ထိုင်း ဒူးရင်းသီး၊ ပန်းသီးတွေ မြန်မာဖက် တင်ပို့

thai apple to burma
ဓာတ်ပုံ ပုံစာ, ထိုင်းပန်းသီး ၊ ဒူးရင်းသီးနဲ့ တခြားသီးနှံတွေ မြန်မာဖက် အများအပြား တင်ပို့လာနေ
ရေးသားခဲ့သည်။

အခုရက်ပိုင်းမှာ ပြည်တွင်း ဈေးကွက်တွေမှာ အရောင်းအဝယ် အတော်ကျနေလို့ မဲဆောက် ၊ မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ လူအများသုံး ပစ္စည်းတွေ အတော်အဝင် နည်းသွားတယ်လို့ ကုန်သွယ်တွေက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ဝင်ငွေကောင်းတဲ့ သူတွေပဲ စားနိုင်တဲ့ အသီးအနှံ တွေနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကိုတော့ အများနဲ့ တင်သွင်းနေပြီး အထူးသဖြင့် ဒူးရင်းသီး ၊ ပန်းသီးနဲ့ အခြား အသီးအနှံတွေ တင်ဆောင်ထားတဲ့ ကားတွေဟာ ပုံမှန်ထက်ကို အများအပြား မြန်မာပြည်ဖက်ကို သွင်းလာနေတာ တွေ့ရတယ်လို့ ကုန်သည်တယောက်က ရှင်းပြခဲ့ပါတယ်။

ဦးပိုင် လီမိတက်ပိုင်တဲ့ ဂျပန်က မှန်လုံကားတွေ ၊ နှစ်စီးတွဲ ယာဉ်တွေ ၊ မြေသယ်ကားတွေ ၊ ဒီဇယ် ၊ ဓါတ်ဆီနဲ့ ဘိလပ်မြေကားတွေ စားသောက်ကုန် ပစ္စည်းတွေ သွင်းလာတာကို တွေ့ရတယ်လို့ ကုန်သည်တွေက ပြန်ပြောပြခဲ့ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ရှပ်နီဝတ်တွေက ဆန္ဒပြနေတဲ့ အတွက် ကုန်သွယ်ရေး လုပ်ငန်းကို ထိခိုက်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံကို ပြန်ပြီး တင်ပို့လာတဲ့ မြန်မာ ကုန်ပစ္စည်းတွေကို ထိုင်းဖက်မှာ အဝယ်မရှိ သလောက် ဖြစ်နေတယ်လို့ ကုန်သည်က ဆိုပါတယ်။

myanmar economic holding
ဓာတ်ပုံ ပုံစာ, မြန်မာ ဦးပိုင်လီမိတက် ပိုင်တဲ့ ဂျပန်ကျကားတွေ ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲ အလုံးအရင်း ဝင်နေ

မြန်မာဖက်ကနေ ထိုင်းနိုင်ငံကို တင်ပို့လာတဲ့ ပစ္စည်းတွေကတော့ ဆန် ၊ ကြက်သွန် ၊ ကြံသကာ ၊ မြေပဲ စတာတွေ ဖြစ်ပြီး ထိုင်းနိုင်ငံက အဝယ်အားကျဆင်း သွားတာကြောင့် တင်ပို့တဲ့ အရေအတွက် အားဖြင့် နည်းသွားတယ်လို့ ကူးသန်းရောင်းဝယ် နေသူတွေက ဆိုပါတယ်။

မြန်မာရွေ့ပြောင်း အလုပ်သမား ဈေးကွက် အတွက် ထိုင်းနိုင်ငံကို တင်ပို့လာတာ တွေကတော့ လဘက်ထုပ် ၊ မုန့်ဟင်းခါးထုပ် ၊ ဒံပေါက်ထုပ် ၊ အသားဗူး ၊ ခေါက်ဆွဲခြောက် ၊ ပေါ်ဆန်းမွှေးဆန် ၊ ကိတ်မုန့်ခြောက် ၊ ယိုစုံတွေနဲ့ သရက်သီးခြောက် ၊ မရမ်းသီးခြောက် ၊ ပုန်းရည်ကြီး စတာတွေ ဖြစ်ပါတယ်။

တခြား လူသုံးကုန် တွေကတော့ တိုက်ပုံ အင်္ကျီ ၊ ပုဆိုး ၊ ထမီ ၊ ဈေးပေါတဲ့ မြန်မာနိုင်ငံချုပ် အမျိုးသား ၊ အမျိုးသမီး အဝတ်အထည် တွေနဲ့ တိုင်းရင်းဆေးဝါး မျိုးစုံ ဖြစ်ပါတယ်။

ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၁ရ၀၅၀ နှုန်းဖြစ်နေပါတယ်။

မြန်မာငွေဈေးကတော့ ဒီသတင်းပေးပို့ချိန် ထိုင်းမြန်မာ နယ်စပ် မဲဆောက် မြဝတီ ဈေးကွက်မှာ ကျပ်တရာကို ထိုင်းဘတ် ၃ဘတ် ၂၁ပြားခွဲနှုန်း ဈေးပေါက်နေပါတယ်။