အာဆီယံအထူးသံတမန် နဲ့နိုင်ငံရေးပါတီ ၇ ခုတွေ့, အခြေခံဥပဒေအသစ်ပြန်ဆွဲဖို့ ဆွေးနွေးမှုတွေရှိ
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် နဲ့ ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၇ ခု ဒီကနေ့ ဇူလိုင် ၂ ရက်မနက်က ရန်ကုန်မြို့ Lotte ဟိုတယ်မှာ နှစ်နာရီကြာတွေ့ခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအထူးသံတမန် နဲ့ တွေ့တဲ့အခါ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီဝင် ၁,၈၀၀ ကျော် အသတ်ခံထားရတဲ့အကြောင်းပြောပြခဲ့ပါတယ်။
ရခိုင့်ဦးဆောင်ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ့်အစား အသစ်ပြန်ရေးဆွဲသင့်တယ်လို့ ဆွေးနွေးခဲ့တဲ့အကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဘီဘီစီကိုပြောပါတယ်။
လက်ရှိပဋိပက္ခတွေပြေလည်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို အများပြည်သူသိအောင်ထုတ်ပြန်ပေးဖို့ ကိုလည်း တောင်းဆိုခဲ့တဲ့အကြောင်း ဒေါက်တာအေးမောင်ကဆက်ပြောပါတယ်။
အာဆီယံအထူးသံတမန်ကလည်း သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အကြောင်း နိုင်ငံရေးပါတီတွေကိုပြန်ရှင်းပြခဲ့ပါတယ်။
အာဆီယံအထူးသံတမန်ဟာ အပစ်ရပ်(NCA)လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နဲ့ လည်း မနေ့ကတွေ့ခဲ့ပါသေးတယ်။