ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော

မြန်မာ-ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ချိန် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်ဆိုပြီး အေအေဘက်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကလေးမြို့တောင်ပိုင်းတိုက်ပွဲမှာ နှစ်ဖက် အကျအဆုံးရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပြော

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ မနေ့ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ခဲ့တဲ့ ထိတွေ့ တိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိတယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။

    ထိတွေ့တိုက်ပွဲဟာ ကလေးမြို့တောင်ပိုင်းက ဟဲလုပ်ကျေးရွာမှာ မနေ့ နေ့လယ် ပိုင်းမှာဖြစ်ခဲ့တာပါ။

    အဲဒီမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးတယ်လို့ဆိုပါတယ်။

    ''ပြီးခဲ့တဲ့ရက်ပိုင်းမှာ နတ်မြောင်းမှာ စခန်းချတဲ့ စစ်ကောင်စီတပ်သား ၂၀၀ နီးပါးက မနေ့က တောင်ပိုင်းကို ခရီးဆက်တယ်။ ၇၀ လောက်က က‌လေးမြို့ဘက်ကို ထွက်သွားတယ်။ ကျန်တဲ့အဖွဲ့တွေက ဟဲလုပ်ရွာဘက်ကို ဆက်လာချိန် ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ'' လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

    ကျေးရွာတွေနားမှာ တိုက်ပွဲဖြစ်တဲ့အခါ စစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်ဖျက်ဆီးတာမျိုးရှိခဲ့ပေမဲ့ ဟဲလုပ်ရွာဟာ ကြံ့ခိုင်ရေးအမာခံရွာဖြစ်တာကြောင့် တိုက်ပွဲအပြီး ထိခိုက်ပျက်စီးမှု အနည်းအကျဥ်းသာရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    အခုတော့ အင်အား ၁၀၀ ကျော်တဲ့ စစ်ကောင်စီတပ်ဟာ ာ ဟဲလုပ်ရွာကနေ ထွက်သွားပြီး ရဲစခန်းရှိရာ သံဖိုရွာဘက်ကို ဦးတည်သွားနေတယ်လို့ သိရပါတယ်။

    ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းတုန်းကဆိုရင် စစ်ကောင်စီက ရဟတ်ယာဥ်သုံးပြီး တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

  2. ဗကသ ကျောင်းသားဟောင်း ကိုဂျိမ်းစ် ခေါ်လင်းထက်နိုင် ဖမ်းဆီးခံထားရပြီး မိသားစုနဲ့အဆက်အသွယ်ပြတ်နေ

    ဗကသ ကျောင်းသားဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ဇွန်လ ၁၈ ရက်မှာ ရန်ကုန်မြို့တစ်နေရာမှာ ဖမ်းဆီးခံလိုက်ရပြီး သူနဲ့အတူ အသက် ၂ နှစ်၀န်းအရွယ် သားအငယ်ဖြစ်သူလည်း ပါသွားတယ်လို့မိသားစုနဲ့နီးစပ်သူတွေထံက ဘီဘီစီက သိရပါတယ်။

    အခုအခါမှာတော့ကလေးဖြစ်သူက မိသားစုထံပြန်လည်ရောက်ရှိလာပြီဖြစ်ပေမဲ့ ကိုလင်းထက်နိုင်ကတော့ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာမသိရသေးဘူးလို့ဆိုပါတယ်။

    ကိုလင်းထက်နိုင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါ၀င်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ပံတန်းပညာရေးသပိတ်မှာ ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။ ၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်ကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက အင်အားသုံးနှိမ်နင်းဖမ်းဆီးစဥ်မှာ လွတ်‌‌မြောက်ခဲ့ပေမဲ့ မြို့နယ်တချို့မှာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး နောက်ပိုင်းမှာ လ၀က ဥပ‌ဒေနဲ့နောက်ပိုင်းမှာ ထပ်မံ တရားစွဲခံ ခဲ့ရပါတယ်။

    ဒီနောက် ၂၀၂၀ မှာ သူ့ကို လ၀က ပုဒ်မနဲ့ထောင် ၆ လချမှတ်ခဲ့ပါတယ်။ လက်ရှိမှာ ကိုလင်းထက်နိုင်ကို ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ထားတယ်လို့နီးစပ်သူတွေထံက သိရပါတယ်။

