ဒူးရင်းသီးလာခိုးသူကို ဒူးရင်းခြံရှင်ပစ်သတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒူးရင်းသီးလာခိုးတဲ့လူတယောက်ကို ပစ်သတ်ခဲ့တဲ့ ထိုင်းနိုင်ငံက ဒူးရင်းသီးခြံပိုင်ရှင်တယောက်ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
ဒူးရင်းသီးခြံပိုင်ရှင် ဆခရွန် ဆူတာရတ် သူ့ဒူးရင်းခြံမှာ ဒူးရင်းသီးခူးနေစဉ် လက်နက်ကိုင် လူတစု ခြံထဲဝင်လာလို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး လက်နက်ကိုင် တယောက် သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ထိုင်းရဲတွေ ပြောပါတယ်။
မကြာသေးခင် ရက်ပိုင်းတွေက သူ့ဒူးရင်းသီးတွေ အခိုးခံနေရတာလို့လည်း ဆခရွန် ဆူတာရတ်က ရဲကိုပြောပါတယ်။
ဒူးရင်းသီးခြံပိုင်ရှင် လူသတ်မှုနဲ့အရေးယူခံရပြီး သေဆုံးတဲ့လူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာ ဖော်ထုတ်နိုင်ဖို့ ရဲကကြိုးစားနေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာရှိတဲ့ ဒူးရင်းခြံကပစ်ခတ်မှုဟာ ဇူလိုင်လ ၂၅ ရက်ညပိုင်းနဲ့ ၂၆ ရက် မနက်ပိုင်း အတောအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ရဲကခန့်မှန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အာရှဒေသကနိုင်ငံတချို့မှာ အသီးတွေရဲ့ဘုရင်လို့ လူသိများတဲ့ အနံ့ပြင်းတဲ့ဒူးရင်းသီးဟာ ထိုင်းနိုင်ငံမှာ ဈေးကြီးပေးဝယ်ရပါတယ်။




