ကန့်သတ်တာတွေ ဖြေလျှော့တာစောသွားရင် 'အကြီးအကျယ်ပြန်တက်လာနိုင်တယ်' လို့ WHO သတိပေး

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာ တားဆီးဖို့ ပိတ်ဆို့ကန့်သတ်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို အချိန်မတန်ဘဲ ခပ်စောစောကတည်းက လျှော့ချလိုက်ရင် ရောဂါဖြစ်တာ "အကြီးအကျယ် ပြန်ပြီးတက်လာနိုင်တယ်" လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

ဒေါက်တာ တက်ဒရို ဆန်ဒနွန် ဂက်ဘရီရီးဆပ် က နိုင်ငံတွေအနေနဲ့ စီးပွားရေးဆိုင်ရာ ရုန်းကန်ရမယ့်အခြေအနေတွေနဲ့ ကြုံနေရချိန်မှာတောင် ကန့်သတ်မှုတွေ လျှော့ပစ်တာကို သတိထားသင့်တယ်လို့ ပြောပါတယ်။

ဥရောပမှာ အဆိုးဆုံးထိခိုက်ခံနေရတဲ့ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ အသွားအလာ အဝင်အထွက် ပိတ်ဆို့တဲ့ အစီအမံတွေ ဆက်ထားထားသေးပေမယ့် တင်းကျပ်ထားတဲ့ စည်းမျဉ်းတချို့ကို လျှော့ချနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်နေသူပေါင်း ကမ္ဘာတလွှားမှာ တသန်း ခြောက်သိန်း ရှိနေပြီး လူပေါင်း တသိန်းနဲ့ တထောင် သေဆုံးခဲ့ပါပြီ။

ဂျနီဗာကနေ ဗီဒီယိုလိုင်းကတဆင့် လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ တက်ဒရိုက တချို့ ဥရောပနိုင်ငံတွေမှာ ကပ်ရောဂါပြန့်ပွားမှုက "ကြိုဆိုစရာကောင်းတဲ့ နှေးကွေးလာတာမျိုး" တွေ့ရတယ်လို့ ပြောပါတယ်။

ကန့်သတ်စည်းမျဉ်းတွေကို လျှော့ချဖို့အတွက် ဗျူဟာတွေရေးဆွဲဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နိုင်ငံအစိုးရတွေနဲ့ အတူဆောင်ရွက်နေတယ်၊ ဒါပေမဲ့ စည်းမျဉ်းတွေကို ဆောဆောလျင်လျင် လျှော့ချလို့ မသင့်ဘူးလို့ သူက ဆိုပါတယ်။

သူက "ကန့်သတ်မှုတွေကို အမြန်လျှော့ချလိုက်တာကနေ အကြီးအကျယ်ရောဂါ ပြန်ဖြစ်လာတာကို ဖြစ်သွားနိုင်တယ်" လို့ ပြောပါတယ်။

"စီမံခန့်ခွဲတာကို သေသေချာချာမလုပ်ရင် အရင်က ဖြစ်ခဲ့သလို အန္တရာယ်တွေက ရှေ့မှာလည်း ဖြစ်နိုင်တယ်" လို့လည်း သူက ပြောပါတယ်။

စပိန်နဲ့ အီတလီမှာ အကန့်အသတ်တွေကို ဘယ်လိုလျှော့ချနေလဲ

စပိန်အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ အပါအဝင် အခုအချိန်မှာ မရှိမဖြစ် လိုအပ်နေတာမျိုး မဟုတ်တဲ့ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ တချို့ အလုပ်တွေကို တနင်္လာနေ့ကစပြီး ပြန်လုပ်ကြစေဖို့ စီစဉ်နေပါတယ်။

စပိန်မှာ သောကြာနေ့က လူပေါင်း ၆၀၅ ယောက် ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့ပြီး ဒါဟာ ရက်ပေါင်း ၁၇ ရက်အတွင်း တရက်အတွင်းသေနှုန်း အနိမ့်ဆုံးပါ။ နောက်ဆုံးရတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် စပိန်မှာ သေဆုံးသူ စုစုပေါင်း ၁၅,၈၄၃ ယောက်ရှိပါတယ်။

ဒါပေမဲ့ အစိုးရက လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing)စည်းမျဉ်းကို အီစတာ အားလပ်ရက်တွေအတွင်း ဆက်လက်လိုက်နာကြဖို့ လူထုကို တိုက်တွန်းပါတယ်။

အီတလီမှာတော့ ဝန်ကြီးချုပ် ဂျိုဇက်ပေ ကွန်တေက အခုလောလောဆယ် အချိန်ထိ အောင်မြင်အောင်လုပ်လာနိုင်ခဲ့တာတွေ ပြန်မဆုံးရှုံးသွားအောင် သတိပေးရင်း တနိုင်ငံလုံး ပိတ်ဆို့ချထားတာကို မေလ ၃ ရက် နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့တဲ့ တချို့စီးပွားရေး လုပ်ငန်းတွေကို လာမယ့် အင်္ဂါနေ့ကျရင် ပြန်ခွင့်ပေးလိုက်ပါတယ်။

မစ္စတာကွန်တေက စာအုပ်ဆိုင်တွေ၊ ကလေးအဝတ်အစားဆိုင်တွေလို့ ပြောပေမယ့် အဝတ်လျှော်ဆိုင်တွေနဲ့ တခြားဆိုင်တွေလည်း ပါနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အီတလီမှာ ကြာသပတေးနေ့တုန်းက ဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူ ၆၁၀ ရှိခဲ့ပြီး သောကြာနေ့မှာတော့ ၅၇၀ ရှိခဲ့ပါတယ်။