  3. ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ သတင်းထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဇွန် ၂၂ ရက် မွန်းလွဲပိုင်းမှာ လက်ရှိထိန်းသိမ်းခံထားရတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနဘက်ကို ဆက်သွယ်မေးကြည့်တဲ့အခါ မသိရှိကြောင်း ပြောကြားပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ထံလည်း ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

    မနက်ဖြန် ဇွန် ၂၃ ရက်မှာ နိုင်ငံတော် လျှို့ဝှက်အက်နဲ့ စွဲချက်တင်ခံထားရတဲ့အမှုရုံးချိန်းကို နေပြည်တော်အချုပ်ထောင်တွင်းအထူးတရားရုံးသစ်မှာ ရုံးထုတ်စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။နေပြည်တော်အချုပ်ထောင်တွင်းမှာ သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထားရှိဖို့ လို့ ယူဆရတဲ့ အဆောက်အဦသစ် နှစ်လုံးတည်ဆောက်တာရှိတယ်လို့သိထားရကြောင်းနီးစပ်သူတွေက ဘီဘီစီကို လွန်ခဲ့တဲ့ လပိုင်းတွေက ပြောကြားထားတာရှိပါတယ်။

    အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာပဲ အချုပ်ထောင်ကို ပြောင်းရွှေ့စေတာ ဖြစ်တယ်လို့လည်းနီးစပ်သူတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံထားရပြီး ပုဒ်မပေါင်းတစ်ဒါဇင်ကျော်နဲ့ တရားစွဲဆိုခံထားရသလို ထောင် ၁၁ နှစ်လည်း ချမှတ်ခံထားရပါတယ်။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်၀ါရီလတည်းက မြနန်းဘုံသာလမ်းကနေအိမ်မှာဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပြီး ၂၀၂၁ ဧပြီ ၂၃ မှာတော့ အဲဒီနေအိမ်ကနေ နှစ်ရက်အတွင်း စစ်တပ်က ဖယ်ရှားစေခဲ့ပါတယ်။

    လက်ရှိ နေပြည်တော်တစ်နေရာမှာ ထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်မှာ ထိုက်ချီဒိုအပါအ၀င် အတူနေသူ ၈ ဦးရှိပြီး အခုလိုအကျဥ်းထောင်ဘက်ရွှေ့ပြောင်းလိုက်တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဘယ်သူတွေ အတူလိုက်ပါနေထိုင်ခွင့်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်စောင့်ရှောက်ခွင့် စတာတွေအတွက် စိုးရိမ်ပူပန်တဲ့မေးခွန်းတွေ လူထုကြားထွက်ပေါ်နေပါတယ်။ နေပြည်တော်အချုပ်ထောင်ဟာ ဇဗ္ဗူသီရိမြို့နယ်မှာတည်ရှိပြီး နေပြည်တော်မြို့တွင်းကနေ ကားနဲ့ဆိုရင် မိနစ် ၂၀ ခန့် သွားရောက်ရတယ်လို့ သိရပါတယ်။

  4. သားသမီးသေဆုံးတာ အွန်လိုင်းပေါ်က သိရတဲ့ မိဘတွေ ဖြေသိမ့်လို့မရ

  5. အာဏာသိမ်းကာလအတွင်း စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေအပါအဝင် သေဆုံးသူ ပြည်သူ ၂၀၀၀ အထိရှိပြီလို့ AAPP ထုတ်ပြန်

    စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေနဲ့ အရပ်သားပြည်သူ သေဆုံးမှု အယောက် ၂၀၀၀ အထိရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကထုတ်ပြန်လာပါတယ်။

    ဒီအရေအတွက်တွေဟာဆိုရင် AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ သပိတ်စစ်ကြောင်းတွေ ပေါ်ပေါက်လာပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ နေပြည်တော်က ဆန္ဒပြပွဲတစ်ခုမှာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စတင်ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တာပါ။

    နောက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်လာပြီး ဒေသတချို့မှာတော့ လူဆယ်ချီအစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကြားမှာ သေဆုံးခဲ့တဲ့အကြောင်းကိုလည်း ကာယကံရှင်တွေရဲ့ပြောကြားချက်တွေနဲ့ ဘီဘီစီက သတင်းမှတ်တမ်းတွေထုတ်ခဲ့ပါတယ်

