ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော

မြန်မာ-ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ချိန် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်ဆိုပြီး အေအေဘက်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အာဆီယံအထူးသံ မြန်မာပြည်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရနိုင်, အထူးသံ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဥ် ဇွန် ၂၉ မှာစတင်မယ်

    မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံခရီးစဥ်ကို ဇွန် ၂၉ ရက်မှာစတင်မှာဖြစ်ပြီး ဒါဟာသူ့ရဲ့ ဒုတိယမြောက်မြန်မာခရီးစဥ်လည်း ဖြစ်ပါတယ်။

    အထူးသံတမန်ဟာ သူ့ခရီးစဥ်အတွင်း ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုဖို့ရှိမရှိ ဘီဘီစီက စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးကြည့်တဲ့အခါ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင့်ပြုဖို့မရှိဘူးလို့ ပြောပါတယ်။

    ‌ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ဇွန် ၂၉ ရက်မှာရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

    ပရက်ဆော့ခွန်းရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဥ်တုန်းကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

    အဲဒီတုန်းက စစ်ကောင်စီက အာဆီယံအထူးသံ နဲ့‌‌ တွေ့ဆုံခွင့်ပေးမယ့်စာရင်းထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်စုစုလွင် ပါဝင်နေတယ်ဆိုပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ ပတ်သက်လို့ ကိုယ်စားပြုမှုကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာဖြစ်တယ်လို့ ပါတီဘက်က ထိုစဥ်််က ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအ‌ဝေးတွေနဲ့ ဆက်စပ်အစည်းအ‌ဝေးတွေကိုမဖိတ်ကြားဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ အာဆီယံခေါင်းဆောင်တွေကြား ဆုံးဖြတ်ထားပါတယ်။

  2. ရသေ့တာင်မြို့နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနဲ့အရပ်သားတစ်ဦးကို အေအေက ဖမ်းဆီးထား

    ရခိုင်ပြည်နယ်၊ ရသေ့တာင်မြို့နယ်အတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနဲ့ ရသေ့တောင်ဒေသခံတစ်ဦးတို့ကို ဇွန်လ ၂၄ ရက်နေ့မှာ အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ မိသားစုတွေက အတည်ပြုပြောဆိုပါတယ်။

    ဖမ်းဆီးခံလိုက်ရသူတွေကတော့ ရခိုင်ပြည်နယ် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အရာရှိ SAE ဦးဆန်းလင်းအောင်နဲ့ ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းတို့ဖြစ်ကြပြီး ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဦဇော်ဟိန်းထွန်းရဲ့ အဖေ ဦးဦးသာဇံက ပြောပါတယ်။

    ဦးဆန်းလင်းအောင်နဲ့ ဦးဇော်ဟိန်းထွန်းတို့ဟာ ရသေ့တောင်ကနေ စစ်တွေကိုလာကြစဉ် လမ်းခရီးအခြေအနေမကောင်းတဲ့အတွက် ကူတောင်ကျးရွာညအိပ်တည်းခိုဖို့လုပ်နေတဲ့အချိန် ညနေပိုင်းမှာ အေအေအဖွဲ့နဲ့တွေ့ပြီး စစ်ဆေးဖို့ခေါ်ဆောင်ခြင်းခံခဲ့ရတာလို့ သိရကြောင်း ဦးဦးသာဇံက ပြောပါတယ်။

    “ဦးဆန်းလင်းအောင်နဲ့ ကျွန်တေ့သားက ကျောင်းနေဘက်သူငယ်ချင်းတွေ၊ ဦးဆန်းလင်းအောင်က ရသေ့တောင်ကို စက်တွေစိစစ်ဖို့တရားဝင်ရောက်နေတာပါ။ သူအပြန်မှာ ကျွန်တော်သားကိုလိုက်ပို့ခိုင်းလို့ အတူသွားကြတာ။ ကူတောင်မှာ အေအေအဖွဲ့ကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ခေါ်သွားတာလို့ ရွာသားတွေက ပြောပါတယ်”လို့ ဦးဦးသာဇံက ပြောပါတယ်။

    စက်မှုကြီးကြပ်ဌာနအရာရှိဖြစ်တဲ့ ဦးဆန်းလင်းအောင်မှာ ပြည်နယ်ရုံးကနေ ရသေ့တောင်မှာ ယာယီတာဝန်နဲ့ ကျနေတာ ခြောက်နှစ်လောက်ရှိပြီဖြစ်ကာ အခုလည်း စက်ရုံလုပ်ငန်းလိုင်စင်တွေ စစ်ဆေးဖို့နဲ့ သက်တမ်းတိုးမြှင့်ရေးကိစ္စအတွက် ရောက်ရှိလာတာလို့ သိရပါတယ်။

    ဦးဆန်းလင်းအောင်မှာ ရခိုင်စကားလည်း ကောင်းကောင်းမပြောတတ်သလို မှတ်ပုံတင်ကို မပြသနိုင်တဲ့အတွက် သံသယဖြစ်လို့ ဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း မိသားစုတွေက ပြောပါတယ်။ သူတို့နှစ်ဦးမှာဘာအပြစ်မှမရှိတဲ့အတွက် စစ်ဆေးလို့ပြီးရင်တော့ ပြန်လည်လွတ်မြောက်လာမယ်လို့ မိသားစုတွေက ယုံကြည်နေပါတယ်။

  3. မြောက်ဦးမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွား

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ ဇွန်လ ၂၅ ရက် ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်မှာ မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ မြောက်ဦးမြို့ရဲ့ မြောက်ဘက် လေးမိုင်ခန့်အကွာ ပေါက်တောပြင်ကျေးရွာအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကြောင်းသွားလာမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

    လတ်တလောမှာ ပေါက်တောပြင်ကျေးရွာမှာ လူတွေနေထိုင်မှုမရှိကြသလို အနီးဝန်းကျင်ကျေးရွာတွေနဲ့လည်း အလှမ်းဝေးတဲ့နေရာတစ်ခုဖြစ်တယ်လို့ သံချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစိန်သာက ပြောပါတယ်။

