၉၈ နဲ့ ၁ဝ၁ ၊ အနှစ် ၅ဝ မှ ပြန်ဆုံမိတဲ့ ကမ္ဘောဒီးယားညီအစ်မ

Bun Sen and Bun Chea

ဓာတ်ပုံ ရင်းမြစ်, CCF

ဓာတ်ပုံ ပုံစာ, ဘွန်ဆန်နဲ့ ဘွန်ချီယာတို့ ၁၉၇၃ မှာ နောက်ဆုံးတွေ့ခဲ့ကြ
ရေးသားခဲ့သည်။

ပိုပေါ့ရဲ့ ခမာနီ ခေတ်မှာ သေပြီလို့ တယောက်ကိုတယောက် မှတ်ယူထားကြတဲ့ ကမ္ဘောဒီးယားညီအစ်မ နှစ်ယောက် ၄၇ နှစ်ကြာမှ ပထမဆုံးအကြိမ် ပြန်ဆုံမိကြပါပြီ။ နှစ်ယောက်စလုံးရဲ့ အသက်ကလည်း ၉၈ နှစ်နဲ့ ၁ဝ၁ နှစ်တွေပါ။

၉၈ နှစ်အရွယ် ဘွန်ဆန်ဟာ သူသေပြီမှတ်ထားတဲ့ သူ့မောင်နဲ့ပါ ပြန်ဆုံမိတယ်လို့ ကမ္ဘောဒီးယား အန်ဂျီအို အဖွဲ့တဖွဲ့က ပြောပါတယ်။ အဲဒီမောင်ကတော့ ၉၂ နှစ် ရှိနေပါပြီ။

ညီအစ်မနှစ်ယောက် နောက်ဆုံးဆုံခဲ့ကြတာ ၁၉၇၃ ကပါ။ ကမ္ဘောဒီးယားမှာ ပိုပေါ့ ခေါင်းဆောင်တဲ့ ကွန်မြူနစ် အစိုးရ မတက်ခင် ၂ နှစ်အလို ကပါ။

ခမာနီခေတ်မှာ လူ နှစ်သန်းလောက် သေခဲ့ကြတယ်လို့ ခန့်မှန်းကြပါတယ်။

အဲဒီခေတ်မှာ မိသားစုတွေ အများကြီး ရှင်ကွဲ သေကွဲတွေ ကွဲခဲ့ကြပါတယ်။ တနိုင်ငံလုံးကို ထိန်းချုပ်ထားတဲ့ ခမာနီတွေက ကလေးတွေကို မိဘတွေဆီက ခွဲပစ်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။

Pot Pot And Cambodian Army In Cambodia In May, 1979

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိုပေါခေတ်မှာ လူသန်းဂဏန်းသေဆုံးခဲ့လို့ ခန့်မှန်း
Bun Sen and her siblings

ဓာတ်ပုံ ရင်းမြစ်, CCF

ဓာတ်ပုံ ပုံစာ, ဘွန်ဆန်နဲ့ ၉၂ နှစ်အရွယ် မောင်ဖြစ်သူပါ ပြန်ပေါင်းဆုံမိ

ခမာနီခေတ်မှာ ဘွန်ဆန့်ခင်ပွန်း ကွယ်လွန်ခဲ့ပြီး ဖနွမ်ပင်မြို့တော်နားက အမှိုက်ပုံကြီးတခုနားမှာ သူ အခြေချခဲ့ပါတယ်။

အဲဒီအမှိုက်ပုံကနေ ပြန်ရောင်းလို့ရတဲ့ အတိုအစ ပစ္စည်းလေးတွေ ရှာတာ၊ အနားက အိမ်နီးချင်းတွေရဲ့ ကလေးတွေကို စောင့်ရှောက်တာတွေနဲ့ ဘွန်ဆန် အချိန်ကုန်ခဲ့ပါတယ်။

ဖနွမ်ပင် အရှေ့ဘက် မိုင် ၉ဝ လောက်သာ ဝေးတဲ့ ကမ်ပုံချန်နယ်က သူ့ဇာတိရွာလေးကို ပြန်သွားချင်တယ် ဆိုပြီးလည်း ဘွန်ဆန် ပြောလေ့ ရှိပါတယ်။

ဒါပေမဲ့ သူ့အသက်အရွယ်ကြောင့် တကြောင်း၊ လမ်းမလျှောက်နိုင်တာကတကြောင်း အိမ်ပြန်ဖို့ ခရီးက အလှမ်းဝေးခဲ့ပါတယ်။