    ။ ဆန္ဒပြပွဲအတွင်း သေဆုံးမှုတွေမှာ အထင်ကရဖြစ်စဥ်တွေအနေနဲ့ ၂၀၂၁ မတ်လထဲမှာ ရန်ကုန်က လှိုင်သာယာနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် လူဆယ်ချီသေဆုံးခဲ့တဲ့ဖြစ်စဥ်တွေဖြစ်ခဲ့တဲ့အကြောင်းကို ကိုယ်တိုင်ကြုံရတဲ့ ကာယကံရှင်တွေက ဘီဘီစီကိုပြောဆိုထားပါတယ်။

    နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပြင် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွင်းမှာ သေနတ်ထိမှန်သေဆုံးရတာတွေ၊ လမ်းမပေါ်မှာပစ်ခတ်ခံရတာတွေ၊ ဖမ်းဆီးသွားပြီးနောက်ပိုင်း သေဆုံးမှုတွေစစ်ကြောရေးကာလအတွင်း သေဆုံးမှုတွေအကြောင်းကို လည်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အာဏာသိမ်းကာလတလျှောက်စာရင်းကောက်ယူမှတ်တမ်းတင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ မနက်ဖန် စစ်ဆေးမယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် ဇွန် ၂၃ ရက်မှာ နေပြည်တော် အချုပ်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်တွင်း ပို့ဆောင်ဖို့ရှိမရှိနဲ့ပတ်သက်လို့တော့ မသိရဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းထံက သိရပါတယ်။

    ဇွန် ၂၃ ရက်မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရှောင်တာနယ်အပါအ၀င် ငါးဦးကိုစွဲချက်တင်ထားတဲ့ နိုင်ငံတော်လျှို့၀ှက်အက်အမှု ရုံးချိန်းရှိတာဖြစ်ပြီးမနက်ဖြန်အဲဒီရုံးချိန်းကိုထောင်တွင်းအထူးတရားရုံးမှာစစ်မယ်လို့အကြောင်းကြားလာတယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကစလို့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူးနဲ့သူနေခဲ့တဲ့ ခြံအမှတ် အေ (၃၃)၊ မြနန်းဘုံသာလမ်း ၊ ဇေယျာသီရိရပ်ကွက် ၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီကနေ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၀ ရက်၀န်းကျင်မှာ ဖယ်ရှားရွှေ့ပြောင်းစေခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်ဆိုတာကို ထုတ်ဖော်ပြောကြားတာ မရှိသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သူ့ကိုနေပြည်တော်ထဲမှာထားတာ သိပေမဲ့ ဘယ်နေရာဆိုတာကို တိတိကျကျမသိပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှု တရားစွဲဆိုထားပြီး အဲဒီထဲက အမှုပေါင်း ၆ မှုနဲ့ စုစုပေါင်း ထောင် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန် အမှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်တရားရင်ဆိုင်နေရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီ၀င်းထဲက ခြံနံပါတ် (၁) အထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်အချုပ်ထောင်တွင်း အဆောက်အဦအသစ် တည်ဆောက်ပြီးသွားပြီဖြစ်လို့ လက်ရှိအထူးတရားရုံးမှာ စစ်ဆေးနေတဲ့အမှုတွေကို နေပြည်တော်အချုပ်ထောင်တွင်းက အထူးတရားရုံးသစ်မှာ စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

    နေပြည်တော်အချုပ်ထောင်ဟာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိခရိုင် တရားရုံးအနီးမှာ တည်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနတာ၀န်ရှိသူကို မေးမြန်းတဲ့အခါ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မသိရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

    နေပြည်တော်အချုပ်ထောင်ဟာ ဇဗ္ဗူသိရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်မှာတည်ရှိပြီး နေပြည်တော်မြို့တွင်းကနေ ကားနဲ့ဆို မိနစ် ၂၀ ခန့် သွားရတဲ့အကွာအဝေးမှာရှိတယ်လို့ သိရပါတယ်။