    “မနက်ပိုင်း ၇ နာရီလောက်ကတော့ ပေါက်သံတစ်ချက်ကြားလိုက်ရတယ်။ ဘာကြောင့်ပေါက်လဲတော့မသိဘူး။ လူတွေကလည်း ထွက်ပြေးနေကြတာဆိုတော့ ဘာဖြစ်မှန်းတော့ မသိရဘူး။ စစ်တပ်ကတော့ မြောက်ဦးဘက်ကလာပြီး ပေါက်တောပြင်ရွာကို ဝင်သွားတယ်လို့သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်တောပြင်ကျေးရွာဟာ ရန်ကုန် - စစ်တွေအဝေးပြေးလမ်းမရဲ့ မြောက်ဦး - ကျောက်တော်လမ်းပိုင်း အဝေးပြေးလမ်းနံဘေးကပ်ရက်တည်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းလောက်ကတည်းက ကျေးရွာသွားတွေ နေရပ်စွန့်ခွာသွားကြတဲ့အတွက် စစ်ကာင်စီတပ်က အဲဒီကျေးရွာနဲ့ ကျေးရွာအနီးက နဖူးသင်္ကျစ်တော်ဓါတ်တည်ရှိရာ တောင်ပေါ်မှာ တပ်စခန်းအဖြစ် နေရာယူထားတာဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ယာယီအပစ်ခတ်ရပ်စဲထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း မြောက်ဦးမြို့နယ်အတွင်းမှာ ပြန်လည်ဖြစ်ပွားလာတဲ့ ပထမဆုံး မိုင်ပေါက်ဲမှုလည်းဖြစ်ပါတယ်။

    အပစ်ခတ်ရပ်စဲထားတဲ့ကာလအတွင်း ရခိုင်ပြည်နယ်က အေအေစိုးမိုးတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေကနေ အေအေရဲ့အမာခံတွေနဲ့ အကူအညီပေးနေသူတွေကို လိုက်လံဖမ်းဆီးတာတွေ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားတွေကို အနှောင့်အယှက်ပြုတာတွေကို ပြုလုပ်လာနေတယ်လို့ အေအေဘက်က ပြောကြားထားပါတယ်။

    အခု ဇွန်လအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ ရမ်းဗြဲနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အေအေဘက်က လိုက်လံဖမ်းဆီးမှုတွေလည်းရှိနေပြီး စစ်တပ်ဘက်ကလည်း မြို့ပြနေရာတွေမှာ စစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့အတွက် အရပ်သားအများအပြား ဖမ်းဆီးခံနေကြရတာလည်းဖြစ်ပါတယ်။

  4. စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ မဟာအောင်မြေထွေအုပ်ရုံး နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ

    မန္တလေးမြို့ မှာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက် ည ၈ နာရီကျော်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ သုံးခုပေါင်းပြီး မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ မဟာမိတ်တပ်ပေါင်းစု အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    မနေ့ညက ပစ်ခတ်တိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ဇွန် ၂၃ ရက်ည ၁၁ နာရီခွဲတုန်းကလည်း ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

    မနေ့ညက ဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာဟာ ၆၅ လမ်း၊ ၆၆ လမ်းကြား ၄၂ လမ်းဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပြီးနောက်မှာ မန္တလေးမြို့တွင်း ၄၂ လမ်းတစ်လျှောက် ၆၅ လမ်းကနေ ၈၅ လမ်းအနောက်ထိပ်ထိ အပြ နှစ်ဆယ်ကျော်ကို လမ်းပိတ်ကာ စစ်ကောင်စီက ယာဉ်အသွားအလာတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

    ကားအမည်းရောင်နဲ့ မြို့နယ်ထွေအုပ်ရုံးက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဝင်ရောက်ပစ်ခတ်တာတွေ ရှိခဲ့လို့ ၄၂ လမ်းတစ်လျှောက်လုံး မနေ့ည ၈နာရီကတည်းက လမ်းတွေပိတ်ထားကာ မနက်ပိုင်းရောက်မှ လမ်းပြန်ဖွင့်တာလို့ ဒေသခံတွေက ပြောပါတယ်။

    ပစ်ခတ်တိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာနဲ့ လူသေဆုံးမှုကြောင့် ဆေးရုံတွေပို့ဆောင်ပေးဖို့ လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်တာမရှိခဲ့ဘူးလို့လည်း သိရပါတယ်။မန္တလေးမှာ ညစဉ်ညတိုင်း သေနတ်ပစ်ခတ်သံတွေ မကြာခဏကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  5. ပြည်၀င်ခွင့်ငြင်းပယ်ခံထားရတဲ့ ဗြိတိသျှသံတမန်အကြီးအကဲ မစ္စတာ ပိဗိုးလ်စ် မြန်မာနိုင်ငံရောက်ရှိ

    မြန်မာနိုင်ငံကို ပြည်၀င်ခွင့်ငြင်းပယ်ခံထားရတဲ့ ဗြိတိသျှသံတမန် မစ္စတာ ပိဗိုးလ်စ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီး ဗြိတိန်သံရုံးရဲ့ အကြီးအကဲအဖြစ် ဆက်ရှိနေမယ်လို့ ဗြိတိန်သံရုံးပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    "မစ္စတာဗိုးလ်စ်ဟာ ရန်ကုန်ကို ခေတ္တ ပြန်လည်ရောက်ရှိလာပါတယ်။ သူက သံရုံးအကြီးအကဲအနေနဲ့ ဆက်ရှိနေပါတယ်။ သံရုံးယာယီတာ၀န်ခံရာထူးဆက်ခံသူနေရာအတွက် ကျွန်တော်တို့ခေါ်ယူနေပါတယ်။ သံအမတ်ခန့်အပ်လွှာကို ကာကွယ်ရေးဦးစီးချုပ်ထံ ပေးအပ်မှာမဟုတ်ဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်အတိုင်းဆက်ရှိနေပါတယ်" လို့ သံရုံးပြောခွင့်ရသူက ဆိုပါတယ်။

    သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီကို ပေးအပ်တာမျိုးလုပ်ဖို့မလိုဘဲ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့ကူညီတဲ့ ဗြိတိန်ရဲ့အခန်းကဏ္ဍ ဆက်ရှိနေဖို့ သံအမတ်အဆင့်ကနေ သံရုံးယာယီတာ၀န်ခံအဖြစ်သာ ဆက်လက်ထားရှိမယ်လို့ ဗြိတိန်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီလိုဆုံးဖြတ်ချက်အပြီးမှာ မစ္စတာပိဗိုးလ်စ် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ခေတ္တ ထွက်ခွာသွားခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်၀င်ဖို့စီစဥ်ရာမှာ စစ်ကောင်စီက ဗီဇာကို ငြင်းပယ်ခဲ့ပြီး ပြည်၀င်ခွင့်ရဖို့အတွက် ထိုင်းနိုင်ငံမှာစောင့်ဆိုင်းခဲ့ရသေးပါတယ်။

    အဲဒီတုန်းက အခြေအနေနဲ့ပတ်သက်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးက ဗြိတိန်အနေနဲ့ သံအမတ်ခန့်အပ်လွှာကို မပေးအပ်ဘဲ နိုင်ငံပြင်ပကို ထွက်ခွာသွားတာဖြစ်ပြီး ပြည်တွင်းကိုပြန်လည်၀င်ရောက်တဲ့အခါ သံရုံးယာယီတာ၀န်ခံအနေနဲ့ ပြန်လည်၀င်ရောက်ဖို့လုပ်တာကိုလက်ခံလို့မရတဲ့အတွက် ဗီဇာကိုငြင်းပယ်ခဲ့တာဖြစ်ကြောင်း၊ တကယ်လို့ သံရုံးယာယီတာ၀န်ခံအဆင့်နဲ့ဆိုရင်လည်း မစ္စတာပိဗိုးလ်စ်အစား လူသစ်ကိုသာစေလွှတ်ဖို့ အကြောင်းပြန်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ သံအမတ်အဆင့်မဟုတ်ဘဲ သံရုံးယာယီတာ၀န်ခံအဆင့်သာ ထားရှိဖို့ ဆုံးဖြတ်တဲ့အထဲ ဗြိတိန်သံရုံးအပြင် သြစတြေးလျသံရုံးလည်းပါ၀င်ပါတယ်။

  6. မန္တလေးမြို့ပေါ် ဖယ်ရှားခံရတဲ့နေရာတွေမှာ နေအိမ်တွေထပ်ပြီးအဖျက်ခံရ

    မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် မြို့နယ် ခြောက်ခုမှာ ပြီးခဲ့တဲ့ ငါးလအတွင်း ဖယ်ရှားခံရတဲ့နေရာတွေမှာ ထပ်ပြီးနေအိမ်တွေ အဖျက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ ဖယ်ထားတာကို ပြန်ဆောက်နေလို့ ထပ်ပြီးရှင်းတာ “ လို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆန်းကတည်းက မန္တလေးမြို့ရဲ့ စည်ပင်နယ်နိမိတ်က မြို့နယ်ခြောက်ခုမှာ လမ်းမြေ၊မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကပိုင်မြေနေရာတွေအတွင်း တရားဝင် ပိုင်ဆိုင်ခွင့်မရှိဘဲ ကျူးကျော်နေထိုင်တာတွေကို ဖယ်ရှားရှင်းလင်းမယ်လို့စစ်ကောင်စီခန့် စည်ပင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး နေအိမ်တွေ ဖယ်ရှားခဲ့ပါတယ်။

    ကျူးကျော်နေထိုင်တယ်လို့စွပ်စွဲအဖျက်ခံရတဲ့ နေရာတွေမှာ အခုအခါ လူမျိုးခြားတွေက နေအိမ်တည်ဆောက်ဖို့ ဝန်းခတ်ပြီးအဆောက်ဦးအသစ် ပြုလုပ်နေတာတွေ ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    မန္တလေးမြို့မှာ ဂရမ်ပေါက်၊ ပိုင်ရှင်မဲ့၊ ပလပ်မြေတွေ ရှိပါတယ်။ အဲ့လိုမြေမျိုးနဲ့ စလစ်မြေတချို့ဟာ အခုကျူးကျော်နေအိမ်တွေဆိုကာအဖျက်ခံရထဲ ပါဝင်တာကြောင့် တရားဝင်ပြန်လျှောက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်နိုင်တာတွေလည်း ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    မြို့နယ်ခြောက်ခုလုံးမှာ ကျူးကျော်နေအိမ်လို့ ဆိုပြီး အဖျက်ခံလိုက်ရတဲ့ နေအိမ် အဆောက်အဦး အလုံးပေါင်းက မန္တလေးမြို့မှာရာချီရှိပါတယ်။ အဲဒီအဖျက်ခံရတဲ့ နေအိမ်တွေထဲမှာ ပရဟိတ လူမှုကူညီရေး အသင်းတွေ ကျန်းမာရေးစောင့်ရှောက်မှုအသင်းတချို့လည်း ပါဝင်တယ်လို့ဒေသခံတွေက ပြောပါတယ်။

  7. စစ်တွေက ပစ်ခတ်မှုတွေကြောင့် ဒေသခံ၂ယောက် သေဆုံး

  8. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းပြောင်းရွှေ့မှု - အရင်ဖမ်းဆီးခံရစဥ်တွေနဲ့ ကွာခြားချက်

  9. ‌ရွှေကူမြို့အနီး ရွှေတူးဖော်ဖို့ မျောဖော‌င်တွေပြန်ရောက်လာ, ဒေသကာကွယ်ရေးတပ်တွေက ရွှေမတူးဖို့ သတိပေးထား

    ကချင်ပြည်နယ် ၊ ရွှေကူမြို့ ၊ ရွှေပေါ်ကျွန်းဘုရားနားမှာ ရွှေတူးဖော်ဖို့ ရွှေဖောင်တွေ ဇွန် ၂၂ ရက်ကစပြီး အစီး ၅၀ လောက်ရောက်နေတာကြောင့် ဧရာဝတီမြစ်ကမ်းမှာ ရွှေတူးဖော်မှာကို ဒေသခံတွေက သဘောမတူကြဘူးလို့ ပြောကြပါတယ်။

