ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော

မြန်မာ-ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ချိန် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်ဆိုပြီး အေအေဘက်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဥကရိထ စခန်းသိမ်းတိုက်ပွဲ - စစ်ကောင်စီတပ်က အင်အားသုံးလာနေတယ်လို့ဆို

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေ ဒေသက စစ်ကောင်စီတပ်ရဲ့ ဥကရိထ စခန်းကို သိမ်းဖို့ ကြိုးစားနေတဲ့ KNLA/KNDO ပူးပေါင်း စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ ဇွန်လ ၂၉ ရက်အထိ တိုက်ပွဲ ဆက်ဖြစ်နေတုန်းလို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

    အဲဒီစစ်စခန်းကို KNLA/KNDO ပူးပေါင်း စစ်ကြောင်းက သိမ်းဖို့ ကြိုးစားနေတာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကတည်းက ဖြစ်တာကြောင့် ဒီနေ့ပါ အပါအဝင်ဆိုရင် တိုက်ပွဲဖြစ်တာ ၄ ရက်ထဲ ဝင်လာပြီဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ ‌ဝေါလေဗျူဟာကုန်းဘက်ကို အင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ထားတယ်ဆိုပြီး မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

    စစ်စခန်းနေရာအချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့ ဝေါလေ ဗျူဟာစစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်မှုတွေ၊ တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အတူ နယ်မြေ ရှင်းလင်းရေး တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

    ‘’မနေ့က ညနေပိုင်းမှာ သူတို့ လက်နက်ကြီး ကတုတ်ကို ဖြိုတိုက်နိုင်ပြီးတော့ စခန်းထဲ ၀င်နိုင် နေပါပြီ။ ဒါပေမဲ့ စစ်ကောင်စီက ဝေါလေ ဗျူဟာကုန်းဘက်ကို လက်နက်ကြီးတွေ၊ ခဲယမ်းတွေ မနေ့ညနေက ရဟတ်ယာဉ်နဲ့ လာချပေးထားတော့ အဲဒီကနေ တစ်ညလုံး နက်နက်ကြီးတဲ့ တောက်လျှောက်ပစ်နေတယ်။ လေယာဉ်ကလည်း ၂စီး တောက်လျှောက်လာပြန်ပစ်နေတာ ၁၀ ကြိမ်ထက်မနည်းဘူး။ ကင်ထောက်တစ်စင်းကလည်း ဝဲပျံနေတယ်။ မြေပြင် စစ်စခန်းထဲက စစ်ကောင်စီရဲ့ စစ်ကတုတ်တွေထဲမှာ ပိတ်မိပြီး ခံပစ်နေတဲ့စစ်သားတွေရှိနေသေးတာကို ဒီမနက်ပိုင်းမှာ ဆက်ရှင်းနေတုန်းပါပဲ။ တချို့ ဘန်ကာ တွေ ကိုတော့ ကရင်အဖွဲ့ တွေ မီးရှို့ ဖျက်နေပြီ’’လို့ KNLA/KNDO ပူးပေါင်းစစ်ကြောင်းနဲ့နီးစပ်တဲ့ စစ်ရေး သတင်းအရင်းအမြစ်ကပြောပါတယ်။

    အဲဒီစခန်းသိမ်းပွဲအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး -ကေအန်ယူတပ်မဟာ ၆ နယ်မြေ လက်အောက်ခံ KNLA /KNDO ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

    အဲဒီ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်ကျ အကျအဆုံးများသလို KNLA/KNDO ပူးပေါင်းအဖွဲ့ တွေဘက်က ၈ ဦး ကျဆုံးပြီး ၂၅ ဦး ခန့် လက်နက်ကြီးအစမှန်တဲ့ဒဏ်ရာတွေ ရထားတဲ့အတွက် ဆေးကုသမှု့ ခံယူ နေကြရတယ်လို့ သိရပါတယ်။

  2. တရားရုံး ၄ ခုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးလုပ်ခဲ့

  3. တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံ လာမယ်

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ အခုလာမယ့် သီတင်းပတ်ကုန်ရက်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက် တရုတ်ဘက်က အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် လာရောက်မှု ဖြစ်ပါတယ်။

    လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ‌ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း AFP သတင်းက ဆိုပါတယ်။

    ဒါပေမဲ့ မစ္စတာ ဝမ်ယီနဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ မတွေ့သူ မသေချာတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုပါတယ်။

    ဇူလိုင်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိ ကျင်းပမယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို မဲခေါင်ဖြစ်ဖျားနိုင်ငံတွေ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ကြမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

    အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ဖြိုခွင်းမှုတွေကြောင့် အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အတွက် စစ်ကောင်စီက တရုတ်နဲ့ ရုရှားအပါအဝင် သူ့ရဲ့ မဟာမိတ်တွေနဲ့ ပိုမို ဆက်ဆံလာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့နယ်မြေတည်တန့် ခိုင်မြဲရေးတို့အတွက် ကာကွယ်စောင့်ရှောက် ပေးမယ်လို့ တရုတ်အစိုးရက ပြောခဲ့ပါတယ်။