  7. ခင်ဦး၊ ကံသစ်ရွာအနီးမှာ ဒေသခံ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာ အနောက်ဘက် မူးချောင်းတံတားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ပျူစောထီးအဖွဲ့ဝင်တချို့ကို နယ်မြေခံဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်လာပါတယ်။

    ခင်ဦး-ရေဦးလမ်း၊ မြင်းဒေါင်းကျေးရွာကနေ လမ်းကြေးကောက်ပြီး ခင်ဦးနယ်ထဲကို မြေသယ်ကားနဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေကို ခင်ဦးမြို့နယ်တွင်းက ဒေသကာကွယ်ရေး တပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လည်း ခင်ဦးဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် ရဲမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးသေဆုံးကာ ဒေသခံ PDF တွေဘက်က ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်တွေလည်းသိမ်းဆည်းရမိတယ်လို့ရခဲ့တယ်လို့ Narapati Local Guerrilla Revolution Forceကဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ခင်ဦးနယ်ထဲက စစ်ကောင်စီအဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  8. CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂနဲ့ လွှတ်တော်တွေကို ဦးကျော်မိုးထွန်း တိုက်တွန်း

    ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နဲ့ လက်ဆက် ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မ‌နေ့ ဇွန်လ ၂၁ ရက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ IPU ကြား အပြန်အလှန် အထောက်အကူပြုမှုဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားချိန် ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းလိုက်တာပါ။

    မဲစာရင်း မသမာမှုနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ၊ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေး‌ကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုဖွဲ့စည်းတာ၊ အဲဒီကော်မတီဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ထိတွေ့ဆက်ဆံနေတာ၊ နောက် ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို ပြီးခဲ့တဲ့ ဧပြီလမှာ ကျင်းပချိန် စစ်တပ်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက် ဖမ်းဆီးမှုကြားကနေ လွှတ်တော်အမတ် ၃၀၀ နီးပါးတက်ရောက်ခဲ့တာတွေကိုလည်း သံအမတ်ကြီးက သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

    ဒ့ါကြောင့် မြန်မာ့ ဒီမိုကရေစီနဲ့ တရားမျှတမှုရှိရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ IPU တို့အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံမှုလုပ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းကို မြှင့်တင်ဖို့ တိုက်တွန်းတဲ့အကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။

  9. ဒေါက်တာမျိုးအောင်ကို ထောင် ၁၅ နှစ်နဲ့ ဦးရဲမင်းဦးကို ထောင် ၃ နှစ် စစ်ကောင်စီ ထပ်ချ, ဦးရဲမင်းဦးရဲ့ထောင်ဒဏ် စုစုပေါင်း ၁၈ နှစ် ဖြစ်လာ

    နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော် ဒုတိယမြို့တော်၀န်ဟောင်း ဦးရဲမင်းဦးတို့ကို စစ်ကောင်စီက ဒီနေ့မှာ အဂတိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

    ဒီနေ့ ဇွန် ၂၂ ရက်က ပြုလုပ်တဲ့ နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ဒေါက်တာမျိုးအောင်ကို စွဲဆိုထားတဲ့အဂတိမှု ငါးမှုမှာတစ်မှုကိုသုံးနှစ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ်၊ ဦးရဲမင်းဦးကို အဂတိမှုတစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ဦးရဲမင်းဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့တုန်းကလည်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုစွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ထောင် ၁၅ နှစ်ချမှတ်ခံထားရပြီဖြစ်ပြီး ခုထပ်မံချမှတ်ခံရတဲ့ ထောင် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင် ၁၈ နှစ် ရှိပြီဖြစ်ကာ သီးခြားစီကျခံရမယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။