    အဲ့ဒီရွှေဖောင်တွေဟာ ဘယ်ဌာန ၊ အဖွဲ့အစည်းရဲ့ ဘယ်လိုပုံစံ ခွင့်ပြုချက်နဲ့ တူးဖော်ခွင့်ရရှိထားတယ်ဆိုတာကို ဒေသခံတွေ မသိကြရသေးပေမဲ့ ရွှေတူးမယ့်ဖောင်တွေကတော့ ဇွန် ၂၂ ရက်စပြီး သမိုင်းဝင် ရွှေပေါ်ကျွန်းဘုရားနားမှာ တန်းစီပြီး နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရွှေကူမြို့၊ တောင်ကုန်းရွာမှာလည်း ဒီလိုရွှေဖောင်တွေ အစီးရေ ၃၀ ကျော်နဲ့ တူးဖော်ခဲ့ဖူးတာကြောင့် ဘုရားအနားမှာ ရွှေတူးမှာကို စိုးရိမ်တဲ့ တောင်ကုန်းရွာဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောပါတယ်။

    “ သူတို့တွေရွှေကျင်တော့ ကမ်းပါးတွေပြိုမယ်၊ ထိခိုက်မှုတွေရှိတာပေါ့နော်။ အဲ့လိုမျိုးကမ်းပါးတွေက အရမ်းပြိုမှာလေ၊ ရွှေကျင်တယ်ဆိုတော့လေ။ အဲ့တော့အဲ့ကနေရွှေ့သွားပြီးရေတိုးလာတယ်။ ရေတိုးလာတော့ သူတို့မလာတော့ဘူး ထင်ပြီးညီမတို့က စိတ်ချလက်ချနေတာ။ အခုက ရွှေပေါ်ကျွန်မှာအစီး ၄၀လောက်ရောက်နေပြီလို့သတင်းကြားတယ်။ ဒါပေမဲ့ဒီဘက်ကိုလဲသူတို့ရောက်လာနိုင်တယ်လေ ရောက်လာနိုင်တယ်ဆိုတော့စိုးရိမ်မှုရှိတာပေါ့ “

    အခုလို ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်တာတွေနဲ့ပတ်သက်ပြီး ကချင်ဒေသ မြို့လှတပ်ရင်း(KPDF) က ၂၄ နာရီအတွင်း ရွှေဖောင်းတွေ ထွက်ခွာနိုင်ရန် ၊ မထွက်ခွာပါက ပစ်ခတ်ရှင်းလင်းသွားမည် ဆိုတဲ့ အသိပေးထုတ်ပြန်ချက်ကို မေလ ၁၃ ရက်နေ့ ထုတ်ပြန်ခဲ့ပါသေးတယ်။

    ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြို့လှ(PDF) ရဲ့ ထုတ်ပြန်ပြီး ၁လကျော်အကြာမှာတော့ ရွှေဖောင်တွေဟာရွှေကူမြို့၊ ဧရာဝတီမြစ်အတွင်း ရွှေပေါ်ကျွန်း ဘုရားနားကို ပြန်ရောက်ရှိနေတာဖြစ်ပါတယ်။

  10. စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဖမ်းခံရတဲ့ စစ်တွေမြို့မှာ လုံခြုံရေး တင်းကျပ်ထား, ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်အကြား နှစ်ဖက်အပြန်အလှန် အားပြိုင်မှုတွေရှိနေ

    ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်စံပြရပ်ကွက် မှာ စစ်ကောင်စီအရာရှိတစ်ယောက်နဲ့ မင်းဂံရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားပြီးနောက်ပိုင်း စစ်တွေမြို့ တစ်မြို့လုံးမှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်‌ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    မနေ့ ဇွန် ၂၃ ရက်ကတည်းက အင်အားတိုးမြှင့်ချထားလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဆတ်ရိုးကျ၊ မင်းဂံ စတဲ့ ရပ်ကွက်တွေအပါအဝင် စစ်တွေမြို့က ကားကြီးကွင်းလိုမျိုး လူစည်ကားတဲ့‌ နေရာတွေကိုပါ ပိတ်ဆို့ပြီး စစ်ဆေးတဲ့အပြင် ညပိုင်းတွေမှာလည်း ဧည့်စာရင်းတွေစစ်တယ်လို့ ရခိုင်ပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    တချို့ အလုပ်ကပြန်လာသူတွေက စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းတာကြောင့် ပစ်ခတ်ခံရတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

    “ တောက်လျှောက်ကို သူတို့ အင်အားအလုံးရင်းတွေနဲ့ ပွိုင့်တွေ ယူထားတယ်။ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဧည့်စာရင်းစစ်တယ်။ စစ်ဆေးတာ အဆင်မပြေဘူးဆို ခေါ်သွားတယ်။ ညပိုင်းမှာ ဧည့်စာရင်းတွေကို ဝင်စစ်တယ်။ တချို့ အလုပ်သွားလုပ်လို့ မသိဘဲ ပြန်လာတဲ့သူတွေကျတော့ သူတို့ပိတ်စစ်နေကြတဲ့ စစ်သားတွေကို တွေ့တော့ ကြောက်လန့်ပြီးတော့ ရပ်ဆိုတာ မရပ်ဘဲ ရှောင်ပြေးတာ ပစ်ထည့်လိုက်တယ်။ ည ၁၀ နာရီလောက်မှ ဖြစ်တယ်။ သေတယ်ပေ့ါ။ အလောင်းလည်း ကောက်မရလိုက်ဘူး။ ဒီနေ့ မနက်ပိုင်းမှ ကောက်ရတယ်။ အဲဒါမျိုးတွေ ဖြစ်နေတယ်“ လို့သူက ဆိုပါတယ်။

    ဒီနေ့အထိလည်း စစ်တွေမြို့ရဲ့ တပ်ထိပ်ဂိတ်၊ ကျောက်တန်းကြီးဂိတ်တွေမှာ ကား၊ ဆိုင်ကယ်၊ သုံးဘီး ၊ ကုန်တင်ကားတွေကို လမ်းပိတ်ပြီး စစ်ဆေးနေတာတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

    စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာလည်း အသွားအလာ နည်းပါးနေပြီး ကျောင်းတွေလည်း ပိတ်ထားတယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန် ၂၃ ရက် နေ့လယ်ကစစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ယောက်၊ ဇွန် ၂၁ ရက်က မြောက်ဦးမြို့ပေါ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်နဲ့ သတင်းပေး သုံးယောက်တို့ကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေမြို့အပါအဝင် ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေထဲက စစ်သား ၅ ယောက်နဲ့ ရဲ ၄ ယောက်တို့ကို ဒီ ငါးရက်အတွင်း ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းမှတ်တွေအရ သိရပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီတပ်တွေက အရပ်သားနဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေရှိနေတာကြောင့် စစ်တွေမြို့လို့ မြို့ပေါ်နေရာတွေအထိ ရခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာတာတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

  11. လက်ပံတောင်းစီမံကိန်းအနီး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဆက်ပြီး၀င်ရောက်နေ

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အရှေ့ဘက်က တုံရွာနဲ့ မြောက်ဘက်မှာရှိတဲ့ ကျော်ရွာတို့ကို စစ်ကောင်စီတပ်တွေ မနေ့ကတည်းက ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တုံရွာ၊ တုံလယ်မနဲ့ တုံလယ်တော ကြားမှာရှိတဲ့ လောကမာန်အောင် ဘုန်းကြီးကျောင်းထဲမှာ ထွက်မပြေးနိုင်တဲ့ အရပ်သား ၃၀ ကျော်ကို မနေ့ဇွန် ၂၃ ရက် နေ့လယ်ကတည်းက ဖမ်းဆီးထားတာကနေ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပေမဲ့ လူငယ် ၂ ယောက်ကိုတော့ ဆက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တုံရွာထဲမှာရှိနေတဲ့ စစ်ကြောင်းက ဆည်တဲရွာမှာ တပ်စွဲထားပြီး မိုးကြိုးပြကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီးနောက် တုံရွာကို ဆက်ဝင်နေတာဖြစ်တဲ့အကြောင်း၊ ကျော်ရွာကို ဝင်နေတဲ့ စစ်ကြောင်းကတော့ ချင်းတွင်းမြစ်တဖက်ကမ်းကနေ ရောက်ရှိလာတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    “ သူတို့က တဖက်ကမ်းမှာ ကားတွေရပ်ပြီး လူတွေက ဇက်နဲ့ကူးလာတာ၊ ခြေလျင်လာခဲ့တယ်။ ထန်းတောဇက်ဆိပ်ကနေ ကူးပြီးတော့ ရွာရှည်ကွက်သစ်ကို ဖြတ်တယ်။ ဖြတ်ပြီးတော့ ရွာရှည်ကွက်သစ်ကနေ အောင်ချမ်းစည်ကို မနေ့ကဝင်တယ်။ ကလေး နှစ်ယောက်အသတ်ခံရတယ်လို့ ပြောတယ်။ အဲဒီမှာ မိတဲ့သူတွေဆီကနေ ဖုန်းတွေ သိမ်းတယ်။ ပေါက်ပြားတွေငှားတယ်၊ အဖမ်းခံထားရတဲ့ လူငယ်တစ်ယောက်ရဲ့ သွေးစွန်းနေတဲ့ ဦးထုပ်ကို တွေ့တယ်“လို့ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကြောင်းထိုးခံနေရတဲ့ လက်ပံတောင်းတောင် စီမံကိန်းနားက ကျေးရွာ ၃၀ လောက်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    အဲဒီဒေသတစ်ဝိုက်မှာ စစ်ကြောင်းထိုးတာ၊ဒေဒေသခံတွေ အသတ်ခံရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်း အရပ်သား ၁၁ ယောက်ဟာ သတ်ဖြတ်မီးရှို့ခံထားရတာဖြစ်ခဲ့ပါတယ်။

  12. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်၀င်စာပို့ခွင့်ရ, သမ္မတ ဦး၀င်းမြင့်နဲ့ ဦးမင်းသူတို့နဲ့အတူ စွဲချက်တင်ခံထားရတဲ့ ရွေးကောက်ပွဲအမှု နေပြည်တော်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦး၀င်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၀န်ကြီးဟောင်း ဦးမင်းသူတို့ကို စွဲချက်တင်ထားတဲ့ ‌ရွေးကောက်ပွဲအမှုကို ဒီနေ့ ဇွန် ၂၄ မှာ နေပြည်တော်အချုပ်‌ထောင်တွင်းအထူးတရားရုံးမှာစစ်ဆေးခဲ့ပါတယ်။

    ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်ကို စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် သောကြာရုံးချိန်းမှာ စွပ်စွဲခံရသူသုံးဦးကို စစ်ဆေးဖို့အတွက်မှုခင်းစီမံခန့်ခွဲမှုအချိန်ဇယားကို ပြုလုပ်မယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

    အကျဥ်းထောင်တွင်းကိုပြောင်း‌ရွှေ့ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်းမှာလည်းကျန်းကျန်းမာမာရှိပြီး နေထိုင်ရတယ်အဆင်ပြေတယ်လို့ပြောကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ထောင်၀င်စာပို့ခွင့်လည်းရရှိပြီး ဒီနေ့ ရုံးချိန်းမှာလည်း လိုအပ်တာတွေ ပို့ဆောင်ခွင့်ရခဲ့တယ်လို့သိရပါတယ်။

    လက်ရှိထွက်ပေါ်နေသလိုအကျဥ်းထောင်တွင်း ထောင်စည်းမျဥ်းစည်းကမ်းနဲ့အညီ နေထိုင်ရတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ကိုလုံခြုံရေးအခြေအနေအရ နေရာသာပြောင်းရွှေ့လိုက်တာဖြစ်ပြီး မူလအတိုင်းသာ စောင့်ရှောက်ထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ကနေ ထောင်ကိုရွှေ့လိုက်တဲ့နောက် နေအိမ်အကျယ်ချုပ်နဲ့ထားရှိတဲ့ သမ္မတဦး၀င်းမြင့်ကိုတော့ လက်ရှိ အချိန်အထိ နေအိမ်အကျယ်ချုပ်သာထားရှိပြီး ဒီနေ့ရုံးချိန်းကိုအပြင်ကနေ လာရောက်ခဲ့တယ်လို့ သိရပါတယ်။