    မြန်မာ စစ်ကောင်စီဟာ နိုင်ငံတကာ စင်မြင့်မှာ အထီးကျန်ဖြစ်နေပြီး ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန် တစ်ဦးတည်းသာ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံကို လာရောက်တဲ့ ပြည်ပ ခေါင်းဆောင်ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှု တစုံတရာ မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြုလုပ်တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

    အဲဒီလထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်က တရုတ်နဲ့ ရုရှားဟာ မြန်မာနိုင်ငံကိုတိုက်လေယာဉ်တွေနဲ့ သံချပ်ကာကားတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးနေတယ်လို့ ပြောခဲ့ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ဆန့်ကျင်သူတွေကို နှိမ်နင်းမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထား ပါတယ်။

  4. ရှေ့နေတွေကို ပစ်မှတ်ထား ဖမ်းဆီးလာ

  5. အာဆီယံအထူးသံရဲ့ မြန်မာခရီးစဥ် မနက်ဖြန် စတင်မယ်

    မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

    အထူးသံတမန်ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

    ဒါဟာ အထူးသံရဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ခရီးစဥ်လည်း ဖြစ်ပါတယ်။

    အခုခရီးစဥ်ဟာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားရထားတဲ့ ဘုံသဘောတူညီချက် အထမြောက်ရေး ဆောင်ရွက်တဲ့အပိုင်းမှာ တိုးတက်မှုအခြေအနေ၊ နောက် ဖနွမ်ပင်မြို့မှာ ပြီးခဲ့တဲ့မေလဆန်းတုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာတိုင်ပင်ဆွေးနွေးမှု အစည်းအဝေးရလာဒ်တွေကိစ္စကို အဓိကထားမယ်လို့ သိရပါတယ်။

    အာဆီယံက မြန်မာ့အရေး အထူးသံတမန်ခန့်အပ်မှုအပိုင်းမှာ မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ပေမဲ့ အထူးသံဟာ အခုခရီးစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    အာဆီယံအထူးသံကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ထဲ ရွှေ့ပြောင်းခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို ထောက်ရှုပြီး မူလနေရာကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီကို မနေ့ကပဲ တိုက်တွန်းထားပါတယ်။

  6. ၃ လအတွင်း တောင်ကိုရီးယားကို သွားရောက်တဲ့မြန်မာလုပ်သား ၁၅၀၀ နီးပါးရှိလာ

    အခုနှစ် ဒုတိယ ၃ လပတ်အတွင်း တောင်ကိုရီးယားနိုင်ငံကို တရားဝင်သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၁၅၀၀ နီးပါးရှိလာပြီလို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

    ‌တောင်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ကပ် ၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပြည်ပလုပ်သားဝင်ရောက်တာကို ၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပိတ်ထားရာကနေ ပြီးခဲ့တဲ့ဧပြီလဆန်းမှာ ပြန်ဖွင့်ပေးခဲ့ တာပါ။

    ဒီလိုပြည်ဝင်ခွင့် ပြန်ဖွင့်ခဲ့တာကြောင့် အခုနှစ် ဧပြီလ ၄ ရက်ကတည်းကစပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပတ်စဥ်နီးပါး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်နေတာဖြစ်ပါတယ်။

    အခုဝင်ရောက်ကြတဲ့မြန်မာလုပ်သားတွေဟာ စိုက်ပျိုးရေး၊ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြမှာဖြစ်ပါတယ်။

  7. ယုဇနပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၂ ဦးကို မြောက်ဥက္ကလာဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီပြော, ဒီလူငယ်တွေကို ဝိုင်းဖမ်းခဲ့သူတွေကို တုန့်ပြန်မယ်လို့လည်း ပြောက်ကျားအဖွဲ့ဆို

    ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်သစ်(ဆိပ်ကမ်း)မြို့နယ်က ယုဇနဥယျာဥ်မြို့တော်အိမ်ရာမှာ ပေါက်ကွဲမှုဖြစ်ချိန် ဖမ်းမိတဲ့ ဒဏ်ရာရသူ အမျိုးသား ၂ ဦးကို ‌မြောက်ဥက္ကလာဆေးရုံကြီးမှာ ကုသပေး‌ထားတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီအမျိုးသား ၂ ဦးဟာ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်ညမှာ ယုဇနအိမ်ရာဝင်းအတွင်းက တိုက်ခန်းတစ်ခုမှာ လက်လုပ်မိုင်းတပ်ဆင်နေတုန်း ပေါက်ကွဲမှုဖြစ်လို့ ဒဏ်ရာတွေနဲ့ ထွက်ပြေးဖို့ကြိုးစားချိန် ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။

    အဲဒီပေါက်ကွဲမှုမှာ နောက်ထပ် လူငယ်အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။

