ်ရက်အများစုကို အင်္ဂလန်က မိတ်ဆွေတွေရဲ့ အိမ်တွေမှာ ကုန်ဆုံးလေ့ရှိပြီး အဲဒီအိမ်တွေက ခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးတတ်တယ်လို့ ဆိုပါတယ်။

အင်္ဂလန်နေ့ရက်တွေတုန်းက "Sailor" (သင်္ဘောသား) နဲ့ "Handsome" (မောင်လူချော) လို့ နာမည်ပေးထားတဲ့ ခွေးကလေးနှစ်ကောင်ကို အမှတ်တရအဖြစ် ပြန်လည်ရေးသားထားပါတယ်။

ဆေလာနဲ့ ဟန်းဆမ်းတင်မက ကုလသမဂ္ဂဝန်ထမ်းအဖြစ် အလုပ်လုပ်နေချိန်မှာ သူ့ရဲ့ နယူးယောက် မန်ဟက်တန်အခန်းမှာ မွေးခဲ့တဲ့ ခွေးကလေး ''အင်ပီ'' အကြောင်းလည်းထည့်ပြောထားပါတယ်။

"ခွေးဆိုတာ သခင်ကို အတုယူတတ်တယ်ဆိုတာ အမှန်ပါပဲ။ အင်ပီရဲ့ ကျွန်မအပေါ်ထားတဲ့ သဘောထားက အမေတစ်ယောက်လို အကာအကွယ်ပေးချင်တဲ့ပုံစံပါ။ ကျွန်မ အပြင်က အပြန်နောက်ကျရင် အပြစ်တင်ချင်သလို အမူအရာနည်းနည်းပြပေမဲ့ စိတ်ရှည်လက်ရှည် ထိုင်စောင့်တတ်ပါတယ်။ သူမသိတဲ့သူတွေ လာလည်ရင်လည်း ကျွန်မဘေးက ဆိုဖာပေါ်မှာ ဘယ်သူမှ မထိုင်ရအောင် စောင့်ရှောက်တတ်တယ်" လို့ နယူးယောက်နေ့ရက်တွေထဲက အင်ပီအကြောင်းကို သတိတရ ရေးထားပါတယ်။

၁၉၇၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ပြီးနောက် ဘူတန်နိုင်ငံမှာ နေထိုင်ခဲ့ချိန်မှာလည်း သူတို့ဇနီးမောင်နှံမှာ ကိုယ်ပိုင်ခွေးကလေးတစ်ကောင် ရှိခဲ့ပါတယ်။

အဖြူနဲ့အညိုရောင်စပ်ထားတဲ့ ခွေးကလေးဖြစ်ပြီး သူ့ကို "ပါပီ" လို့ ရိုးရိုးပဲ အမည်ပေးခဲ့ပါတယ်။

''သူ ငယ်ငယ်လေးတုန်းက အိပ်ရင် ကျွန်မ လည်ပင်းကို ပတ်အိပ်တတ်ပြီး မိုက်ကယ့်အိမ်တွင်းစီး ဖိနပ်က သိုးမွေးအနားစနဲ့ မှန်မှန် နပန်းလုံးတတ်တယ်။ ကြီးလာတော့ ကျွန်မတို့နဲ့အတူ ကမ္ဘာတစ်ဝက်လောက်ကို စွဲစွဲမြဲမြဲ အတူလိုက်ရင်း အကြမ်းခံတဲ့ ခရီးသွားတစ်ဦးဖြစ်လာတယ်'' လို့ ဆိုပါတယ်။

ဘူတန်ကနေ အောက်စဖို့ဒ်အထိ အတူလိုက်ပါခဲ့တဲ့ ပါပီ က အသက် ၁၉ နှစ်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတယ်။

''ကျွန်မ သားတွေ လူလောကကြီးထဲ ရောက်လာတဲ့အခါမှာ သူတို့ အပေါ်စောင့်ရှောက်တဲ့ မျက်စိနဲ့ ဒေါက်ထောက် ကြည့်တော့တာပါပဲ။ ကျွန်မတို့ အိမ်ထောင်စုရဲ့အမှတ်အသား ဖြစ်လာခဲ့ပါတယ်'' လို့ ပါပီကလည်း မိသားစုလိုဖြစ်ခဲ့သူလို့ထည့်ရေးပါတယ်။

ဒါပေမဲ့ ၁၉၉၁ ခုနှစ် ပါပီ သေဆုံးခဲ့ချိန်မှာ တိုက်ချီတို လိုပါပဲ၊ အဲဒီအချိန်ကလည်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ချထားခဲ့တဲ့အချိန်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကတော့ "တိုက်ချီတိုက မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုသလို မိခင်နဲ့ ခွဲခွာခဲ့ရခါနီးခက်ခဲလွန်းတဲ့အချိန်မှာ မိခင်လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်း" လို့ ဖော်ကျူးပါတယ်။