  13. ချောင်းဦးမြို့ ရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်တာကြောင့် တမာမြိုင်ရပ်ကွက်တွင်းက အမျိုးသမီး ၃ ယောက်သေဆုံး ၊ ၃ ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်ရဲစခန်းကနေ မနေ့ ဇွန် ၂၄ ရက် ညပိုင်းက တမာမြိုင်ရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား အမျိုးသမီး ၃ ယောက် နေရာတင် သေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    “ အိမ်ထဲမှာ သားအဖ သုံးယောက် အိပ်ပျော်နေတာ၊ လက်နက်ကြီးကျလို့ အမေနဲ့သမီးဖြစ်သူက ပွဲချင်းပြီးပဲ၊ အဖေဖြစ်သူကလည်း ဒဏ်ရာပြင်းတယ်။ နောက်ပြီး မုန့်ဖတ်လုပ်တဲ့အိမ်က အမျိုးသမီးတစ်ယောက်လည်း ဗိုက်ပွင့်ပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူသုံး၊ လေး ယောက်မှာ ခုနက အဖေဖြစ်သူက စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ ဘာလို့ ပစ်တာလဲဆိုတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တမာမြိုင်ရပ်ကွက်နဲ့ ရဲစခန်းကြားမှာရဲတွေ မိုင်းဆွဲခံရတယ်။ အဲဒါကို မကျေနပ်လို့ပစ်တာဖြစ်မယ်“ လို့ ချောင်းဦးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဒီနေ့မနက်ပိုင်းမှာလည်း ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

    စစ်ကောင်စီတွေ မနေ့ညပိုင်းက တမာမြိုင်ရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တဲ့ ၇ ချက်ထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ၄ လုံးရှိနေပါသေးတယ်တာကြောင့် ပေါက်ကွဲမှာကိုလည်း အရပ်သားတွေ စိုးရိမ်နေတယ်လို့ ပြောပါတယ်။

    ချောင်းဦးမြို့နယ်ဟာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခံရတာ၊ ကျေးရွာတွေ မီးရှို့ခံရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

    ချောင်းဦး ဖြစ်စဥ် နဲ့ ပတ်သက်လို့ စစ်ကောင် စီ ဘက်ကိုဘီဘီစီက ဆက်သွယ်မေး မြန်းဖို့ ကြိုးစား‌‌‌‌ ‌နေပါတယ်။

  14. စစ်ကောင်စီနဲ့ ဆက်ဆံရေး ပြန်လည် သုံးသပ်ဖို့ အာဆီယံကို ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း

    လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ ချဉ်းကပ်ပုံကို ပြန်လည် စဉ်းစားသင့်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တရားဝင် ဖြစ်စေ အလွတ်သဘောဖြစ်စေ ထိတွေ့ ဆက်ဆံဖို့ကိုလည်း အာဆီယံနိုင်ငံတွေကို သူက တိုက်တွန်း ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ရွေးကောက်ခံအစိုးကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ဆန့်ကျင်သူတွေကို ရက်စက်တဲ့ ဖြိုခွင်းမှုတွေ လုပ်ခဲ့တဲ့ မြန်မာ နိုင်ငံနဲ့ ဘယ်လို ဆက်ဆံရေးထားရှိမယ် ဆိုတာနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

    အာဏာသိမ်းပြီး မကြာခင်မှာပဲ မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေကြားမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူတွေ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လု့ပ်ဖို့နဲ့ အာဆီယံ အထူးသံ တမန် မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး အပါအဝင် ဘုံသဘောတူမှု ၅ ချက် ရခဲ့ပါတယ်။

    ဒါပေမဲ့ အဲဒီသဘောတူညီချက်ဟာ စာရွက် အတိုင်းပဲ ရှိနေမယ် ဆိုရင် ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ လူ့အခွင့်အရေးဆိုင်ရာကုလ သံတမန် Tom Andrews က သူ့ရဲ့ ၆ ရက်ကြာ မလေးရှားနိုင်ငံ ခရီးစဉ် အတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ် ဆိုတဲ့ မလေးရှားနိုင်ငံရဲ့ တောင်းဆိုမှုကိုလည်း အာဆီယံ နိုင်ငံတွေ အလေးဂရု ပြုသင့်တယ် လို့ ထပ်လောင်းပြောဆိုပြီး တစ်နှစ်ကြာတဲ့အထိ တိုးတက်မှု တစုံတရာ မရှိတဲ့ အတွက် အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်လာစေဖို့ရာ အာဆီယံ နိုင်ငံတွေအနေနဲ့ ဗျူဟာတစ်ခု ချပြီး ချဉ်းကပ်ဖို့ စဉ်းစား သင့်တယ်လို့ သူက ပြောပါတယ်။

    ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တရားဝင် အဖွဲ့အစည်းလို့Tom Andrews က ခေါ်ဆိုပြီး စစ်ကောင်စီက အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း အာဆီယံ နိုင်ငံတွေကြားမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

    လက်တွေ့ကျတဲ့ ရှုထောင့်က ကြည့်ရင် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေ အတွက် NUG မှာ သိပ်ကို တန်ဖိုးရှိတဲ့ အချက်အလက်တွေ အများကြီး ရှိပါတယ်လို့ လည်း သူက ပြောပါတယ်။

  15. အဝေးပြေးလမ်းမှာ ဂိတ်တွေထားပြီး ငွေနဲ့ ပစ္စည်းတွေ ကောက်ခံနေ

  16. ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်တွင်း သီးခြားအဆောင်မှာထားရှိပြီး အမျိုးသမီးထောင်၀န်ထမ်း သုံးဦးထားရှိ, မနက်ဖြန် သမ္မတ ဦး၀င်းမြင့်နဲ့အတူ ထောင်တွင်းတရားရုံးမှာ ရွေးကောက်ပွဲအမှု ရင်ဆိုင်ရဖို့ရှိ

    ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်တွင်း သီးသန့်အဆောက်အဦတစ်ခုမှာ တစ်ဦးတည်းနေထိုင်ရပြီး အမျိုးသမီးထောင်၀န်ထမ်း ၃ ဦးကို စီစဥ်ပေးထားတယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ရွှေ့ပြောင်းလိုက်တဲ့ ထောင်မှာ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူတွေ အတူလိုက်ပါခွင့်မရဘူးလို့နားလည်ရပြီး ဒေါ်အောင်ဆန်းစုကြည် မွေးမြူထားတဲ့ခွေးကလေးထိုက်ချီဒိုကိုတော့ ထောင်ထဲကိုမခေါ်ချင်တဲ့အတွက် အပြင်မှာပဲထားဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုအပတ်စဥ် ရုံးထုတ်စစ်ဆေးနေတဲ့အမှုတွေအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲက ခြံနံပါတ် ၁ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကို ဒီနေ့ ဇွန် ၂၃ ရက်ကစလို့ ရွှေ့ပြောင်းစစ်ဆေးခဲ့ပါတယ်။

    ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲကနိုင်ငံတော်လျှို့၀ှက်အက်နဲ့ စွဲချက်တင်ခံထားရတဲ့ အမှုကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာစစ်ဆေးခဲ့ပြီး အမှုမှာ ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။

    မနက်ဖြန် ဇွန် ၂၄ ရက်မှာတော့ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ေထာင်စုအစိုးရအဖွဲံ၀န်ကြီးဟောင်းဦးမင်းသူတို့နဲ့အတူ စွဲချက်တင်ခံထားရတဲ့ရွေးကောက်ပွဲ အမှုကို ကြားနာဖို့ရှိပြီး ဒါဟာ သမ္မတ ဦး၀င်းမြင့်အတွက်လည်း ပထမဆုံးထောင်တွင်းအထူးတရားရုံး ရုံးချိန်း ဖြစ်လာမှာပါ။

    ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ကိုပို့ပြီးသီးခြားထားလိုက်တာရဲ့နောက်မှာ သူံနဲ့အတူ တစ်ရက်တည်းဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရသလို နေအိမ်အကျယ်ချုပ်မှာရှိနေတဲ့ သမ္မတ ဦး၀င်းမြင့်ကိုလည်း ထောင်ကို ရွှေ့မရွှေ့ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင် န၀တ နအဖစစ်အစိုးရလက်ထက်တွေတုန်းတည်းက နေအိမ်အကျယ်ချုပ်ကိုကာလရှည်ကြာ ကျခံခဲ့ရတာရှိပြီး ထိုစဥ်က အင်းစိန်အကျဥ်းထောင်တွင်း ခတ္တ သွားရောက်နေထိုင်ရတာမျိုးရှိပေမဲ့ အခုလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက် ဥပဒေအရဆိုပြီး ထောင်ကိုပြောင်းရွှေ့နေထိုင်စေတာမျိုးမရှိခဲ့ဖူးပါဘူး။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ ထောင် ၁၁ နှစ်ချမှတ်ထားပြီး စွဲချက်တင်ခံထားရတဲ့ အမှုက အနည်းဆုံး ၅ မှုရှိကာ ဆက်လက်တရားရင်ဆိုင်နေရဆဲအမှုတွေကလည်း ဆက်ရှိနေပါတယ်။

  17. KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ၅၀၅-က အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်

    ကချင်ပြည်နယ်အခြေစိုက် ကချင်အမျိုးသားများ ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ ဟာ မြစ်ကြီးနားမြို့မြို့မရဲစခန်းက သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ၅၀၅-က အမှုအတွက် ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီလို့ သိရပါတယ်။

    ဒါပေမဲ့ နေပြည်တော် ဇမ္ဖူသီရိမြို့နယ်တရားရုံးက သူ့ကို ပုဒ်မ၅၀၅-က နဲ့ မတ်လ ၂၃ ရက်နေ့က ချမှတ်ထားတဲ့ ထောင်ဒဏ် ၂နှစ်ကိုတော့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဆက်လက်ကျခံရမှာဖြစ်ပါတယ်။

    ဒေါက်တာ အမ်ကောန်လဟာ မြစ်ကြီးနားမှာ စွဲထားတဲ့အမှုကို ရင်ဆိုင်ဖို့ မေလ ၉ ရက်မှာ နေပြည်တေ်ကနေ မြစ်ကြီးနားမြို့ကို လွှဲပြောင်းခံခဲ့ရတာဖြစ်ပါတယ်။

    သူဟာ ပုဒ်မ ၅၀၅-က နဲ့ အမှုတစ်ခုတည်းကို နေပြည်တော်မှာရော၊ မြစ်ကြီးနားမှာပါ ၂ နေရာ အမှုရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံရေးအရ သူ့ရဲ့ထောက်ပြပြောဆိုချက်တွေကြောင့် နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုနှစ် မတ်လမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ဒေါက်တာအမ်ကောန်လကတော့ နိုင်ငံရေးအရ ပြောသင့်ပြောထိုက်တာကို ထုတ်ဖ်ောပြောဆိုခဲ့တာဆိုပြီး အမှုတွေရင်ဆိုင်ရချိန်တုန်းက တုန့်ပြန်ထားတယ်လို့ ပါတီဘက်က ဘီဘီစီကို ပြောထားပါတယ်။

  18. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကို ပြောင်းရွှေ့လိုက်ပြီး သီးခြားထားရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကို ပြောင်းရွှေ့လိုက်ပြီး သီးခြားထားရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အကျဥ်းထောင်ကိုရွှေ့ပြောင်းလိုက်တာ မှန်ကန်တယ်ဆိုပြီး စစ်ကောင်စီက ဗိုက်ဘာဂရုကနေ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက်မှာ သက်ဆိုင်ရာတရားရုံးများက တရားစီရင်ပြီးဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေများအရ ထောင်သို့ပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့သတင်းမှာမှန်ကန်ကြောင်းနဲ့ ထောင်မှာ သီးခြားထားရှိတယ်လို့ ပါရှိပါတယ်။

    နောက်ဆက်တွဲအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကို ရွှေ့ပြောင်းလိုက်တဲ့အထဲ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူ တွေထဲ ဘယ်သူတွေအတူ လိုက်ပါခွင့်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်မွေးမြူထားတဲ့ ထိုက်ချီဒိုရော အတူလိုက်ခွင့်ရှိမရှိ စတာတွေတော့အသေးစိတ်သိရဖို့ ဘီဘီစီက ထပ်မံစုံစမ်းနေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုအပတ်စဥ် ရုံးထုတ်စစ်ဆေးနေတဲ့အမှုတွေကိုလည်း နေပြည်တော်စည်ပင်၀င်းထဲက ခြံနံပါတ် ၁ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကို ရွှေ့ပြောင်းစစ်ဆေးခဲ့ပါတယ်။