line

ခမာနီ ဆိုတာ ဘယ်သူတွေလဲ

  • ကမ္ဘောဒီးယားမှာ ၁၉၇၅ ကနေ ၁၉၇၉ ထိ အုပ်စိုးခဲ့တဲ့ ခမာနီခေတ်မှာ လူနှစ်သန်းလောက် သေတယ်လို့ ဆိုပါတယ်။
  • ပိုပေါ့က နိုင်ငံကို အလယ်ခေတ် ပြန်ပို့ဖို့ ကြိုးစားပါတယ်။ သန်းနဲ့ချီတဲ့သူတွေကို မြို့တွေကနေ ဘုံယာခင်းတွေ ဆင်းပြီး အလုပ်လုပ်ခိုင်းတာပါ။
  • အသက်ရှင်ကျန်နေသေးတဲ့ ခမာနီ ခေါင်းဆောင်တွေကို ရုံးတင်နိုင်ဖို့ ၂ဝဝ၉ မှာ ခုံရုံးဖွဲ့နိုင်အောင် ကုလသမဂ္ဂက ကူပါတယ်။
  • ဒီထဲက ခေါင်းဆောင်ဟောင်း သုံးယောက်ကိုပဲ ပြစ်ဒဏ်ပေးနိုင်ခဲ့ပါတယ်။ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တူအော်ဆလန်းထောင်ကို အုပ်ချုပ်ခဲ့တဲ့ ခန်ခက်ကယူ၊ ခမာနီခေတ် နိုင်ငံအကြီးအကဲ ခယူဆမ်ဖန်နဲ့ ပိုပေါ့ရဲ့ ဒုတိယ လက်ထောက် နွမ်ချီယာတို့ပါ။
line

ကမ္ဘောဒီးယားက ကလေးများ ကူညီရေး အန်ဂျီအို အဖွဲ့က ဘွန်ဆန်ကို ၂ဝဝ၄ ခုနှစ်ကတည်းက ထောက်ပံ့လာခဲ့တာပါ။ သူတို့ကပဲ သူ့ကို ရွာပြန်နိုင်အောင် စီစဉ်ပေးကြပါတယ်။

ရွာပြန်ရောက်မှပဲ သူ့အစ်မနဲ့ မောင် အသက်ရှင် ကျန်ရှိနေသေးတာကို ဘွန်ဆန် သိရပါတော့တယ်။

The Stung Meanchey dumpsite in 2008

ဓာတ်ပုံ ရင်းမြစ်, Satoshi Takahashi/Getty Images

ဓာတ်ပုံ ပုံစာ, ဒီအမှိုက်ပုံကြီးနားမှာ ဘွန်ဆန်နေတယ်

နှစ် ၅ဝ နီးပါး ကြာပြီး အရင်ပတ်ကမှ ဘွန်ဆန်ဟာ သူ့အစ်မကြီး ဘွန်ချီယာနဲ့ မောင်ငယ်ကို ပြန်တွေ့ခဲ့တာပါ။

"ကျွန်မ ရွာက ထွက်လာတာ ကြာလှပြီ၊ တခါမှ ပြန်မရောက်ဘူး။ ကျွန်မ အစ်မနဲ့ မောင်တွေ သေကုန်ပြီလို့ပဲ အမြဲ မှတ်ထားခဲ့တာ" လို့ ဘွန်ဆန်က ပြောပါတယ်။

"ကျွန်မအစ်မကြီးကို ပွေ့ဖက်ထားရတာ အင်မတန် ပျော်ပါတယ်။ နောက် ကျွန်မမောင်လေးက ကျွန်မလက်ကို လာထိတော့ ကျွန်မ ငိုမိတော့တာပဲ။"

Bun Sen and Bun Chea

ဓာတ်ပုံ ရင်းမြစ်, CCF

ဓာတ်ပုံ ပုံစာ, ညီအစ်မနှစ်ယောက် ဖနွမ်ပင်ကို အတူသွားကြ
Bun Chea, left, and Bun Sen overlook the Tonle Sap river in Phnom Penh

ဓာတ်ပုံ ရင်းမြစ်, CCF

ဓာတ်ပုံ ပုံစာ, တုန်လီဆပ်မြစ်ကမ်းပေါ်က ဘွန်ချီယာနဲ့ ဘွန်ဆန်

ဘွန်ချီယာရဲ့ ခင်ပွန်းကလည်း ခမာနီသတ်လို့ သေခဲ့တာပါ။ ကလေး ၁၂ ယောက်နဲ့ မုဆိုးမ ဖြစ်ခဲ့တဲ့ ဘွန်ချီယာက သူ့ညီမလည်း သေပြီလို့ ထင်ခဲ့ပါတယ်။

"ကျွန်မအမျိုးထဲမှာ ပိုပေါ့သတ်လို့ သေတာ ၁၃ ယောက် ရှိတယ်။ သူလည်း သေပြီလို့ ကျွန်မ ထင်ခဲ့တာ။ ဒါတွေက ကြာလှပြီလေ" လို့ ဘွန်ချီယာက ဆိုပါတယ်။

ဗီဒီယို ပုံစာ, ခမာနီ ပါးကွက်ဟောင်းရဲ့ ဝန်ခံချက်

အခုတော့ ညီအစ်မနှစ်ယောက် မဆုံဖြစ်ခဲ့သမျှ အတိုးချပြီး ပျော်နေကြပါတယ်။ ဒီအပတ်ထဲမှာ ဖနွမ်ပင် မြို့တော်ကိုလည်း သူတို့ အတူတူသွားကြပါတယ်။

"ကျွန်မတို့ သူ့အကြောင်း ပြောဖြစ်ကြပေမယ့် ပြန်တွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်မိဘူး" လို့လည်း ဘွန်ချီယာက ပြောပါတယ်။

ဗီဒီယို ပုံစာ, လူသတ်ကွင်းက လွတ်ခဲ့သူ