ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရပြီး အလောင်း ၃ လောင်းတွေ့၊ လျှော်ဖြူရွာမှာ တစ်ယောက်အသတ်ခံရ, အရပ်သား ၁၀ ယောက် အဖမ်းခံထားရ
စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်က ကိုင်းကံရွာက အိမ်ခြေ ၂၀၀ ကျော်နဲ့ ရွာလုံးကျွတ်နီးပါး ၊ လျှော်ဖြူရွာက အိမ် ၂ အိမ်ကို ဒီနေ့ ဩဂုတ် ၆ ရက်မှာ စစ်ကောင်စီတပ်တွေက မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှော်ဖြူရွာက အရပ်သားတစ်ယောက်အသတ်ခံရပြီး ၁၀ ယောက်ကို ဖမ်းဆီးသွားသလို ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ကိုင်းကံရွာမှာလည်း ရုပ်အလောင်း ၃ လောင်း ရှာတွေ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက် မနက် ၁၀ နာရီလောက်က ရဟတ်ယာဉ် ၂ စီးနဲ့ စစ်ကောင်စီတပ်အင်အား ၄၀ ဝန်းကျင်လောက် ချထားခဲ့သလို ၊ တိုက်လေယာဉ်နှစ်စီးနဲ့ လည်းကျေးရွာပတ်ဝန်းကျင်တွေကို ပစ်ခတ်ခဲ့တဲ့အကြောင်း၊ ထွက်မပြေးနိုင်တဲ့ ကိုင်းကံရွာက အရပ်သား ၈၀ လောက်ကို ဖမ်းဆီးထားပြီး ရွာမှာ တပ်စွဲထားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဩဂုတ် ၆ ရက် မနက်မှာ ဖမ်းဆီးထားသူတစ်ချို့ကို ပြန်လွှတ်ပြီး ရွား ပတ်ဝန်းကျင်ကို ပစ်ခတ်ပြီးနောက် စစ်ကြောင်းပြန်ထွက်သွားခဲ့ပါတယ်။
အဖမ်းခံထားရသူတွေထဲက တချို့ကို ပြန်ရှာလို့မတွေ့သေးတာကြောင့် စစ်ကြောင်းနဲ့အတူ အဖမ်းခံထားရတယ်လို့ ယူဆတဲ့အကြောင်း ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့ မနက်ပိုင်းက ထွက်သွားတယ်။ အခြေအနေကြည့်ပြီး အခု နေ့ လယ် ၃ နာရီခွဲလောက်မှ မီးဝင်ငြှိမ်းတာ၊ အခုထိမငြိမ်းသေးဘူးဗျ။ တစ်ရွာလုံး အနိဌာရုံပဲဗျာ။ အသတ်ခံထားရတဲ့ အလောင်း ၃ လောင်းမှာလည်း ထိုးသွင်းဒဏ်ရာတွေ၊ မျက်နှာယောင်ကိုင်းနေတာတွေ၊ နားထဲကို ထိုးသွင်းထားတာတွေနဲ့ ပစ်ခတ်ဒဏ်ရာတွေတွေ့တယ်။ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အကြောင်းမဲ့သပ်သပ် ဝေဟင်ရော ၊ မြေပြင်ရော ကြားညပ်တိုက်တာ”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ကိုင်းကံရွာကနေ မနက် ၆ နာရီလောက်က ထွက်သွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ အနားက လျှော်ဖြူကျေးရွာကို မနက် ၈ နာရီမှာ ဝင်ရောက်ပြီး မီးရှို့ကာ အရပ်သားတစ်ယောက်ကိုသတ်ပြီး ၁၀ ယောက်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဖမ်းခံထားရသူတွေထဲမှာ ကိုင်းကံရွာက ၂ ယောက်၊ မကျည်းအုပ်ရွာက ၁ ယောက်၊ လျှော်ဖြူရွာက ၇ ယောက်ဖြစ်တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။