    ဒီနေ့မှာနိုင်ငံတော်လျှို့၀ှက်အက်နဲ့ စွဲချက်တင်ခံထားရတဲ့ အမှုကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းထံက သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင် န၀တ နအဖအစိုးရလက်ထက်တွေတုန်းတည်းက နေအိမ်အကျယ်ချုပ်ကိုကာလရှည်ကြာ ကျခံခဲ့ရတာရှိပြီး အခုလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက် ဥပဒေအရဆိုပြီး ထောင်ကိုပြောင်းရွှေ့နေထိုင်စေတာမျိုးမရှိခဲ့ဖူးပါဘူး။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ ထောင် ၁၁ နှစ်ချမှတ်ထားပြီး စွဲချက်တင်ခံထားရတဲ့ အမှုက အနည်းဆုံး ၅ မှုရှိကာ ဆက်လက်တရားရင်ဆိုင်နေရဆဲအမှုက ၁၀ မှုထက်မနည်းကျန်ရှိနေပါတယ်။

  19. မောင်တောမှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း နှစ်ဦး ပြန်လွတ်လာ, ပြန်လွတ်လာသူ၂ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စစ်ဆေးမေးမြန်းနေတယ်လို့ဆို

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ဦးဟာ ဒီနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ သူတို့ပြန်လည်လွတ်မြောက်ရေးမှာ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

    သင်္ဘောလှကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နတ်မြစ်ကမ်းမှာရှိတဲ့ ရခိုင်ရွာခြံချောင်းကို ဒီနေ့မနက်မှာ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာလို့ဆိုပါတယ်။

    ဒါပေမဲ့ အခုတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်လို့ သိရပါတယ်။ '

    'ဒီနေ့မနက်မှာ သူတို့ ကျန်းကျန်းမာမာပြန်လွတ်လာတယ်။ ဒါပေမဲ့ သူတို့ကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက လာခေါ်သွားတယ်တဲ့။ ပြီးတဲ့အခါ နှစ်နိုင်ငံချစ်ကြည်ရေးသဘောမျိုးနဲ့ မြန်မာပြည်ကို ပြန်လွှဲမယ်လို့ နားလည်ရတယ်'' ဆိုပြီး ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေချိန်ကတည်းက ရှာဖွေကယ်ဆယ်ရေးအပိုင်းမှာ လိုက်ပါကူညီနေတဲ့ နံ့သာတောင် ဆရာတော်က မိန့်ပါတယ်။

    သူတို့ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာကနေ မြို့နယ်ပညာရေးမှူးရုံးကို လာကြချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ သူတို့ကို ဖမ်းဆီးထားတဲ့အဖွဲ့က ပြန်ရွေးဖို့ ဘင်္ဂလား‌ဒေ့ရှ် တာကာငွေ သိန်းငါးဆယ်တောင်းခဲ့ပြီး အဲဒီငွေကို ပညာရေးဝန်ထမ်းတွေက ကူညီပေးခဲ့အပြီးမှာ အခုလိုပြန်လွတ်လာတာလို့ ဆရာတော်က ရှင်းပြပါတယ်။

    အခုအချိန်အထိတော့ ဘယ်အဖွဲ့က သူတို့ကို ပြန်ပေးဆွဲ ငွေတောင်းခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးသလို ကာယကံရှင်တွေနဲ့တွေ့ဆုံမှ အကြေအလည်မေးမြန်းသိရှိနိုင်မယ်ဆိုပြီးတော့လည်း ဆရာတော်က ပြောထားပါတယ်။

  20. အာဆီယံကာကွယ်ရေးဝန်ကြီးတွေ မြန်မာ့အရေးအတွက် ဘာတွေဆွေးနွေးခဲ့လဲ

    အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေးကို လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ မနေ့ ဇွန်လ ၂၂ ရက်တုန်းက ကျင်းပခဲ့ပါတယ်။

    အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တာတွေ့ရပါတယ်။

    မြန်မာပြည်တွင်း အခြေအနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပုံမှန်အတိုင်းပြန်ရောက်ဖို့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ဆောင်ချက်တွေကို အားပေးကူညီသွားဖို့ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

    ဆိုက်ဘာလုံခြုံရေး၊ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေကိစ္စနဲ့ နယ်စပ်ဖြတ်ကျော်ကပ်ရောဂါ တားမြစ်ရေးကိစ္စတွေကိုလည်း ဝန်ကြီးတွေက ဆွေးနွေးခဲ့တာတွေ့ရပါတယ်။

    အဲဒီအစည်းအဝေးပွဲကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးလည်း တက်ရောက်ခဲ့ပါတယ်။

    စစ်တပ်က လူထုအပေါ် ပြုမူနေတဲ့ ရက်စက်မှုတွေမှာ ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ အခန်းကဏ္ဍကို ထောက်ပြပြီး သူ့ကို အစည်းအဝေးမဖိတ်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီး တွေကို အရပ်ဘက်အဖွဲ့အစည်း ရာချီက တောင်းဆိုခဲ့ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးကို ဒီအစည်းအဝေး တက်ရောက်ခွင့်ပေးခဲ့တာကြောင့် ပြည်တွင်းမှာရော ပြည်ပမှာပါ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

    အစည်းအဝေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး Tea Banh ကတော့ ဆွေးနွေးပွဲမှာ စစ်ကောင်စီကို မြန်မာနိုင်ငံကိုယ်စားပြုပြီးတက်ရောက်ခွင့်ပေးတာကို ရည်ညွှန်းပြီး ''အဖြေတွေရှာဖွေဖို့ ပါဝင်မှုတစ်ရပ်ဖြစ်တယ်၊ ဟိုဟိုဒီဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အားလုံးကို ပြန်ပြီး မတုန့်ပြန်နိုင်ပါဘူး'' လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။