မင်းတပ်မြို့တိုက်ပွဲမှာ CDF ရဲဘော်သုံးယောက်၊ စစ်ကောင်စီဘက်က လေးယောက်၊ အရပ်သားတစ်ယောက် သေဆုံး
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်ထဲမှာ မနေ့ဇွန် ၂၉ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ CDF ရဲဘော်သုံးယောက်၊ စစ်ကောင်စီဘက်က လေးယောက်သေဆုံးပြီး အရပ်သားတစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ မင်းတပ် CDF ကနေ သိရပါတယ်။
CDF ရဲဘော်တစ်ယောက်က တိုက်ပွဲအတွင်းမှာ လက်နက်ကြီးထိမှန် သေဆုံးတာဖြစ်ပြီး နှစ်ယောက်က တိုက်ပွဲပြီးချိန်မှာ ပျောက်သွားခဲ့တဲ့အကြောင်း၊ ဒီနေ့ ဇွန် ၃၀ မှာတော့ စစ်ကောင်စီက သတ်သွားတဲ့ အဲ့ဒီရဲဘော်နှစ်ယောက်ရဲ့ အလောင်းကို ပြန်ရှာတွေ့ခဲ့တာလို့ မင်းတပ်ကာကွယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ကျနော်တို့ မနေ့က ပျောက်သွားတဲ့ရဲဘော်တွေကို လိုက်ရှာတယ်ပေါ့နော်။ လူခွဲပြီးရှာတော့ နေ့လယ် ၁၂ ခွဲလောက်မှာတွေ့တယ်။ ဖမ်းဆီးပြီးမှ အသတ်ခံရတဲ့ပုံစံမျိုး။ ဒီနေ့တော့ စစ်တပ်က ဆုတ်သွားတယ်''လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း အရပ်သားကလေးငယ်တစ်ဦးလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်ကလည်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF)က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို ချင်းပြည်နယ်တောင်ပိုင်းမှာ အခုလို တိုက်ပွဲတွေဖြစ်နေသလို မြောက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က တပ်တွေတိုးချဲ့နေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း ထီးလင်းမြို့နယ်ကနေ ချင်းပြည်နယ် မင်းတပ်မြို့၊ မြောက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်းကလေးမြို့နယ်ကနေ တီးတိန် မြို့တွေဘက်ကို စစ်ကြောင်းထိုး သွားလာတာတွေ ရှိနေတာကြောင့် ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မင်းတပ်မြို့နယ်ထဲက စစ်ရေးခြေအနေနဲ့ ပတ်သက်ပြီးတေ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။