ကမ္ဘောဒီးယားမှာ ခမာနီကိုတိုက်ထုတ်တာ အနှစ် ၄ဝ ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ခမာနီ အုပ်စိုးမှုကို လူသန်းချီ သတ်ဖြတ်ခံရတဲ့ကာလအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှာ အမှတ်ရနေကြဆဲပါ။
ခမာနီ လေးနှစ်တာ အုပ်စိုးမှုကို ဗီယက်နမ်တပ်တွေ တိုက်ခိုက်မှုနဲ့ ပြန်လည် လွတ်မြောက်တဲ့နေ့ အဖြစ် ဇန်နဝါရီလ ၇ ရက်နေ့က ဖနွမ်ပင် မြို့တော်မှာ လူသောင်းချီ တက်ရောက် ကျင်းပခဲ့ကြပါတယ်။
ဒီနေ့ကို နိုင်ငံရဲ့ ဒုတိယမွေးနေ့ ဆိုပြီး သက်တမ်းရှည် ဝန်ကြီးချုပ် ဟွန်ဆန်က ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ခမာနီခေတ်မှာ လူနှစ်သန်းကျော် ငတ်မွတ်မှု၊ အလုပ်ကြမ်း စေခိုင်းမှုနဲ့ ညှဉ်းပန်း သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။
၁၉၇၉ မှာ ခမာနီကေဒါဟောင်း ဖြစ်တဲ့ ဟွန်ဆန်က ဗီယက်နမ်တပ်တွေကို ခေါင်းဆောင်ပြီး မြို့တော်ကို သိမ်းပိုက်ခဲ့တာကြောင့် အဲဒီခေတ် အဆုံးသတ်သွားခဲ့တာပါ။
ဒါကြောင် ဖနွမ်ပင်ရဲ့ အိုလံပစ် ကစားကွင်းကြီးမှာ ရိုးရာ အကအခုန်တွေနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KITH SEREY
ခမာနီကို တိုက်ထုတ်ချိန်က နိုင်ငံတချို့က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အကြောင်းပြပြီး သူတို့ကို ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ် လို့လည်း ဆိုပါတယ်။
အဲဒီအချိန် တရုတ်နဲ့ အမေရိကန် ထောက်ခံမှု ရထားတဲ့ ခမာနီတွေက ကုလသမဂ္ဂမှာ ဆက်ပြီး နေရာယူထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗီယက်နမ်နဲ့ ဆိုဗီယက်အကူအညီယူပြီး ခမာနီတွေကို တိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွက် ဗီယက်နမ်ကို ကျေးဇူးတင်ကြောင်း ဟွန်ဆန်က ပြောပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို အုပ်ချုပ်နေတာ ၃၃ နှစ် ရှိပြီ ဖြစ်ပြီး ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် တယောက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KITH SEREY
သူ့လက်ထက်မှာ သတင်းသမားတွေ၊ လူ့အခွင့်အရေး တောင်းဆိုသူတွေနဲ့ အတိုက်အခံတွေကို ဖမ်းဆီး နှိပ်ကွပ်တာတွေ၊ အကျင့်ပျက် ခြစားမှုတွေ ရှိနေတယ် ဆိုပြီး ဝေဖန်ခံနေရပါတယ်။
နောက်ပြီး ဒီနှစ်ပိုင်းအတွင်း ဆည်မြောင်းနဲ့ အခြေခံ အဆောက်အအုံတွေအတွက် ငွေထုတ်ချေးပေးတဲ့ တရုတ်အစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရတို့ နီးစပ်မှု ပိုရှိလာခဲ့ပါတယ်။
မနှစ် ဇူလိုင်လက ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ဟွန်ဆန်ရဲ့ ပါတီ အနိုင်ရခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင်ကို ထောင်ချခဲ့ပြီးနောက် ကမ္ဘောဒီးယားမှာ တပါတီ နိုင်ငံစနစ် ဖြစ်သွားခဲ့ပါတယ်။
အစွန်းရောက် နိုင်ငံရေး အတိုက်အခံတွေနဲ့ သူတို့နောက်က ပြည်ပ သြဇာတွေကို လက်မခံဘူးလို့ ဟွန်ဆန်က ခမာနီကို တိုက်ထုတ်တာ နှစ် ၄ဝ ပြည့်တဲ့ပွဲမှာ မိန့်ခွန်းပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KITH SEREY

ဓာတ်ပုံ ရင်းမြစ်, Reuters