''သူလည်း ကျွန်တော့်လိုပဲ မေမေ့ကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေ့ကို ဘယ်ကို ခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။ ကျွန်တော့်လိုပဲ သူ စောင့်နေခဲ့တယ်။ ကျွန်တော်လိုပဲ သူလည်း မေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။ အခုတော့ တိုက်ချီတိုလည်း မရှိတော့ပါဘူး'' လို့ တိုက်ချီတိုသေဆုံးပြီလို့ သိရတဲ့အချိန် ကင်မ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

တိုက်ချီတိုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကွဲခဲ့ရလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှာ နေပြည်တော်၊ မြနန်းဘုံသာလမ်း အမှတ် ၃၃-အေ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းချိန်မှာ အတူနေသူ အချို့နဲ့အတူ ခွေးကလေး တိုက်ချီတိုလည်း ရှိနေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေ ၂၃ ရက်ကစလို့ မြနန်းဘုံသာလမ်း နေအိမ်ကနေ စစ်တပ်ပရဝုဏ်ထဲက နောက်ထပ် နေအိမ်တစ်အိမ်ကို ပြောင်းရွှေ့ခဲ့ရချိန်အထိလည်း တိုက်ချီတို လိုက်ပါခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက် နောက်ပိုင်းမှာ စွပ်စွဲခံထားရတဲ့အမှုတွေအတွက် အမိန့်တွေစချခံရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ချီတိုတို့ ခွဲခွာခဲ့ရတဲ့နောက် ၄ နှစ်အတိအကျရှိတဲ့အချိန်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

''နေပြည်တော်ထောင်ထဲရောက်သွားတော့ အမှုရုံးချိန်းတွေဆိုရင် တိုက်ချီတိုအကြောင်း နည်းနည်းထည့်ပြောပြကြတယ်။ နောက်ပိုင်း အမိန့်အားလုံးချပြီးတော့ ဘယ်သူနဲ့မှမတွေ့ရတော့ အချိန်ကျတော့ အမေလည်း တိုက်ချီတိုအကြောင်း မသိရတော့ဘူး'' လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူက ပြောပြပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ နှောင်းပိုင်းကစလို့ ဒုတိယမြောက်နေအိမ်အကျယ်ချုပ်မှာ အတူနေခဲ့သူ ၈ ဦးလုံးအပါအဝင် တိုက်ချီတိုလည်း ရန်ကုန်မြို့ခြံနံပါတ် ၅၄ နေအိမ်နဲ့ တချို့ကသူတို့နေရပ်အသီးသီးကို ပြန်ကြရပါတယ်။

''၅၄ ခြံကိုရောက်တော့ အိမ်ကိုစောင့်ရှောက်သူတချို့က သူ့ကိုထိန်းကျောင်းပေးထားတယ်။ ဒါပေမဲ့ ခွေးလေးက အသက်အရမ်းကြီးလာတော့ ကျန်းမာရေး ချုချာလာတယ်။ အမြင်အာရုံလည်း ဝေဝါးလာတယ်။ နောက်ပိုင်း အစားလည်း သိပ်မစားတော့ဘူးလို့ ကြားသိရတယ်'' လို့ ၅၄ ခြံမှာ အမွေဆိုင်အမှုကိစ္စ လေလံပစ်ချိန်က ဝင်ရောက်ခဲ့ရသူတစ်ဦးက သူမြင်ခဲ့တာကို ပြန်ပြောပြပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ထုတ် ဒီလှိုင်းစာစောင် အတွဲ (၁) ၊ အမှတ် (၄၈) မှာ ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့တဲ့ တိုက်ချီတိုအကြောင်းက သူနဲ့ တိုက်ချီတိုကြားက သံယောဇဥ်ကိုထင်ရှားခဲ့ပါတယ်။

''သွားပြီး ပြန်လာမယ်လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန်ပြည်ထောင်စုခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုက်ချီတိုက ကျွန်မကို လုံးဝ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ခြေထောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့အခါမှာလည်း သူ့ကိုယ်နဲ့ ကျွန်မခြေထောက်ကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေထောက်တွေပဲ လွှတ်ထားလို့တော့ မဖြစ်ပေဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့အကြောင်းတွေကို တိုက်ချီတိုသာ သိရင် ဘာများလုပ်မလဲလို့ တစ်ခါတစ်ရံ တွေးမိပါတယ်။''

ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ခဏထွက်သွားရတဲ့ ခရီးကြမ်းတစ်ခုအကြောင်း တိုက်ချီတို ဘယ်လောက်သိခဲ့မလဲ ဘယ်သူမှ မပြောနိုင်တော့ပါဘူး။

''သူ (တိုက်ချီတို) မေမေ့ကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မေမေ့ကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။ သူက မေမေ့ကို စောင့်ခဲ့တယ်။ ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။ မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။ မေမေ့ကို လွတ်မြောက်ခွင့်ပေးပါ'' လို့ ကင်မ်က တိုက်ချီတို အကြောင်းပြောပြတဲ့ ဇွန် ၂၂ ရက်က သူ့စာထဲမှာ ထည့်ရေးထားပါတယ်။