
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်ကို ဇွန်လ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်အမေရိကန်အပါအဝင် နိုင်ငံ ၃ နိုင်ငံမှာ ဇွန်လ ၁၁ ရက်ကစပြီး ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel က ရရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကနေ ကြေညာလိုက်ပါတယ်။
Mytel ကုမ္ပဏီဟာ မြန်မာ နဲ့ ဗီယက်နမ်စစ်တပ် ၂ ခုက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၂၅ ခုနှစ်ကတည်းက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ရုပ်သံထုတ်လွှင့်ချက်ရပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ရဲ့စာရင်းမှာ မပါလာသေးပါဘူး။
မြန်မာ စစ်တပ်ပိုင် မိုင်တဲကုမ္ပဏီနဲ့ ဖီဖာတို့ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသခွင့်ကို ငွေကြေးဘယ်လောက်တဲ့ သဘောတူညီချက်ရရှိတယ်ဆိုတာမျိုး နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်ပါဘူး။
ဒါပေမဲ့ ထိုင်းနိုင်ငံအတွက် ပြသခွင့်ကို ဖီဖာက အမေရိကန်ဒေါ်လာ သန်း ၄၀ သတ်မှတ်ထားပြီး ပြသလိုတဲ့ကုမ္ပဏီက ဒီပမာဏဟာ ဖီဖာက ဗီယက်နမ်ကို ပြသခွင့်ပေးတဲ့နှုန်းထက် ပိုများနေတာကြောင့် ဒေါ်လာ ၁၅ သန်းနဲ့ ပြသခွင့်ရဖို့ ညှိနှိုင်းနေတာဖြစ်ပါတယ်။
မြန်မာမှာတော့ ကမ္ဘာ့ဖလားပွဲတွေကို Mytel ပိုင်တဲ့ 360 App အက်ပလီကေးရှင်းကနေ ပြသမှာဖြစ်ပါတယ်။
ဒါကြောင့် ရုပ်သံလိုင်းတွေက ပြသမယ်ဆိုရင် အဲဒီ အပ်ပလီကေးရှင်းကနေ တဆင့် ငွေကြေးနဲ့ပြန်လည်ဝယ်ယူထုတ်လွှင့်ရမယ်လို့နားလည်ကြောင်း ဘောလုံးပွဲ အစီအစဥ်တင်ဆက်သူတွေက ပြောပါတယ်။
ကမ္ဘာ့ဖလားပြသခွင့်ရတဲ့အပ်ပလီကေးရှင်းကတော့သူတို့ ခွင့်ပြုချက် မရှိပဲ ကမ္ဘာဖလားပွဲစဥ်တွေကို ကူးယူတာ ဖြန့်ဝေတာ တိုက်ရိုက်ထုတ်လွှင့်မှုကိုပွားပြီး ပြသတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
တဆက်တည်း ပွဲစဥ်ဗီဒီယိုတွေကို screen record ဖမ်းယူပြီး ဆိုရှယ်မီဒီယာမှာ ပြန်တင်တာတွေမျိုးကိုပါ ပိတ်ပင်ထားပါတယ်။
အရင် စလောင်းတွေခတ်တုန်းက ကမ္ဘာ့ဖလားပွဲစဥ်တွေကို ရှစ်ပေစလောင်းကြီးတွေနဲ့ ဖမ်းယူပြသတာကို လဘက်ရည်ဆိုင်တွေမှာ ဘယ်သူမဆို လွတ်လပ်စွာ ကြည့်နိုင်ခဲ့ပါတယ်။
မြန်မာဘောလုံးပရိသတ်တွေကတော့ ကမ္ဘာ့ဖလားကို အရင်လို လွတ်လပ်စွာ ကြည့်ခွင့်ရဖို့ လိုလားကြပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်တခုမှာ ကမ္ဘာဖလားပွဲကို အယုတ်အလတ်အမြတ်မရွေး ပိုက်ဆံမပေးရဘဲ ကြည့်ခွင့်ရဖို့လိုတယ်လို့ ဝါရင့်အားကစားကလောင်ရှင် N ကြယ်မင်းက ပြောပါတယ်။
360 App ကနေ ပြသမယ့် ကမ္ဘာဖလားပွဲစဥ်တွေကို မိုင်တဲဒေတာ၊ မိုင်တဲဝိုင်ဖိုင်တို့နဲ့သာ ကြည့်ရှုလို့ရမယ်လို့ မိုင်တဲကောလ်စင်တာက ဘီဘီစီကို ပြောပါတယ်။
ဒါက မိုင်တဲအင်တာနက် မရတဲ့နေရာမှာ ကမ္ဘာဖလားကြည့်လို့ မရတဲ့သဘောဖြစ်နေတယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ဘောလုံးဝါသနာရှင်အချို့က ပြောပါတယ်။
မြန်မာလိုနိုင်ငံမျိုးမှာ App တခုကနေ ကနေ ဘောလုံး ပွဲကြည့်ဖို့ဆိုတာ နည်းပညာနဲ့ မရင်းနှီးသူတွေအတွက် လွယ်ကူမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဒါကြောင့် 360 App ကနေ ကမ္ဘာဖလားကို ကြည့်ရမှာက အကန့်အသတ်ရှိနေတယ်လို့ ဘောလုံးဝါသနာရှင်တဦးက ပြောပါတယ်။
360 App ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေပြသခွင့်နဲ့တွေပတ်သက်ပြီး မှတ်ချက်တစ်စုံတရာရဖို့ သူ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Mytel ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီးဖြစ်ပေမဲ့ အကြောင်းပြန်ကြားမှု မရသေးပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလားကို ပထမဆုံးအနေနဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုစတဲ့ နိုင်ငံကြီး ၃ နိုင်ငံက ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။