    ပေါက်ကွဲမှုဖြစ်အပြီး ထွက်ပြေးသူတစ်ဦးကို ရပ်ကွက်ထဲမှာနေထိုင်တဲ့ စစ်ကောင်စီထောက်ခံသူတစ်ချို့က သူခိုးလို့ စွပ်စွဲပြီး ဝိုင်းဖမ်းဖို့ လူထုကို ဆော်သြခဲ့တာကြောင့် ဒီလူငယ်တွေ ဖမ်းမိတာဆိုပြီး ဒေသခံတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

    အခုတော့ အဲဒီလိုစွပ်စွဲအော်ပြောပြီး လူငယ်တွေကို ဝိုင်းဖမ်းပေးခဲ့သူလို့ စွပ်စွဲခံရတဲ့အမျိုးသား ၄ ဦးကို တုန့်ပြန်မယ်ဆိုပြီး မြို့ပြပြောက်ကျားအဖွဲ့ Special Ninja Force ကသတင်းထုတ်ပြန်ထားပါတယ်။

    ပေါက်ကွဲမှုဟာ ယုဇနဥယျာဥ်မြို့တော်၊ အေဘလောက် ၁၀ လမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး လက်လုပ်မိုင်းတွေ ရွှေ့ပြောင်းဖို့လုပ်ချိန် တိုက်ခန်းအတွင်း ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

  8. ရန်ကုန်တိုင်းထဲက တရားရုံးအချို့ကို သတိပေးဖောက်ခွဲ ခဲ့တယ်လို့ YDPB အဖွဲ့ပြော

    ရန်ကုန်တိုင်းထဲက မရမ်းကုန်းမြို့နယ်တရားရုံး၊ အရှေ့ဒဂုံမြို့နယ်တရားသူကြီးရုံး၊ တောင်ဥက္ကလာပမြို့နယ်တရားရုံးနဲ့ သာကေတမြို့နယ်ထဲက အရှေ့ပိုင်းခရိုင်တရားရုံးတွေကို ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းတပ်မဟာ(YDPB) အဖွဲ့က ဒီနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်းဆီးတာ၊ နောက် အကျဥ်းထောင်ကို ပို့ဆောင်မိန့်ချတာ၊ တော်လှန်ရေးရဲဘေ်တွေကို မတရားအမှုဆင်ဖမ်းတာတွေနဲ့ ယိုင်နဲ့နေတဲ့တရားရေးမဏ္ဍိုင်တွေကို သတိပေးတဲ့အနေနဲ့အခုလို ဖောက်ခွဲခဲ့တာလို့ဆိုပါတယ်။

    ပျက်စီးဆုံးရှုံးမှုနဲ့ အချိန်အတိအကျကို လုံခြုံရေးအရ မဖော်ပြတာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ ရပ်တည်ကြတဲ့ ဌာနတွေကို စစ်ကောင်စီဘက် မရပ်တည်ဖို့ တော်လှန်ရေအင်အားစုတွေဘက်ကသတိပေးတာတွေရှိခဲ့ပါတယ်။

    စစ်ကောင်စီလက်အောက် တရားရေးဌာနဘက်ကို ဦးတည်ပြီး သတိပေးတဲ့ ဖောက်ခွဲမှုတွေကတော့ အခုနောက်ပိုင်းမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

  9. ခြံအမှတ် ၅၄ အမွေဆိုင်အမှု ၃ လအတွင်း အမိန့်ချနိုင်ခြေရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားနေတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ နေအိမ် အမွေဆိုင်အမှုကို လာမယ့် ၃ လအတွင်း အပြီးသတ် အမိန့်ချနိုင်ခြေရှိတယ်လို့ သိရပါတယ်။

    အဲဒီအမှုနဲ့ပတ်သက်ပြီး မနေ့ ဇွန်လ ၂၇ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာစစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ဦးအောင်ဆန်းဦးရဲ့‌ရှေ့နေပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းဖော်ပြလာတာပါ။

    အဲဒီအိမ်ပိုင်ဆိုင်မှု ခွဲဝေမယ့်ကိစ္စကို အဆုံးအဖြတ်ပေးဖို့ ဦးဆောင်ဆန်းဦးရဲ့အထူးအယူခံကို တရားရုံးချုပ်က ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လက်ခံခဲ့တာကြောင့် အခုလိုအမှုကြားနာမှုတွေပေါ်ပေါက်လာတာပါ။

    မနေ့ကကြားနာမှုမှာတော့ နှစ်ဘက်ရှေ့နေတွေက နောက်ဆုံးလျှောက်လဲချက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

    အင်းယားကန်ဘောင်ပေါ်က ၂ ဧကကျယ်တဲ့ အဲဒီခြံနဲ့ ခြံဝင်းထဲက နှစ်ထပ်အိမ်ကို အမွေခွဲဝေပေးဖို့ ဦးအောင်ဆန်းဦးက ၂၀၀၀ ပြည့်နှစ်တွေကတည်းက တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