  10. ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဝမ်ပေါင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဟာ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာတွေအပြင် ဖောင်းကားတောင်ရွာ၊ ဖောင်းကားအလယ်ရွာနဲ့ ဖောင်းကားမြောက်ရွာ၊ ဝါးတန်းရွာတွေကို မနေ့ ဇွန်လ ၂၁ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီလိုဝင်ရောက်ချိန်မှာ စစ်ကောင်စီတပ်ဟာ မိုးကြိုးပြင်မြောက်ကျေးရွာက ဒေသခံ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    စစ်ကောင်စီတပ်က မိုးကြိုးပြင်မြောက်ရွာကို မနေ့ကတည်းက ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် အဲဒီနောက်ပိုင်းမှာ ဆားလင်းကြီးဒေသကာကွယ်ရေးတပ်ဖွဲ့က ဝမ်ပေါင်စီမံကိန်းထဲကို လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ SRA က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနေ့မှာလည်း မိုးကြိုးပြင်မြောက်ရွာထဲမှာ စစ်ကောင်စီတပ် ဆက်ရှိနေသေးတာကြောင့် မီးရှို့ခံရတဲ့နေအိမ် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဓားစာခံ ၂ ဦးအဖြစ် ဖမ်းဆီးခံရသူ ၂ ဦး အသတ်ခံရတယ်ဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲနေသေးတယ်လို့ ဒေသခံတွေက ဘီဘီစီပြောပါတယ်။

    ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လက်ပံတောင်းတောင်ဒေသမှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင် နဲ့ စစ်တပ်ပိုင် မြန်မာဦးပိုင်လုပ်ငန်းတို့ အကျိူးတူပူးပေါင်းကာ ကြေးနီထုတ်လုပ်နေတာဖြစ်ပြီး စစ်ကောင်စီတပ်က လုံခြုံရေးယူထားပေးတာဖြစ်ပါတယ်။

  11. သတင်းပေါက်ကြားပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ ပွင့်ဖြူမှာ PDF ၁၂ ဦးသေဆုံး, ဖမ်းဆီးခံရသူတွေရှိသလို၊ လက်နက်တွေလည်း အသိမ်းခံရ

    မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ထဲက မဲဇလီတံတားအနီးမှာ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်ပိုင်းက လက်နက်တွေသယ်ဆောင်လာတဲ့ ဒေသခံ PDF အဖွဲ့တစ်ခုကို စစ်ကောင်စီတပ်တွေကတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ နယ်မြေခံဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

    မကွေးတိုင်း သရက်၊ ကံမဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ပခုက္ကူ ဒေသဘက်ကနေ လက်နက်တချို့ သယ်ဆောင်လာတာဖြစ်ပြီး သတင်းပေါက်ကြားမှုကြောင့် အခုလို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်တာခံရတာဖြစ်တယ်လို့ ပွင့်ဖြူဒေသကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

    ‘’ သရက်ကံမအဖွဲ့က ပခုက္ကူ၊ မြိုင်၊ ပေါက် အဲ့ဒီဒေသတွေဘက်ကနေလာတာ သတင်းပေါက်ကြားမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေက ပွင့်ဖြူမဲဇလီတံတားကနေ စောင့်နေတာ။ PDF တွေလာတဲ့ Faw ကားနှစ်စီးကို စစ်ကောင်စီတွေကတားတော့ အရှေ့ကားက ၃ယောက်ဆင်းနေတုန်း အနောက်ကားက နေ စတိုက်ခိုက်တာ။အဲဒီမှာ ပြန်အလှန်ပစ်ခတ်မှုဖြစ်တော့ ကားပေါ်မှာလည်း ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းတွေပါတော့ တချို့က ပေါက်ကွဲတာတွေကြောင့်ထိပြီး ကျတာတွေလည်းပါတယ်။ ၁၂ ယောက်ကျတယ်။ ၃ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ ၂ယောက်ကိုတော့ အရှင်ဖမ်းမိသွားတယ်။ လွတ်မြောက်သွားသူတွေလည်း ၁၃ ယောက်လောက်ရှိတယ်။သူတို့လာတဲ့ လမ်းတလျှောက်က တော့ PDF နယ်မြေစိုးမိုးပြီးသားနေရာပါ။ အခုဖြတ်တဲ့လမ်းက PDF နယ်မြေမစိုးမိုးတဲ့နေရာမှန်းသိပေမယ့် လိုအပ်နေတဲ့နေရာတွေဆီလက်နက်အရောက်ပို့ဖို့သွားကြတာ။ လက်နက် ၂၅လက်လောက်လည်း စစ်ကောင်စီကမိသွားတယ်’’ လို့ ပွင့်ဖြူဒေသကာကွယ်ရေးတပ် ဖွဲ့တာဝန်ခံ ကိုကျားကြီးက ဘီဘီစီကိုပြောပါတယ်။

  12. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။