တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ သံရုံးတွေအပါအဝင် ပြည်တွင်း/ပြည်ပလှုပ်ရှားမှုတွေနဲ့ ဆုတောင်းပေးကြ

ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂ အပါအဝင် ရန်ကုန်အခြေစိုက် သံရုံးတွေက ထုတ်ပြန်ချက်တွေနဲ့ ဆုတောင်းပေးကြတဲ့သတင်းအပါအဝင် ဇွန်လ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ၈၁ နှစ်ပြည့်မွေးနေ့ရက်မှာ ရန်ကုန်သံရုံးတချို့ တောင်းဆို
  • လန်ဒန်ကမြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြရေး ၂၄ နာရီအစာငတ်ခံဆန္ဒပြနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းပြသရေး လန်ဒန်က မြန်မာသံရုံးရှေ့မှာ အစာအငတ်ခံဆန္ဒပြတောင်းဆို

    လန်ဒန်က မြန်မာသံရုံးရှေ့မှာ ၂၄ နာရီ အစာငတ်ခံဆန္ဒပြနေကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Hanna Suzan

    ဓာတ်ပုံ ပုံစာ, လန်ဒန်က မြန်မာသံရုံးရှေ့မှာ ၂၄ နာရီ အစာငတ်ခံဆန္ဒပြနေကြသူတွေ

    ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးတာကို သက်သေပြဖို့အတွက် လန်ဒန်က မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတချို့ ၂၄ နာရီအစာငတ်ခံဆန္ဒပြလှုပ်ရှားမှုလုပ်နေကြပါတယ်။

    ဇွန် ၁၈ ရက် ညနေ ၃ နာရီကနေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက် ညနေ ၃ နာရီ အထိ ဆန္ဒပြနေကြတာပါ။

    “အမေစုရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ ကိုထိန်လင်းရဲ့ Proof of Life ကမ်ပိန်းကို ထောက်ခံတဲ့ အနေနဲ့ရော အမေစုကိုမတွေ့ရသေးတာကို ဝမ်းနည်းတဲ့အနေနဲ့ရော လုပ်ဖြစ်တာပါ။ သံရုံးဘက်ကတော့ ဘာမှတုံ့ပြန်သေးပါဘူး” လို့ အစာငတ်ခံဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့ လန်ဒန်အချိန် နေ့လယ် ၁၂ နာရီခွဲမှာလည်း ပါလီမန်အဆောက်အဦကိုသွားပြီး Proof of Life တောင်းဆိုချက်တွေကို တောင်းဆိုသွားမယ်လို့ Free Daw Aung San Suu Kyi နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

    မြန်မာသံရုံးရှေ့က အစာငတ်ခံဆန္ဒပြပွဲနဲ့ ပါလီမန်တွင်းလှုပ်ရှားမှုက တောင်းဆိုချက်တွေကိုလည်း ဇွန် ၂၄ ရက်မှာ ဒီလှုပ်ရှားမှုကိုဦးဆောင်သူတွေက ဗြိတိန်ဝန်ကြီးချုပ်ရုံးကို သွားရောက်ပေးပို့မယ်လို့ ပြီးခဲ့တဲ့ ဇွန်၇ ရက်က ထုတ်ပြန်ထားပါတယ်။

    နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၃၀ ရက်(ကဆုန်လပြည့်နေ့) လွတ်ငြိမ်းချမ်းသာပေးသူတွေနဲ့အတူ နေအိမ်အကျယ်ချုပ်ကို ရွှေ့ပြောင်းတယ်လို့ ဓာတ်ပုံတစ်ပုံနဲ့အတူ ထုတ်ပြန်ထားပြီး ထပ်မံ‌ပြောဆိုတာ မရှိသေးပါဘူး။

    ၂၀၂၁ စစ်အာဏာသိမ်းမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူစွပ်စွဲခံရတဲ့အမှုတွေအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်ကုန်ပိုင်းကစလို့ သူ့ရဲ့ရှေ့နေ၊ မိသားစုတွေနဲ့အတူ တွေ့ဆုံခွင့်မရရှိ‌တော့ပါဘူး။