    အဲဒီအိမ်နဲ့ခြံကို မောင်နှမနှစ်ဦးကြား ခွဲဝေဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ ၂၀၁၆ ခုနှစ်မှာဆုံးဖြတ်ပေးခဲ့ပေမဲ့ ဦးဆောင်ဆန်းဦးဘက်က မကျေနပ်တဲ့အတွက် ဆက်အယူခံဝင်နေတာဖြစ်ပါတယ်။

    ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေအိမ်မှာ ဆက်နေခဲ့သလို ၁၅ နှစ်နီးပါးကြာတဲ့ နေအိမ်အကျယ်ချုပ်ကိုလည်း အဲဒီအိမ်ထဲမှာပဲ ကုန်ဆုံးဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

    လက်ရှိအငြင်းပွားနေတဲ့ကိစ္စဟာ ရှေ့နေအပြောအရဆိုရင် ကာလတန်ဖိုး ဒေါ်လာ သန်း ၉၀ နီးပါးတန်တဲ့ အဲဒီခြံနဲ့ အိမ်ကို ဘယ်လို ခွဲဝေမယ်ဆိုတဲ့ကိစ္စဖြစ်တယ်လို့ ရှေ့နေက ပြောထားတယ်လို့လည်း အေပီသတင်းမှာဖော်ပြထားပါတယ်။

  10. ဝက်လက်၊ ထန်းကြီးရွာအနီး ရှေးဟောင်းပစ္စည်းတွေတွေ့တယ်ဆိုပြီး ‌တူးဖော်နေ

    ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရင်းတောရွာနဲ့ ထန်းကြီးရွာကြားက မြေတစ်ဧက အကျယ်အဝန်းပေါ်မှာ ရှေး‌ဟောင်းပုတီးစေ့၊ ပယင်းစတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါကြောင့် လူရာနဲ့ချီဟာ နေ့စဉ်လာရောက်တူးယူနေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

    "အစပိုင်းက အနီးအနားရွာပဲ အခုကတော့ရွာအစုံဆိုတော့ မျက်နှာစိမ်းတွေတောင်ပါကြတယ်။ ရှာလည်းတွေ့ကြတယ်။ အိုးတွေနဲ့ကိုတွေ့တယ်ပြောတယ်။ တွေ့တဲ့သူက ပွဲစားနဲ့ ချိတ်ပြီး တန်းရောင်းစားတာပါပဲ။ သိန်းရာချီရကြတယ်လည်းကြားတယ်။ ဟန်လင်းနဲ့လည်းနီးတော့ဗျာ၊ ရှေးဟောင်းအမွေအနှစ်သာဆို ထိန်းသိမ်းဖို့လိုတယ်လေ" လို့ ဝက်လက်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုတူးဖော်နေကြတယ်ဆိုတဲ့ ဒေသဟာလည်း ဟန်လင်းရှေးဟောင်းနယ်မြေနဲ့ နီးစပ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတချို့ ကမျှော်လင့်ကြတယ်လို့ ဆိုပါတယ်။

    ဝက်လက်မြို့နယ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းမှုတွေမလုပ်တော့တာကြောင့် ခိုးယူတူးဖော်မှုတွေရှိနေပြီး ဒီလိုမလုပ်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အခုနှစ် အစောပိုင်းမတ်လအတွင်းမှာ သတိပေးစာထုတ်ပြန်ခဲ့ဖူးပါတယ်။

  11. မိခင်ကိုဖမ်းထားပြီး ခံဝန်ကတိနဲ့ အလင်းဝင်ဖို့ ကျောင်းသားသမဂ္ဂ ဦးဆောင်သူတွေကို ရဲကဖိအားပေး

    ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ ဦးဆောင်သူတစ်ဦးရဲ့ မိခင်ကိုဖမ်းဆီးကာ ဝက်လက် မြို့နယ်ထဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက်မှုတွေကိုဦးဆောင်နေတဲ့ ဖမ်းခံရသူရဲ့သမီး အပါအဝင် သမဂ္ဂ ခေါင်းဆောင် ၅ဦးကို ခံဝန်ကတိထိုးကာ အလင်းဝင်ကြဖို့ မြို့မရဲ စခန်းမှူးကိုယ်တိုင်က ဖုန်းဆက်ပြောဆို တာတွေလုပ်နေတယ်လို့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်သူကဘီဘီစီကို ပြောပါတယ်။

    ဝက်လက်မြို့နယ် အခြေခံပညာ်ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင် မသွန်းနံ့သာရဲ့ မိခင်ကို ဇွန်လ ၂၄ရက်နေ့မှာ သူနေထိုင်နေတဲ့ အမှတ် ၃ရပ်ကွက် နေအိမ်ကနေ မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ လို့ သိရပါတယ်။

    အဲဒီမတိုင်ခင် မေလတုန်းကလည်း မသွန်းနံ့သာအိမ်ကို သွားရောက်ပြီး သူ့ကိုရှာဖွေဖမ်းဆီးခဲ့ပေမယ့် မတွေ့ရှိ ခဲ့လို့ အခုလို အမေဖြစ်သူကိုဖမ်းဆီးခဲ့တာပါ။ ဝင်ဖမ်းဆီးချိန်ညပိုင်းမှာတော့ မသွန်းနံ့သာရဲ့ မိခင်တဦးသာနေ အိမ်မှာရှိနေတယ်လို့ သိရပါတယ်။