ရောဂါဖြစ်သူ အသစ်တွေ့တာကလည်း ၄၂၀၄ ယောက်ကနေ ၃၉၅၁ ယောက်ထိ ကျခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာ -

အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရက်ကာက သူ့နိုင်ငံမှာ ပိတ်ဆို့ထားတာကို မေလ ၅ ရက်နေ့ထိတိုးမယ်လို့ ကြေညာပါတယ်။

တူရကီမှာတော့ အီစတန်ဘူလ် နဲ့ အန်ကာရာ အပါအဝင် မြို့ ၃၁ မြို့ကို ၄၈ နာရီ ကာဖျူးမိန့်ထုတ်လိုက်ပါတယ်။

ကြေညာချက်က ကာဖျူးမိန့်အသက်မဝင်ခင် ၂ နာရီ အလိုမှာ ထုတ်တာဖြစ်တဲ့အတွက် လူတွေ အလန့်တကြားဈေးဝယ်ရတာတွေ ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီ သမ္မတ မာဆယ်လို ရီဘဲလ်လို ဒီ ဆောဆာ က နိုင်ငံအရေးပေါ် ကြေညာထားတာ မေလ ၁ ရက်နေ့ထိလို့ သတ်မှတ်ကြောင်း ပြောပါတယ်။

ဗြိတိန်မှာ အစိုးရ အနေနဲ့ ဘယ်တော့ ကန့်သတ်မှုတွေကို ဖယ်ရှားပေးမှာလဲ ဆိုတဲ့ အမေးကို ဖြေပေးဖို့ ဖိအားတွေ ရင်ဆိုင်နေရပေမယ့် ထိခိုက်မှုနှုန်းတွေ ထိပ်ဆုံးကို ရောက်တဲ့အခြေအနေ ကျော်လွန်သွားတာတောင် ပိတ်ဆို့ချထားတာတွေ ဆက်ထားသွားဦးမယ်လို့ ပြောပါတယ်။

တောင်အာဖရိကနိုင်ငံ သမ္မတ ဆီရေးလ် ရာမာဖိုးဆားက နိုင်ငံကို ၂၁ ရက် ပိတ်ဆို့ချထားတာ ကို နောက်ထပ် သီတင်းပတ် ၂ ပတ် တိုးသွားမယ်လို့ ကြာသပတေးနေ့က ဆိုပါတယ်။

သောကြာနေ့က ပြင်သစ်မှာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးတဲ့လူအရေအတွက်က ၁၀၀၀ နီးပါးဖြစ်ခဲ့ပြီး စုစုပေါင်း ၁၃,၁၉၇ ယောက် အသက်ဆုံးပါးခဲ့ရပါပြီ။

ဒါပေမဲ့ အထူးကြပ်မတ်ကုသဆောင်မှာ လက်ခံကုသပေးနေရတဲ့ လူနာအရေအတွက်က ၂ ရက်ဆက်တိုက် အနည်းငယ်စီ ကျဆင်းလာနေပါတယ်။

"ဖြစ်နှုန်း မြင့်နေသေးပေမယ့် တက်နှုန်း အေးဆေးလာပုံရတယ်" လို့ ကျန်းမာရေး ဌာန ဒါရိုက်တာ ဂျရုမ်း ဆော်လမွန်က ပြောပါတယ်။

ဗိုင်းရပ်စ် ပြန့်ပွားနှုန်းက နှေးလာပါသလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရိုအနေနဲ့ ဥရောပနိုင်ငံတချို့မှာ ရောဂါပြန့်နှုန်းနှေးလာပုံရတာကို သိရှိကြိုဆိုလိုက်ကြောင်း သောကြာနေ့တုန်းက ပြောပါတယ်။

အမေရိကန်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားဖြစ်ပေါ်မှုကို စပြီးထိန်းနိုင်အောင် လုပ်နိုင်နေပုံရပြီလို့ သက်ဆိုင်ရာ အစိုးရအရာရှိတွေက ပြောနေပါတယ်။

အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် အလုပ်အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒက်ဘရာ ဘာ့ဇ် က အားတက်စရာလက္ခဏာတွေ တွေ့လာနေရပေမယ့် ဖြစ်နှုန်းက အမြင့်ဆုံးကို မရောက်သေးဘူးလို့ သောကြာနေ့တုန်းက ဆိုပါတယ်။

ဒီလိုအချိန်ကာလအတွင်းမှာပဲ တချို့နိုင်ငံတွေမှာ ဗိုင်းရပ်စ်က မြန်မြန်ဆန်ဆန် ပျံ့လာနေတာကို သတိပေးပါတယ်။

သူက အာဖရိကမှာ ဆိုတာကို ညွှန်းဆိုပြီး အဲဒီမှာ တောနယ်တွေအထိ ဗိုင်းရပ်စ်ရောက်ရှိနေတာကို ထောက်ပြပါတယ်။

သူက "အာဖရိကတိုက် နိုင်ငံ ၁၆ နိုင်ငံမှာ အစုလိုက်အပြုံလိုက် ဖြစ်နေတာတွေ၊ လူအုပ်စု အသိုင်းအဝိုင်းလိုက် ရောဂါကူးနေတာမျိုးတွေ ကျွန်တော်တို့ တွေ့လာနေရတယ်" လို့ ဆိုသလို "အထူးသဖြင့် မြို့တွေလောက် ကျန်းမာရေးစောင့်ရှောက်မှု စနစ် မပြည့်စုံတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အား မမျှပဲဖြစ်လာမှာကိုစိုးတယ်" လို့လည်း ဖွင့်ဟသွားပါတယ်။