    ဒါကြောင့် နေပြည်တော်မှာ ထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက တောင်းဆိုနေသလို သားအငယ်ဖြစ်တဲ့ ကင်မ်အဲရစ်ကလည်း သူ့မိခင်ကို မိသားစုနဲ့အဆက်အသွယ် ပြုလုပ်ခွင့်ပေးဖို့နဲ့ မိခင် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို သက်သေပြဖို့ တောင်းဆိုနေပါတယ်။

  2. ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲ

    ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့တောင်းဆိုနေကြ
    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့တောင်းဆိုနေကြ

    ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နေပြည်တော်ရဲ့ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့တာပါ။

    ဒီအကြောင်းကို တရားဝင်သိတဲ့ နေပြည်တော်က လက်တဆုပ်စာ တာဝန်ရှိသူတွေကလည်း ဖွင့်ပြောဖို့ငြင်းဆန်ကြသလို အရဲစွန့်ဖွင့်ပြောကြတဲ့သူတွေဆီကလည်း ကွဲပြားတဲ့ တည်နေရာတွေကို ကြားကြရစမြဲပါ။

    နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ် အကြောင်း ဒီဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  3. ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ သံရုံးတွေအပါအဝင် ပြည်တွင်း/ပြည်ပလှုပ်ရှားမှုတွေနဲ့ ဆုတောင်းပေးကြ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂနဲ့ ရန်ကုန်အခြေစိုက်ယူကေသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကပုံတွေ

    ဓာတ်ပုံ ရင်းမြစ်, EU in Myanmar, UK in Myanmar

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂနဲ့ ရန်ကုန်အခြေစိုက်ယူကေသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကပုံတွေ

    ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂ အပါအဝင် ရန်ကုန်အခြေစိုက် ယူကေ၊ ကနေဒါ၊ ဆွစ်ဇာလန်၊သြစတေးလျနဲ့ ပြင်သစ်သံရုံးတွေက ထုတ်ပြန်ချက်တွေနဲ့ ဆုတောင်းပေးကြတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ကို ပုံဖော်တဲ့ ဓာတ်ပုံ၊ နှင်းဆီလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သရုပ်ဖော်မှုတွေကို ထည့်သွင်းဖော်ပြတာ တွေ့ရပါတယ်။

    ကနေဒါသံရုံးက မွေးနေ့ရက်မှာ မိသားစုနဲ့ မြန်မာလူမျိုးတွေရဲ့အဝေးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့တောင်းဆိုချက်ကို သူ့ရဲ့ ၈၁ နှစ်မွေးနေ့မှာ ပြန်လည်အသက်သွင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဆေးကုသခွင့်ရဖို့၊ နိုင်ငံရေးအကျဥ်းသားအားလုံးလွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။

    ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားတဲ့အကျဥ်းသားအားလုံး လွတ်မြောက်ရေးကို ထည့်သွင်း တောင်းဆိုထားပါတယ်။

    ဒီနေ့မှာ အသက် ၈၁ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ လှုပ်ရှားမှုတွေကို သားဖြစ်သူ ကင်မ်အဲရစ်အပါအဝင် သပိတ်အင်အားစုတွေ၊ ပြည်တွင်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေက နှင်းဆီလှုပ်ရှားမှုနဲ့ တွဲလျက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

    ဒီမနက်ပိုင်းမှာလည်း မြန်မာလူထုအသုံးများတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆုတောင်းစကားတွေကို မြန်မာနိုင်ငံသားအများအပြားက ရေးသားဖြန့်ဝေထားကြပါတယ်။ အစောပိုင်းရက်တွေကတည်းက ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတို့မှာ ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်တာ၊ နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မွေးနေ့ ဆုတောင်းပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

    ဒါဟာ သားအငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက မိခင်ရဲ့ အသက် ၈၁ နှစ်ဆိုတဲ့ ကိန်းဂဏန်းကို အစွဲပြုပြီး ကိုယ့်အတွက်အမှတ်တရဖြစ်မယ့်လှုပ်ရှားမှုတွေလုပ်ကာ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့တိုက်တွန်းတဲ့ “Proof Of life” အစီအစဉ် ပါဝင်ပေးဖို့ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြောပြီးနောက် လှုပ်ရှားမှုတွေရှိလာတာပါ။

  4. မင်္ဂလာပါ။ ဇွန်လ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။