    ကျန်တဲ့ အစ်ကိုနဲ့ အခြားဆွေမျိုးသားချင်းတွေက အခုမတိုင်ခင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

    ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်ထွေးထွေးသိန်းထံက ရရှိတဲ့ ဖုန်းနံပတ်တွေကတဆင့် မသွန်းနံ့သာရဲ့ လုပ်ဖော်ကိုင်ဘက် တွေဖြစ်တဲ့ သမဂ္ဂ ဥက္ကဠ၊ ဒုဥက္ကဌ နဲ့ အလုပ်အမှုဆောင်အပါအဝင် ၅ ဦးတို့ကို ဝက်လက်မြို့မရဲစခန်းမှူးက ဖုန်းဆက်ကာ ခံဝန်ဂတိထိုးပြီး အလင်းဝင်ဖို့ ဒီရက်ပိုင်းအတွင်းမှာဘဲ ပြောဆိုခြိမ်းခြောက်လာတယ်လို့ သမဂ္ဂ ဥက္ကဌ ဖြစ်သူကဘီဘီစီကို ပြောပါတယ်။

    “ကျွန်တော်တို့ကိုဖုန်းဆက်တဲ့အချိန်မှာ မသွန်းနံ့သာအမေကို နှိပ်စက်ပြတာ အသံတွေပါကြားရပါတယ်။ အလင်းဝင်ဖို့လာမလုပ်ရင် နောက်ဆုံးမှာ ခြိမ်းခြောက်တဲ့ပုံစံအထိ၊ သတ်ဖြစ်မယ်ဆိုပြီးဖုန်းဆက်တာ” လို့ ဝက်လက်မြို့မ ရဲစခန်းမှူးက ဖုန်းဆက်ပြောပြလာတာကို သမဂ္ဂ ဥက္ကဌ ဖြစ်သူကဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက ဝက်လက်မြို့နယ်အတွင်း ပြုလုပ်နေတဲ့ စစ်အာဏာသိမ်းမှု ဆန္ဒပြ၊ သပိတ်မှောက်မှုတွေကို ဦးဆောင်သူတွေအဖြစ် မသွန်းနံ့သာအပါအဝင် အဆိုပါ ၅ဦးကိုဖမ်းဆီးရမိ လိုနေတာလို့ ကျောင်းသားသမဂ္ဂအဖွဲ့ဘက်က ပြောပြပါတယ်။

  12. ဒေါ်အောင်ဆန်းစုကြည် အချုပ်ထောင်ပြောင်းခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာထုတ်

    ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွေ့လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ မြန်မာ့သမိုင်းမှာသာမက နိုင်ငံတကာမျက်နှာစာမှာ ပါအမည်းစက်စွန်း ထင်စေမည့် ဖြစ်ရပ်တခုကိုထပ်မံကျူးလွန်လိုက်တာဖြစ်ပြီး၊ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ် တစုံတရာ

    သက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    နေပြည်တော်အချုပ်ထောင်ထဲမှာ သောက်သုံးရေသန့်ရှင်းမှု မရှိခြင်း၊ မှက်၊ ခြင်၊ ယင်ပေါများခြင်း၊ မိလ္လာကိစ္စအခက်တွေ့နိုင်ခြင်း၊ လေကောင်း‌‌လေသန့်မရရှိခြင်း၊ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးရန်လိုအပ်ခြင်း၊ အစားအသောက်ထားသိုရန်မရှိခြင်း၊ လတ်ဆတ်သန့်ရှင်းသော အစားအသောက် ကျွေးမွေးမှုမရရှိခြင်း စသည်တို့ခံစားရမည့်အပြင် သီးသန့်နေရာတခုတွင် ထားရှိသဖြင့် အရေးပေါ် ကျန်းမာရေးကိစ္စများပေါ်ပေါက်ပါက အချိန်မီကုသရန်ခက်ခဲခြင်းတို့ ရှိနိုင်ခြင်းကြောင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ်တစုံတရာ သက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားသည်ဟု သုံးသပ်တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက် ရေးအတွက် အကူအညီပေးကြဖို့လည်းကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုတိုက်တွန်းထားပါသေးတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ် နဲ့ ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော် အကျဥ်းထောင်ထဲမှာ မထားဘဲ အရင်ထိန်းသိမ်းထားတဲ့နေအိမ်မှာပြန်ထားဖို့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကလည်း ဒီကနေ့ ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေအိမ်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြီးခဲ့တဲ့တစ်ပတ်က ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

  13. ရခိုင်မှာ စစ်တပ်နဲ့ အေအေ လူ ၆၀ လောက် အပြန်အလှန် ဖမ်းထား

  14. ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေပြော

    ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြတယ်လို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။

    တိုက်ပွဲဖြစ်ပွားတဲ့အသံတွေကို ပလက်ဝမြို့ရဲ့မြောက်ဘက် တစ်မိုင်ခန့်အကွာ အဘောင်သား အောက်ရွာအနီးဝန်းကျင်က ကြားရပြီး မနက်ပိုင်း ၉ နာရီလောက်က စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုဟာ အချိန်တိုအတွင်းဖြစ်ပွားခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံ တွေကတော့ နာရီဝက်ခန့်အကြာအထိ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

    '' အဘောင်သားအောက်ရွာအနားက ကုန်းတန်းမှာရက္ခိုင့်တပ်တော် အေအေနဲ့တိုက်ပွဲဖြစ်တယ်လို့ ခန့်မှန်းရတာပေါ့နော်။ လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေပါ ကြားလိုက်ရတယ်'' လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

    အဲ့ဒီကျေးရွာတွေဟာရုပ်ချောင်းထဲက ကျေးရွာတွေဖြစ်ပြီး အဘောင်သား ကျေးရွာအနီးမှာလည်း လွန်ခဲ့တဲ့ မေလ ၂၆ ရက်က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။ ဒီကနေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ကျေးရွာကိုတော့ စစ်ကောင်စီတပ်က အဝင်အထွက်တွေ ပိတ်ထားပြီး စစ်ကြောင်းလှုပ်ရှားမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းရဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးလှမ်းပစ်တာတွေရှိနေပြီး ဒေသခံတွေထိခိုက်မှုရှိမရှိဆိုတာတော့ မသိရသေးဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

    လတ်တလောမှာတော့ ပလက်ဝမြို့ပေါ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီး နောက်ဆက်တွဲဘယ်လိုဖြစ်ပွားလာမယ်ဆိုတာ မသိရသေးကြောင်းနဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာလည်း အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားတချို့နဲ့ ပလက်ဝမြို့ပေါ်က ဒေသခံတချို့လည်း ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။

  15. မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့အရပ်သား ၄၀ နီးပါးရှိပြီလို့ အေအေပြော

    ရခိုင်ပြည်နယ်ထဲက မြို့တော် စစ်တွေအပါအဝင် ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖမ်းဆီးတာခံရတဲ့ အရပ်သား ၄၀ နီးပါးအထိ ရှိလာပြီလို့ ရက္ခိုင့်တပ်တော်(အေအေ)က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီလူပုဂ္ဂိုလ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။

    ဒီမြို့နယ် ၃ ခုမှာ ဖမ်းဆီးခံရသူတွေထဲက ၃ ဦးသာ ပြန်လွတ်လာသေးပြီး ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်နေဆဲလို့ အေအေက ဒီနေ့ ဇွန်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    အပစ်ခတ်ရပ်စဲထားတဲ့ကာလအတွင်း ရခိုင်ပြည်နယ်က အေအေစိုးမိုးတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေကနေ အေအေရဲ့အမာခံတွေနဲ့ အကူအညီပေးနေသူတွေကို လိုက်လံဖမ်းဆီးတာတွေ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားတွေကို အနှောင့်အယှက်ပြုတာတွေကို ပြုလုပ်လာနေတယ်လို့ အေအေဘက်က ပြောကြားထားပါတယ်။

    အခု ဇွန်လအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ ရမ်းဗြဲနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အေအေဘက်က လိုက်လံဖမ်းဆီးမှုတွေလည်းရှိနေပြီး စစ်တပ်ဘက်ကလည်း မြို့ပြနေရာတွေမှာ စစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့အတွက် အရပ်သားအများအပြား ဖမ်းဆီးခံနေကြရတာလည်းဖြစ်ပါတယ်။

  16. ပြင်ဦးလွင်မြို့က ဆင်းလာတဲ့စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

    မန္တလေးတိုင်းထဲ ပြင်ဦးလွင်မြို့ကနေ မန္တလေးမြို့ဘက်ကို ဆင်းလာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ‌ဒေသန္တရပြောက်ကျားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

    ပြင်ဦးလွင် -မန္တလေးလမ်းပေါ်မှာ ဒီနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကားတွေထဲက ၃ စီး ပျက်စီးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတယ်လို့လည်း မန္တလေးရိန်းဂျားအဖွဲ့က သတင်းထုတ်ပါတယ်။

    အဲဒီစစ်ကားတွေကို တိုက်ခိုက်ချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ စစ်ကောင်စီတပ်တွေသုံးတဲ့ ဒပ်ဘယ်ကပ်ကားတစ်စင်း လမ်းမတစ်ခုပေါ် ဖြတ်သန်းမောင်းနှင်ချိန် ကားနောက်ပိုင်းအနီးနားမှာ မီးခိုးလုံးတွေတက်လာတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာကို မြင်တွေ့ရပါတယ်။

    အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    တိုက်ခိုက်ခံရအပြီးမှာတော့ စစ်ကောင်စီတပ်ဟာ ပေါက်ကွဲမှုဖြစ်တဲ့ လမ်ဘေးက အရပ်သာတွေကို စစ်ဆေးတာတွေ လုပ်နေခဲ့တယ်လို့သိရပါတယ်။

  17. ဥုကရိထစခန်းသိမ်းတိုက်ပွဲ - တိုက်ပွဲပြင်းထန်ချိန် ပစ်ခတ်မှုဧရိယာအတွင်း အရပ်သားတွေ ပိတ်မိနေ, ထိုင်းဘက်ကိုပြေးကြရသူတွေလည်းရှိနေ

    ကရင်ပြည်နယ် ၊ ဝေါလေ -ဥုကရိထ တိုက်ပွဲ ဆက်လက် ပြင်းထန်နေလို့ ဥုကရိထ ကျေးရွာ နဲ့အနီးအပါး ကျေးရွာတွေက ဒေသခံစစ်ရှောင်မိသားစုတွေ နှစ်ဖက်ပစ်ခတ်မှုတွေကြားပိတ်မိနေပါတယ်။

    အချို့ကလည်း ထိုင်းနိုင်ငံဘက်ကို ပြေးတိမ်းရှောင်ရပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့် ခိုလှုံနေကြရတယ်လို့ ဥုကရိထ ကျေးရွာသားအချို့ကပြောပါတယ်။

    ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ထိုင်းဘက်ကိုပြေးဖို့ကြိုးစားနေတဲ့ ကလေးငယ်တွေအပါအဝင်ဒေသခံတွေဟာ ပစ်ခတ်မှုတွေကြောင့် ထိတ်လန့်စိုးရိမ်ပြီးကစဥ့်ကလျားထွက်ပြေးကြရတာနဲ့ ပုန်းခိုပြေးဝပ်ကြရတဲ့အခြေအနေတွေဖြစ်နေတာကိုတွေ့ရပါတယ်။

    '' စစ်တပ်က လက်နက်ကြီးတနေကုန်ပစ်နေတာ၊ ရွှေအေးမြိုင်ရွာ ကနေ ဝေါလေ ၊ထိုင်းနယ်စပ် မော်ကိုထိုင်း နေရာတွေရော၊ ထိုင်းတောင်ယာကုန်းဘက်တွေ ရော‌ရှောင်ကြတယ်။ နေရာအများစုက စစ်ကူ လမ်းကြောင်း ဖြစ်နေတော့ အိမ်တွေ ကနေ ထွက် မရ ၊သွားမရ ပိတ်မိနေတဲ့ ရွာသား တွေ ၃၀၀လောက် ရှိ နေတယ်။ မိုးကလည်း ရွာ နေတယ်၊ကတုတ်ကျင်းရှိတဲ့အိမ်တွေကတော့ ကတုတ်ကျင်းထဲနေနေကြတယ်'' လို့ စစ်ဘေးရှောင်ဥုကရိထဒေသခံကပြောပါတယ်။

    ထိုင်းနိုင်ငံဘက်အခြမ်း ထိုင်းမှာလည်း ထိုင်းနယ်ခြားစောင့်စစ်တပ်က စစ်ရေးအသင့်အနေအထားနဲ့ ဒေသနယ်စပ်တစ်လျှောက် ပိတ်ဆို့ တပ်ဖြန့်စောင့်ကြည့်နေတယ်လို့သိရပါတယ်။

    မြန်မာဘက်အခြမ်း စစ်ဘေးရှောင်တွေဟာ နယ်စပ် သောက်ရင်းမြစ် ဖြတ်သန်းပြီးထိုင်း တောင်ယာခြံတွေဘက်ကို ခိုလှုံ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

    KNLA/KNDO ပူးပေါင်းတပ်တွေက ဥုကရိထ စစ်ကောင်စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နေတဲ့တိုက်ပွဲမှာ ဒီကနေ့ ဇွန်၂၇ ရက်အထိ ဆက်လက်ဖြစ်ပွား နှစ်ဖက်အထိအခိုက် အကျအဆုံးရှိနေတယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့လေယာဥ်နဲ့ပစ်ခတ်တာတွေလုပ်တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

    ကရင်ပြည်နယ်ထဲက ‌ဝေါလေဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဥုကရစ်ထ စခန်းကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ KNLA/KNDO ပူးပေါင်းအဖွဲ့တွေက မနေ့ ဇွန်လ ၂၆ ရက် မှာ သိမ်းပိုက်ခဲ့ပြီး နောက်အခုလိုတိုက်ပွဲပြင်းထန်နေတာပါ။

  18. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်ထားဖို့ စစ်ကောင်စီကို အာဆီယံအထူးသံ တိုက်တွန်း

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ် နဲ့ ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော်အကျဥ်းထောင်ထဲမှာ မထားဘဲ အရင်ထိန်းသိမ်းထားတဲ့နေအိမ်ကို ပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒီနေ့ ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းထားတဲ့နေအိမ်ကနေ နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းလဲနေထိုင်နေရတဲ့ကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကလည်း အလားတူ စိုးရိမ်ကြောင်းပြောနေကြတယ်လို့ မစ္စတာ ပရက်ဆော့ခွန်းက ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို အရင်နေအိမ်မှာ ပြန်ထားဖို့တောင်းဆိုတာဟာ အသက်အရွယ်နဲ့ ကျန်းမာရေးကို ထည့်တွက်တာအပြင် တရားဥပဒေအရ မျှတတဲ့ရင်ဆိုင်ခွင့်နဲ့လည်း သက်ဆိုင်ကြောင်းပြနေတယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေတစ်ခုကနေ မြန်မာ့အမျိုးသားရင်ကြားစေ့ရေးနဲ့ ပုံမှန်အခြေအနေအတိုင်းပြန်ရောက်ရေးမှာ အရေးပါတဲ့လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာလူထုကြားသာမက နိုင်ငံတကာမှာပါ လက်ခံထားသူ ဖြစ်တယ်ဆိုတာကိုလည်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဆီ စာရေးသားပေးပို့ထားတယ်လို့လည်း အထူးသံက ပြောပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေအိမ်ကနေ နေပြည်တော်အချုပ်ထောင်ဆီ ပို့လိုက်ပြီလို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့တစ်ပတ်ကတည်းက အတည်ပြုထားပါတယ်။

  19. မြစ်ကြီးနားမြို့ မှာ အမျိုးသားတစ်ဦးသေနတ်ပစ်ခံရလို့သေဆုံး

    ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ ဒီကနေ့ ဇွန်လ ၂၇ ရက် မနက်က အသက် ၅၀ကျော်အရွယ်အမျိုးသားတစ်ဦး စက်သုံးဆီဆိုင်တစ်ဆိုင်အနီးမှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    သေဆုံးသူဟာ ဦးညွန့်ဝေဆိုသူဖြစ်ပြီး သူ့နောက်ကနေသေနတ်နဲ့ ပစ်ခတ်ကာ ထွက်ပြေးသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

    ဦးညွှန့်ဝေဟာ သေနတ်နဲ့ပစ်ခတ်ခံရမှု ကြောင့် ကျည်ထိမှန်ဒဏ်ရာတွေရရှိပြီးအခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    "မြို့နယ်အထောက်အကူပြုအဖွဲ့ကလို့ပြောတယ်။ ရှမ်းရွာလယ်ကုန်းဘက်က ဒလန်ဆိုပြီးပြောကြတာပဲ။ ပင်စင်စားလို့သိရတယ်။ သုံးဘီးမောင်းတယ်။ မြစ်ကြီးနားကတော့မဟုတ်ဘူး။ ကျောက်ဆည်ဘက်ကနေ ဒီကိုပြောင်းလာတယ်ပြောတယ်'' လို့ ‌လယ်ကုန်းဒေသခံတစ်ဦးကပြောပြပါတယ်။

    အခင်းဖြစ်တဲ့နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

  20. ဖမ်းဆီးထားတဲ့ဝန်ထမ်းတစ်ဦးနဲ့ အရပ်သားတစ်ဦးကို အေအေပြန်လွှတ်

    ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ စစ်ကောင်စီအရာထမ်းတစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ကို အပြစ်မရှိတဲ့အတွက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အေအေဘက်က ထုတ်ပြန်လာပါတယ်။

    ပြန်လွတ်လာသူတွေဟာ ရခိုင်ပြည်နယ်၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အရာရှိ ဦးဆန်းလင်းအောင်နဲ့ ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စစ်ရေးနဲ့ပတ်သက်မှုမရှိလို့ ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တာလို့ အေအေဘက်က ပြောပါတယ်။

    သူတို့နှစ်ဦးမှာ အခုလ ၂၄ ရက်နေ့က ရုံးလုပ်ငန်းတွေသွားရောက်လုပ်ကိုင်ခဲ့ပြီး ရသေ့တောင်ကနေ စစ်တွေမြို့ကို ပြန်လာချိန် ကူတောင်ကျေးရွာမှာ အေအေတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    အေအေတပ်ဖွဲ့ဝင်တွေက သူတို့နှစ်ဦးကိုစစ်ဆေးရာမှာ ဦးဆန်းလင်းအောင်ကိုင်ဆောင်တဲ့ မှတ်ပုံတင်မှာ နေရပ်လိပ်စာ(အမတ)အမြောက်တပ်လို့ ပါရှိသလို ရခိုင်ဘာသာစကားကိုလည်း ကောင်းကောင်းမွန်မွန်မပြောတတ်တာကြောင့် မသင်္ကာခံရပြီး စစ်ဆေးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    နှစ်ရက်ခန့်အကြာ စစ်ဆေးခဲ့ပြီနောက် သူတို့နှစ်ဦးဟာ စစ်ဖက်နဲ့သက်ဆိုင်မှုမရှိတာကြောင့် ၂၆ ရက်နေ့ ညနေပိုင်းမှာ ရသေ့တောင်မြို့နယ်၊ ငနပြားဆိပ်ကမ်းကိ ပို့ဆောင်ပေးပြီး ပြန်လည်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။